ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေးအတွက် လာမည့် ဒီဇင်ဘာလ ၇ ရက် နေပြည်တော်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုကို ရပ်ဆိုင်းရေး၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရေသော စစ်ပြေးဒုက္ခသည်များ မိမိတို့ မူရင်း နေရပ်သို့ ပြန်၍ ပြန်လည် နေရာချထားရေးနှင့် မိုင်းရှူး၊ မိုင်းနောင် မြို့နယ်အတွင်း ပိတ်ထားရသော စာသင်ကြောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် အချက် ၄ ချက်ကို အဓိက သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု က ပြောသည်။
“နေပြည်တော်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းရေး အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။ UPWC ၏ ညှိနှိုင်းပေး မှုနဲ့ ဒီဒေသ အေးချမ်းနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ကျေးဇူးတင်စကား ပြောရမယ်။ အပြန်အလှန် ယုံကြည်မှု လုပ်ဆောင်ဖို့ ဖလှယ်ရမယ်။ စစ်ပြေးဒုက္ခသည်တွေ မူရင်း ဒေသကို ပြန်ဖို၊ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဟု သူက မဇ္စျိမကို ပြောသည်။