KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော
ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU
အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင်
ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ
ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က
အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌
ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ်
အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU
ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း
ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး
ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။