တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လိုင်ဇာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံခဲ့သော မြစ်ကြီးနား ဆွေးနွေးပွဲတို့မှာ ယခင်ထက် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောကြားသည်။
အစိုးရအနေနှင့် လက်ခံရန် ခက်ခဲနေသော ဖက်ဒရယ်ဟူသည့် စကားလုံးများကို လက်ခံလိုက်ခြင်း၊ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးသည်နှင့် လက်နက် ဖျက်သိမ်းရေးဆိုသည့် ကန့်သတ်ချက်၊ တပ်အသွင်ပြောင်းရေးဆိုသည့် ကန့်သတ်ချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ဆက်လက်ဆွေးနွေးသွားရန် တပ်မတော်က ဖြေလျှော့ပေးလိုက်ခြင်းတို့မှာ ယခင်ကထက် အပေါင်းလက္ခဏာဆောင်သည့် အချက်များ ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။
ဒေါက်တာတူးဂျာသည် ကေအိုင်အို ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်းလက်ထက် ၁၉၈၀ ပြည့်နှစ်က ဗိုလ်ချုပ်နေဝင်းနှင့် ရန်ကုန်မြို့ဆွေးနွေးပွဲ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၄ ခုနှစ်များက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကေအိုင်အိုဗဟို ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။