
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။