တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ၌ ရန်ကုန်တွင် တွေ့ဆုံကာ NCCTဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၈ဦး တက်ရောက်ရန် ဒီဇင်ဘာ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
ယင်းတွေ့ဆုံမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟုသာ သတ်မှတ်ကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် အဓိက ညှိနှိုင်းကာ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအပေါ် ပြန်လည်ဆွေးနွေးရန် နှစ်ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
“အခုသွားတဲ့ ခရီးစဉ်က လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းနဲ့ ပတ်သက်တာက နှစ်ပိုင်းရှိတယ်။ NCA ဆက်လက် ဆွေးနွေးသွားဖို့ မြန်မြန်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက် ထစ်နေတာတွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေး မိုးလေဝသ မကောင်းတာတွေကို ပြန်ညှိနှိုင်းပြီးတော့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။