Sunday, November 25, 2012
စစ်လက်ကျန် ဗုံးများ ရန်ကုန်တွင် ရှိနေဆဲ -
ရန်ကုန် (မဇ္ဈိမ) ။ ။ လူဦးရေ ၆ သန်း ကျော် ရှိနေသည့် ရန်ကုန်မြို့တွင် စစ်လက်ကျန် ဗုံးများ ရှိနေဆဲ
ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များနှင့် အသက် ၆ဝ အထက် ရန်ကုန် ဒေသခံများက ဆိုသည်။
“ဒုတိယ ကမ္ဘာစစ်အပြီး စစ်လက်ကျန် ဗုံးတွေကို ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ရှိနေပါတယ်။ မကြာသေးခင်က စမ်းချောင်းမြို့နယ်အတွင
်းမှာ ကလေးတယောက် မြေကြီးတူးရင်း စစ်ကျန်ဗုံးတလုံး တွေ့တဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်” ဟု ရန်ကုန် တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ကျောင်းဆရာတဦးက ပြောသည်။
အလားတူ ၂ဝ၁၁ ခုနှစ်ကလည်း ကုမ္ပဏီကြီးတခုက ကမ်းနားလမ်းကို တိုးချဲ့ဖေါက်ရင်း ပန်းဆိုးတန်းလမ်း ဝန်းကျင် အရောက်တွင် စစ်လက်ကျန် ဗုံးတလုံး တွေ့ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက စစ်လက်ကျန်ဗုံးများကို ရန်ကုန်မြို့ရှိ ယခင် ကပစ နေရာနှင့် အင်းလျားလိတ် ဝန်းကျင်တွင် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ယခင် ရော်ဘာခြံ - လျှပ်စစ်စက်ရုံနေရာ ဝန်းကျင်တွင် လည်းကောင်း ရှိနေသည်ဟု ဘူမိဗေဒပညာရှင် ဦးစိုးသိန်း က ဆိုသည်။
“၁၉၇၈ ဝန်းကျင်လောက်က လှိုင်မြို့နယ် မီးသတ်စခန်း အနောက်ဘက် စက်မှုဌာနပိုင် တိုက်တွေ ဆောက်ဖို့
မြေကြီးတူးတုန်းက စစ်လက်ကျန်ဗုံးတွေ အများအပြား တွေ့ခဲ့ရတယ်။ တီအီးကားနဲ့ လေးငါးစီး တိုက်ထုတ်ခဲ့ ရတယ်။ လက်ထဲမှာ ကင်မရာ မရှိတော့ မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ အဲ့ဒီတုန်းက ကျနော်က တက္ကသိုလ်မှာ အလုပ်စဝင်ကာစပေါ့” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစားပါမောက္ခ ဆရာကြီး ဦးစိုးသိန်း က ပြောသည်။
ဂျပန်ခေတ်က ဗုံးများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့ကြားရှိ ရွာသစ်ရွာနှင့် မင်းရွာကြားရှိ
ရော်ဘာတောထဲတွင် စက်ရုံတည်ကာ ထုတ်လုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
“ရွာသစ်ရွာနှင့် မင်းရွာကြား ရော်ဘာတောထဲမှာ စက်ရုံတည်ပြီး ဗုံးတွေ ထုတ်ခဲ့တယ်။ အဲဒီနေရာက မော်လမြိုင်
လေယာဉ်ကွင်းနဲ့လည်း နီးတယ်။ စက်ရုံက ထုတ်တဲ့ ဗုံးတွေကို လေယာဉ်ပေါ်တင်ပြီး မြန်မာပြည်အနှံ့ ဗုံးတွေ လိုက်ကြဲတယ်။ ဗုံးတွေ ကောင်းမကောင်းလည်း အဲ့ဒီနားမှာ စမ်းသပ်ဖောက်ခွဲသေးတယ်” ဟု မော်လမြိုင်ဇာတိ အသက် ၇ဝ ကျော် ဦးသာအောင် က ပြောသည်။
လွတ်လပ်ရေးရပြီးစအချိန်က ကျိုက်မရောကားလမ်းနံဘေးရှိ ရွာတရွာတွင် မိသားစု မီးလှုံရင်း မီးပုံအောက်မှ စစ်လက်ကျန် ဗုံးတလုံး ပေါက်ကွဲကာ မိသားစုတစုလုံး သေဆုံးခဲ့ရကြောင်း ကျိုက်မရော ဒေသခံများ၏
ပြောပြချက်အရ သိရသည်။
“ရွာသစ်နဲ့ မင်းရွာကြားက ရော်ဘာတောထဲမှာ ဗုံးတွေ ခွဲထားတဲ့ ကျင်းအဟောင်းတွေ ရှိနေပါသေးတယ်” ဟု ဦးသာအောင် က ဆက်ပြောသည်။
အကယ်၍ ဗုံးများရှိနေသည့် မြေပြင်ပေါ်တွင် အပူပေးခြင်း မီးဖိုခြင်းများ ပြုလုပ်မိပါက မြေအောက်ရှိ ဗုံးများမှာ
မြေပြင်ပေါ်ရှိ အပူရှိန်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေး ပြောကြား သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment