ဟင်္သာတခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသားသစ်များကို ခုတ်လှဲ ခိုးထုတ် တရားမဝင် သယ်ဆောင်လျက်ရှိသည့် လမ်းကြောင်းများတွင် မေလ နောက်ဆုံးပတ်မှ စတင်ကာ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့က ပူးပေါင်း ဖမ်းဆီးခဲ့သောကြောင့် သစ်မှောင်ခို သယ်ဆောင်မှုများ တစ်လခန့် ရပ်တန့်ခဲ့ကြောင်း သစ်ကုန်သည်များက ပြောကြားသည်။
မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းမိရာ ယင်းကားပေါ်၌ ပျဉ်းကတိုးခွဲသား ခြောက်တန်ကျော်နှင့် ကျွန်းတံခါးရွက် နှစ်တန်ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ထိုသို့ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
မြန်အောင်မြို့နယ် ကြံခင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှ ပျဉ်းကတိုးသစ်၊ ကျွန်းသစ်၊ အခြားသားသစ်မျိုးစုံကို သစ်ကုန်သည်ဦးရေ ၃၀ ကျော်က ညစဉ် သစ်တန် ၁၀၀ ဝန်းကျင် ခုတ်လှဲ ခိုးထုတ်ကာ ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ဆောင်မှုများ မတွေ့ရတော့သည်မှာ တစ်လနီးပါး ကြာပြီဖြစ်ကြောင်း သစ်ထုတ်လုပ်ကွက်များနှင့် အနီးဆုံးတွင် နေထိုင်သည့် ဒေသခံများက ပြောကြားသည်။