အမွေကိစ္စဖြင့် မယားညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန် တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ သြဂုတ်လ ၁၃ ရက်က ရွှေပြည်သာမြို့နယ်နေသူ အသက် ၂၄ နှစ်ရှိ ကိုညီညီထွန်း ၎င်း၏ဇနီး မ...တို့နှင့် မယားညီအစ်ကိုတော်သူ အသက် ၄၁ နှစ်ရှိ ကိုဝင်းဇင်သည် ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် မဟာမြိုင်လမ်းဘေးတွင် စကားများရန်ဖြစ်ပြီး ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရန်ဖြစ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုညီညီထွန်းမှာ သေဆုံးသွားပြီး ကိုဝင်းဇင်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။
သေဆုံးသူ ညီညီထွန်းက အရိုးအသွား ၁၁ လက်မခွဲခန့်နှင့် ဗြက် ၄ လက်မခန့်ရှိ အသားလှီးဓားဖြင့် ကိုဝင်းဇင်ကို ခုတ်ခဲ့ပြီး ကိုဝင်းဇင်က အရိုးအသွား ၁၃ လက်မခန့်ရှိ ဦးချွန်နှစ်ဘက်သွားဓားဖြင့် ကိုညီညီထွန်းကို ထိုးခဲ့ခြင်းဖြစ်သည်။
အမှုကို ရွှေပြည်သာရဲစခန်းက (ပ) ၈၉၅/၁၂ ပုဒ်မ ၃၀၂/ ၃၂၆၊ (ပ) ၈၉၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်။
From -7DayNewsJournal
No comments:
Post a Comment