မကြာသေးမီက တိုင်းပြည်အတွင်း၌ ရဲများကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားများ သေဆုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ၎င်းတို့အနေနှင့် လူ့အခွင့်အရေး ဥပဒေများကို ထိန်းသိမ်းရန် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု တနင်္လာနေ့က ဝန်ခံပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ ကိုယ်စားလှယ်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မစတင်မီတွင် ပြောကြားရာ၌ ၎င်းတို့နိုင်ငံသည် ကုန်လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ရှေးဦးစွာ ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ရဲတပ်ဖွဲ့က အာဖရိကန်-အမေရိကန် အမျိုးသားများကို နှိပ်စက်ညှင်းပန်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သတ်၍မူ အမေရိကန်တရားရေး၏ လူ့အခွင့်အရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ကာဒိုဂန်က အမေရိကန်ပြည်ထောင်စု အနေနှင့် တိုင်းပြည်၏ လူ့အခွင့်အရေး ဥပဒေများသည် မူလပေးအပ်ထားသည့် ကတိများအတိုင်း လျော်ညီလျက်ရှိအောင် ပြန်လည်အာရုံစူးစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။