
စက္ကူထက်သုံးဆခန့် ပိုမိုပေါ့ပါးသော ကာဗွန် အမျှင်ပြားများနှင့် လူ့ဆံချည်မျှင်မျှရှိသော ဆိုလာဆဲလ်မျှင်များဖြင့် တီထွင်ထားသည့် ဆွစ်ဇာလန် နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse- 2 သည် မန္တလေးမြို့သို့ မတ် ၈ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။
ယင်းလေယာဉ်ခရီးစဉ်ကို ပင်လယ်ကွေ့ဒေသမှ စတင်မည်ဖြစ်ပြီး အာရေဗျပင်လယ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း(သို့မဟုတ်) မြောက်အာဖရိက ဒေသတို့သို့ ဖြတ်သန်းမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အရ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ယင်းသို့ ရပ်နားမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဥ Solar Impulse-1 ကို လေယာဉ်မှူးAndre' Borschberg ၏ ဦးဆောင်မှုဖြင့် အင်ဂျင်နီယာနှင့် နည်းပညာရှင် ၈ဝ တို့က တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ယခု ခရီးစဉ် တွင်လည်း အဆိုပါလေယာဉ် မှူးAndre' Borschberg ဦးစီးသောအဖွဲ့ကပင် ပျံသန်းမောင်းနှင်မည်ဖြစ်သည်။