ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ
ဦးအောင်သိန်းလင်း ကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိ မ်းရန် တောင်းဆိုထားသည့် မဲဆန္ဒရှ င်ပြည်သူ
တထောင်ကျော်၏ လ က်မှ တ်ေ ရး ထိုးတာင်းဆိုလွှာများအား သြဂုတ်လတတိယပတ် တွင်
ပြည်ထောင်စုရွးကောက်ပွဲကော်မရှင်ထံသို့ တင်ပြတော့ မည်ဖြစ်ေ ကြာင်း
သတင်းရရှိသည်။
တရုတ်နိုင်ငံ အခြေစိုက် Southern Weekend China သတင်းစာနှင့်
တွေ့ဆုံမေးမြန်းခန်းတွင် ဦးအောင်သိန်းလင်းက ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ
အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက်သူများ
ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြား နေသူဖြစ်ပြီး
NLD ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ်ကြောင်းကြောင်း၊ သမ္မတ
ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ
ပြန်စရန်လိုကြောင်း စသည့် အငြင်းပွားဖွယ် အမြင်များကို
ပြောဆိုခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်ဥက္ကလာပ မဲဆန္ဒရှင်
ပြည်သူတထောင်ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းဖို့
တောင်ဥက္ကလာပ မဲဆန္ဒ ရှင်တွေဆီက လက်မှတ်စုလိုက်တာ အားလုံးပေါင်း
တထောင်ကျော်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူလမဲဆန္ဒရှင်များအနက်မှ
အနည်းဆုံး တရာခိုင်နှုန်းက အမတ်အဖြစ်ကနေ ပြန်ရုပ်သိမ်းပေးဖို့
တောင်းဆိုနိုင်တယ်လို့ တရားဝင်ပြဋ္ဌာန်းတယ်။ လာမယ့် သြဂုတ် ၂၁
ရက်လောက်ဆိုရင်တော့ မဲဆန္ဒရှင်တွေရဲ့လက်မှတ်တွေကို ရွေးကောက်ပွဲကော်မရှင်ဆီ
တင်ပြီးလောက်ပါပြီ” ဟု လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ဦးဆောင်နေသူ
ဦးမင်းအောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ပါ ရွေးကောက်တင်မြှောက်ခြင်း၊ ပုဒ်မ
၃၉၆ တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး
တရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်
ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်းတန်းချက်ကို ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်ပြီး ကော်မရှင်က စုံစမ်းစစ်ဆေးပြီး
လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း
သဘောရှိလျှင် ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းရေး ဥပဒေနှင့်အညီ
ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဦးအောင်သိန်းလင်းကို အမတ်အဖြစ် ပြန်လည်ရုပ်သိမ်းပေးရေး
တောင်းဆိုမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူတဦးကမူ
မဲဆန္ဒရှင်များ၏ ဥပဒေပါ အခွင့်အရေးဖြစ်သည့်အတွက် မည်သို့မျှ မပြောလိုကြောင်း
ဆိုသည်။
“မဲဆန္ဒရှင် ပြည်သူတွေဆီမှာ ကိုယ်ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်ကို
မယုံကြည်တော့ဘူး၊ လွှတ်တော် ကိုယ်စားလှယ်က အရည်အချင်း
ပျက်ယွင်းတယ်လို့ထင်ရင် ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းပေးဖို့
တင်ပြတောင်းဆိုနိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် အခုလို ပြည်သူတွေက
တောင်းဆိုတာက ဥပဒေပါ အခွင့်အရေးပါပဲ။ ပြည်ခိုင်ဖြိုးဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ်
အမတ်ဖြစ်လာပြီဆိုရင် ပြည်သူကို အလေးထားရမယ်ဆိုတာ ပေါ်လွင်စေတာပဲ။
အပြစ်ရှိတာ၊ မရှိတာကတော့ ကော်မရှင်က စစ်ဆေးပြီး
အရေးယူဆောင်ရွက်ရမယ့်ကိစ္စပဲ” ဟု အဆိုပါ ပါတီတာဝန်ရှိသူက ပြောသည်။
ကြံ့ခိုင်ရေးပါတီကလည်း ဦးအောင်သိန်းလင်းနှင့် တရုတ်သတင်းစာ
တွေ့ဆုံမေးမြန်းခန်းကို သေချာစွာစိစစ်ပြီး အရေးယူ
ဆောင်ရွက်သွားရန်ရှိကြောင်း၊ ဦးအောင်သိန်းလင်း၏ သဘောထားသည်
ကြံ့ခိုင်ရေးပါတီ၏ သဘောထားမဟုတ်ဘဲ ၄င်း၏ ကိုယ်ပိုင်အမြင်သဘောထားသာ
ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
NLD တောင်ဥက္ကလာပမြို့နယ် တာဝန်ခံ ဒေါက်တာစောနိုင်က ဦးအောင်သိန်းလင်းကို
အမတ်အဖြစ် ရုပ်သိမ်းရေး တောင်းဆိုမှုသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးသော
နိုင်ငံရေးသမားများအနေဖြင့် ပြည်သူနှင့် အမြဲထိတွေ့ပြီး ပြည်သူလူထု၏
အကျိုးဆောင်ရွက်စေရန် နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ငါအမတ်ဖြစ်ပြီဆိုတာနဲ့ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့မရဘူး။
မဲပေးထားတဲ့ ပြည်သူတွေမျက်နှာကို ကြည့်ရမယ်။ ပြည်သူတွေနဲ့ အဆက်ပြတ်လို့
မရဘူး။ မဲဆန္ဒရှင် ပြည်သူတွေမျက်နှာကို မကြည့်ရင် ပြည်သူတွေကလည်း ပြန်ပြီး
ဒဏ်ခတ်တယ်ဆိုတာကို ပေါ်လွင်စေတယ်။ ဒီသဘောတရားက ဒီမိုကရေစီရဲ့ အနှစ်သာရကို
ပေါ်လွင်စေပါတယ်” ဟု ၄င်းက ဆိုသည်။
မကြာသေးမီတွင် ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်းကို ပါတီ၏
ရန်ကုန်တိုင်းတာဝန်ခံရာထူးမှ ချထားလိုက်ပြီး ၄င်း၏နေရာတွင် ခရမ်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ယခင်မွေးမြူရေးနှင့်
ရေလုပ်ငန်းဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမောင်မောင်သိမ်းနှင့်
အစားထိုးခန့်ထားလိုက်သည်။
From - ဧရာဝတီ
No comments:
Post a Comment