ရန်ကုန်သင်္ကြန်တွင် ရေပက်ဖျန်းနေသော မိန်းကလေးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြင်းထန်နေသည့် နေပူဒဏ်အောက်မှာ ၂၀၁၅ မဟာသင်္ကြန်ပွဲတော်ကြီးက အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပြန်သည်။ ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်သည် နွေအပူဒဏ်ပြင်းသော်လည်း ယမန်နှစ်များထက်ကပင် ပိုမိုစည်ကားခဲ့သည်။ အဓိကအားဖြင့် ထုံးစံအတိုင်း လူတိုးမပေါက်သော ကန်တော်ကြီးပတ်လမ်းတစ်လျှောက်၊ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်နှင့် ပြည်လမ်းတစ်လျှောက်မဏ္ဍပ်များတွင် ရေပက်ခံလူထုက အုံနှင့်ကျင်းနှင့် ဆင်နွှဲခဲ့ကြသည်။ ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များနှင့်မတူဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ လျော့နည်းခဲ့သည်။ ဖျော်ဖြေရေးမဏ္ဍပ်များ ပိုမိုများပြားခဲ့သလို မှုခင်းဖြစ်ပွားမှုနှုန်းလည်း ယမန်နှစ်ထက် မြင့်တက်ခဲ့သည်ဟု သိရသည်။