ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့တောင်ကုတ်မှာ လာမယ့်သီတင်းပတ်အတွင်း လျှပ်စစ်မီးကို နိုင်ငံတ၀န်းက တခြားဒေသတွေ နှုန်းထားအတိုင်း သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ကျန်မြို့နယ်တွေ မှာလည်း လာမယ့်နှစ်ပိုင်းတွေအတွင်း မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရ ၀န်ကြီးတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုနဲ့အနိမ့်ကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မီတာတယူနစ်ကို ကျပ်ငွေ ၅၀၀ နဲ့ သုံးစွဲရာကနေ မကြာခင်ကာလအတွင်း မြေပြန့်မှာ ကျသင့်တဲ့အတိုင်း တယူနစ်ကို ကျပ်ငွေ ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်မှာ မေလ ၁၀ ရက်နေ့က စတင်ပြီး အစိုးရဈေးနဲ့ လျှပ်စစ်မီးပေးဝေဖို့ စီစဉ်ပေမယ့် ကြိုးသွယ်တာ မပြီးပြတ်သေးတာကြောင့် အနည်းငယ်နောက်ကျမယ်လို့ ရခိုင်ပြည်နယ်အစိုးရ လျှပ်စစ်စက်မှုဝန်ကြီး ဦေးအာင်သန်းတင်က ပြောပါတယ်။
သံတွဲခရိုင်အတွင်းမှာ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ရှိပေမယ့် ဂွမြို့ကတော့ ဒီမဟာဓာတ်အားလိုင်းနဲ့ မချိတ်ဘဲ အသုတ်ဘက်ကလာတဲ့ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မီးပေးသွားမယ်လို့ သူက ပြောပါတယ်။