၂၀၁၂ ခုနှစ် ၊ သြဂုတ်လ (၂၉)ရက်နေ့ စွဲနဲ့ ၀န်ကြီးချုပ် ၊ ပြည်နယ်အစိုးရထံ အသနားခံစာတစ်စောင်ပေးပို့ခဲ့ပါတယ်။အသနားခံစာထဲမှာ-
- စစ်ဘေးတိမ်းရှောင်သူများ တစ်နေ့တစ်ခြားများပြားလာပြီး ကျွေးမွေးထောက်ပံ့ရန် ခက်ခဲလာခြင်း။
- တိုင်းရင်းသားပြည်သူများရှာဖွေစားသောက်၇န်ခက်ခဲလာခြင်း။
- မူလတန်း နှင့် မူလွန်ကျောင်း(၈)ကျောင်းပိတ်ထားရပါသဖြင့်ကလေးသူငယ်များ၏ ပညာရေးနှောင့်နှေးခြင်း။
- စစ်ဘေးရှောင်စခန်းများတွင် ကြပ်တည်းစွာနေထိုင်ရခြင်းတို့ကြောင်း တိုင်းရင်းသားမိဘပြည်သူများ၏ ကျန်းမာရေးအဖက်ဖက်မှယိုးယွင်းလာခြင်း။
- မြို့အနီတစ်ဝိုက်စစ်မက်ဖြစ်ပွားမှုကြောင့် မြို့သူမြို့သားများသည် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်တို့အတွက် စိုးရိမ်သောကရောက်နေကြရပါသည်။
သို့ဖြစ်ပါ၍ ဖားကန့်မြို့အနီးတစ်ဝိုက်တွင်
စစ်မက်ဖြစ်ပွားမှုရပ်တန့်ပေးပါရန် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံ ၊
ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၊ ဗုဒ္ဓဘာသာဂေါပက အဖွဲ့ ၊ ရပ်မိရပ်ဖများနှင့်
လူမှုကူညီရေးအသင်းများမှ ပုဂ္ဂိုလ်(၅၅)ဦးတို့
ကလက်မှတ်ရေးထိုးအသနားခံတင်ပြခဲ့ပေမယ့် ထူးခြားမှုရှိမလာခဲ့ပါဘူး။
မြို့သူမြို့သားတွေကြိုတင်တွက်ဆထားတဲ့အတိုင်းပါပဲ။
နှစ်ဘက်ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ မြို့ပေါ်အထိရောက်လာပြီး
အပြစ်မဲ့ပြည်သူတွေသေဆုံးဒဏ်ရာရ တဲ့အထိဖြစ်လာခဲ့ပါတော့တယ်။
စက်တင်ဘာလ(၁၂)ရက်နေ့ နဲ့ ညဘက်တစ်ညလုံးမိုးသည်းထန်စွာရွာသွန်းမှုကြောင့်
(၁၃)ရက်နေ့မှာ ဖားကန့်မြို့မှာ
ရေကြီးရေလျှံမှုဖြစ်ပြန်ပါတယ်။သည်တစ်ခါရေကြီးတာအရင်အချိန်များထက် ပိုလာပြီး
မြို့လယ်က
“ကမ္ဘောဇဘဏ်´´အောက်ခြေအထိရေနစ်မြှုပ်နေပါတယ်။မြို့လယ်မှာရှိတဲ့ရေနစ်တဲ့ဆိုင်ခန်းတွေ
၊အိမ်တွေက ပစ္စည်းတွေကိုကားကြီးကားငယ်တွေ နဲ့ ရေလွတ်ရာပို့နေကြပြီး
မြို့လယ်မှာ စီးနေတဲ့ ဥရုချောင်း ကိုဖြတ်ပြီး မြို့မနဲ့ မရှိကတောင်ရပ်ကွက်
ဆက်သွယ်ပေးထားတဲ့ တံတားပေါ်မှာ တောင် ၃ပေ လောက်အထိရေနစ်နေပါတယ်။
ဟိုဘက်ကမ်း/သည်ဘက်ကမ်းကားတွေကူးလို့မရတော့ပါဘူး။ ညနေ(၃)
နာရီခွဲလောက်ကျောင်းတွေ လွှတ်လိုက်တော့ ရေကြီးတာလာကြည့်တဲ့သူတွေ
၊ကျောင်းသူ/ကျောင်းသားတွေ ၊အိမ်ပြန်နေကြတဲ့ ကျောင်းသားတွေ ၊ လာကြိုတဲ့
မိဘတွေ ရဲ့ ဆိုင်ကယ်တွေ နဲ့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ အချိန်မှာပဲ
ပေါက်ကွဲသံတွေ နဲ့ အတူ ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေကြောင့် မြို့သူ/မြို့သား
အားလုံးပြေးလွှားကုန်ကြပါတယ်။ စက်တင်ဘာ(၁၃)ရက်နေ့ ညနေ(၃ နာရီ ၄၀
မိနစ်)လောက်မှာ တိုက်ပွဲစပြီးဖြစ်တာပါ။ဖားကန့်မြို့အစွန်ရပ်ကွက်ဖြစ်တဲ့
မှော်ဝှမ်းရပ်ကွက်နဲ့ ဆက်နေတဲ့ (ဆွတ်ငိုင်ကောင်)(Sut Ngai Kawng)ရွာထဲမှာ
တပ်မတော် စစ်ကြောင်းနဲ့ ( KIA)အဖွဲ့ကို
ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆက်မပြတ်ပစ်ခတ်နေတဲ့လက်နက်ငယ်သံတွေနဲ့
အတူလက်နက်ကြီးပေါက်ကွဲသံ တွေလဲကြားနေရတော့
တစ်မြို့လုံးတုန်လှုပ်ခြောက်ခြားပြီးပြေးလွှားနေကြပါတော့တယ်။
အမျိုးသားတစ်ချို့ကတော့ တိုက်ပွဲဖြစ်တာမြင်နိုင်မယ့်
မြို့ဦးစေတီကုန်းပေါ်တက်ပြီး ကြည့်ကြပါတယ်။ လက်နက်ငယ် ၊
လက်နက်ကြီးသံတွေကြားမှာ ပုန်းလိုက် ၊ ပြေးလိုက် လုပ်နေတဲ့
ရွာသားတချို့လဲတွေ့နေရပြီး လက်နက်ကြီး ကျလို့ ပေါက်ကွဲတဲ့နေရာမှာ
မီးခိုးတွေထလာတာ လဲ မြင်နေကြရပါတယ်။မကြာခင်ဘဲ ဗျူဟာကုန်းပေါ်က နေလက်နက်ကြီး
နဲ့ လှမ်းပစ်ပေးတာတွေ့ကြရပါတယ်။ လက်နက်ငယ်သံတွေက ည (၇)
နာရီကျော်ကျော်လောက်မှာ တဖြည်းဖြည်းပျောက်သွားပြီး ၊ လက်နက်ကြီးပစ်သံကတော့
ည(၉)နာရီလောက်အထိကြားနေရပါတယ်။ မြို့ထဲကို တပ်မတော် စစ်ကြောင်းတွေဝင်လာပြီး
မီးမလာတော့လို့ တစ်မြို့လုံးမှောင်မဲနေပါတယ်။မြို့အစွန်ရပ်ကွက်မှာ
တိုက်ပွဲဖြစ်နေလို့ ကြောက်လန့်တကြား နဲ့ အထုတ်အပိုးတွေတင် ပြီးရရာကား ၊
ဆိုင်ကယ်တွေနဲ့ လုံးခင်းဘက်ပြေးတဲ့သူတွေလည်း နန်းမဖစ်ရွာမှာ ရေတွေလျှံပြီး
ကားလမ်းရေမြှပ်နေလို့ လုံးခင်အရောက်မပြေးနိုင်ပါဘူး။ ပန်းတင်တံတားကျော်ပြီး
ဖားကန့်မြို့အ၀င်ရပ်ကွက်တွေ မှာ ကြက်တစ်ကောင် ကုန်းဖက်တွေမှာပဲနေကြရပါတယ်။
ဝေးဝေးမပြေးနိုင်ကြရှာပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ကြားက
ရေပတ်လည်ဝိုင်းနေတော့ပြေးစရာမြေမရှိဆိုတာလိုဖြစ်နေပါတယ်။
ပိုပြီးစိုးရိမ်စရာ ဖြစ်လာတာ ဒုက္ခသည်စခန်းကိုရောက်နေတဲ့
စစ်ဘေးရှောင်ဒုက္ခသည်တွေပါဘဲ။ မြို့ပေါ်ကိုပြေးလာပြီး မြို့ပေါ်ကယ်ဆယ်ရေး
စခန်းတွေမှာ ခိုလှုံနေကြရလို့ မြို့ခံလူထုရဲ့ ထောက်ပံ့မှုတွေနဲ့ နေကြ ရတော့
၊ မြို့ပေါ်အထိတိုက်ပွဲဖြစ်လာပြီး မြို့နေလူထုပါထွက်ပြေးကြရရင်
စားဝတ်နေရေးအကြီးအကျယ်ဒုက္ခရောက်လာနိုင်ပါတယ်။ အခုအခြေအနေမှာ
တောင်လှူဒါန်းထောက်ပံ့မှုနည်းပါးလာပြီး လူမှုရေးအဖွဲ့တွေ အနေနဲ့
ဆက်လက်ကျွေး မွေးနိုင်ရေးအတွက် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။
စက်တင်ဘာ(၁၃)ရက်နေ့မှာ ညနေ(၃း၄၅) လောက်ကနေ ည(၈)နာရီခန့်အထိဖြစ်ခဲ့တဲ့
ပစ်ခတ်မှုမှာ ပြည်သူ(၁၃)ယောက်ခန့်ထိခိုက်ဒဏ်ရာရကြပါတယ်။
ဖားကန့်ပြည်သူ့ဆေးရုံမှာ(၈)ယောက်ကိုအတွင်းလူနာအဖြစ်ကု သပေးနေပြီး ၊ (၁၃)
နှစ်အရွယ်သာရှိသေးတဲ့(၉)တန်းကျောင်းသူကလေး
မဂျာဆိုင်းအိမ်(ဘ)ဦးဘရန်ရှောင်ကတော့ ကျောင်းကနေဆရာမ နဲ့
အတူအိမ်အပြန်လမ်းမှာ တိုက်ပွဲဖြစ်နေတာနဲ့ ကြုံပြီး တိုက်ပွဲကြားမှာ
ထိခိုက်ဒဏ်ရာရခဲ့ လို့ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ
ဆုံးပါးသွားခဲ့ရတဲ့အကြောင်းကြားသိရပါတယ်။ကျန်နေတဲ့အမျိုးသား(၅) ဦး နဲ့
အမျိုးသမီး(၂) ဦးကိုတော့ အတွင်းလူနာအဖြစ်ကုသပေးနေပြီး ဒဏ်ရာပြင်းထန်တဲ့
အမျိုးသား(၂)ဦးကိုတော့
မြစ်ကြီးနားပြည်သူ့ဆေးရုံပို့ပြီးကုသပေးရမယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ
ရေကြီး ၊ ရေလျှံတဲ့အခါ
ကားလမ်းများရေနစ်မြှပ်ပြီးဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်မှုကြောင့်မြစ်ကြီးနားက
ပို့တဲ့စားသောက်ကုန်တွေကို သာမှီခိုနေရတဲ့ ဖားကန့်မြို့ဟာ မြို့နေလူထုရဲ့
စားဝတ်နေရေးအတွက်တော့ ၊ အိမ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည်စခန်းက
စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက်ပါကြီးမားတဲ့ အခက်အခဲတွေဖြစ်လာနိုင်
ပါတယ်။အဓိက မြို့နယ်လူထုရဲ့ အဓိကဆန္ဒကတော့ မြို့ပတ်ဝန်းကျင်မှာ
တိုက်ပွဲတွေမဖြစ်ပွားရေးနဲ့ ဖားကန့်မြစ်ကြီးနား ကားလမ်းတလျှောက်မှာ
အရင်ကာလများက အတိုင်းကားများသွားလာနိုင်စေရေးပါပဲ။ ဒါကြောင့်လဲမြို့ပေါ်မှာ
ရှိတဲ့ ငြိမ်းချမ်းရေးလိုလားတဲ့သူတွေ
စုပေါင်းလက်မှက်ရေးထိုးမှုတွေပြုလုပ်ပြီး စစ်ပွဲများ ရပ်တန့်ငြိမ်းချမ်းရေး
ရအောင် ဖော်ဆောင်ပေးဖို့
နိုင်ငံတော်သမ္မတကြီးထံအသနားခံစာရေးသားတင်ပြသွားမယ့်အကြောင်းကြားသိနေရပါ
တယ်။မြန်မာနိုင်ငံတစ်နိုင်ငံလုံးက နည်းမျိုးစုံ နဲ့
ဒုက္ခခံစားနေကြရတဲ့ပြည်သူများအားလုံးနည်းတူစစ်ဘေးဒဏ်ကြောင့်
ဒုက္ခရောက်နေကြရတဲ့ ဖားကန့်ဒေသအပါဝင်ကချင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့
စစ်ဘေးသင်ဒုက္ခသည်အားလုံး ရဲ့ အားကိုမျှော်လင့်ချက်ကတော့ နိုင်ငံတော်
သမ္မတကြီးသာလျှင်ဖြစ်ပါတော့တယ်။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့
စစ်ပွဲတွေဟာတစ်နှစ်ကျော်ကြာသွားပါပြီး။
အခုအချိန်အထိငြိမ်းချမ်းရေးဆွေးနွေးနေပြီး ဆိုတဲ့ အသံမကြားရ သေးတဲ့အတွက်
စစ်ဘေးဒုက္ခသည်များအပါအ၀င် ကချင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြတဲ့
တိုင်းရင်းသားပြည်သူတွေကော ၊ ငြိမ်းချမ်းရေးလိုလာတဲ့ မြန်မာပြည်သူတွေကော
ကချင်ပြည်နယ်အရေး ရတက်မအေးနိုင် ဖြစ်နေကြရပါတယ်။ အထူးသဖြင့်
စစ်ပွဲဖြစ်ပွားနေရာဒေသအတွင်းမှာ ကျရောက်နေတဲ့
ပြည်သူတွေအနေနဲ့ကျီးလန့်စာစားဖြစ်နေကြရပြီး ၊ ကားဘီးပေါက်သံကြားရင်တောင်
ကြောက်နေကြရရှာပါပြီး။ အရင်က သားသမီးတွေကျောင်းသွားတက်နေရင် စိတ်အေး ၊
စိတ်ချနေကြရတဲ့ မိဘတွေဟာ အခုခါမှာ
တော့သားသမီးတွေကျောင်းဆင်းလို့အိမ်ပြန်မရောက်မချင်းရင်တမမနဲ့
မျှော်နေကြရပါပြီး။ ကျောင်းတွေမှာ စာသင်နေကြတဲ့ ဆရာ ၊ဆရာမတွေနဲ့
ကျောင်းသားကျောင်းသူတွေ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ၊ ဘုန်းကြီးကျောင်းတွေက
ဆရာတော်ကြီးတွေ ၊ ဘုရားကျောင်းတွေ က ၀တ်ပြုဆုတောင်းနေသူတွေ
အားလုံးသောသူတွေရဲ့ ရင်ထဲမှာ စိုးတထိတ်ထိတ် နဲ့
နေနေကြရတဲ့အခြေအနေရောက်နေပါပြီး။ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်နိုင်ဖို့အတွက်
၊ တစ်ခုတည်းသော အားကိုစရာကတော့ ကမ္ဘာနိုင်ငံအသီးသီးကလေးစားရသော
ပြည်သူပြည်သားအားလုံး၏ ချစ်ခင်လေးစားမှု အားကိုးယုံကြည်မှုကိုရနေသော
သမ္မတကြီးဦးသိန်းစိန်သာ လျှင်ရှိပါတော့ကြောင်း ပြည်သူအားလုံးက
ယုံကြည်နေပါတယ်။ ခုအချိန်အထိမှာတော့ ကချင်ပြည်နယ်အတွင်း
မှီတင်းနေထိုင်ကြတဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် ဒုက္ခမျိုးစုံထဲမှာ
(ကူမယ့်သူမရှိ ၊ ကယ်မယ့်သူမရှိ ) ဖြစ်နေကြရရှာပါပြီး။
အားလုံးသောမြန်မာနိုင်ငံသူ ၊ နိုင်ငံသားအပေါင်းတို့မှ ကချင်ပြည်နယ်အတွင်း
ရှိတိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ကြုံ တွေနေရသောဒုက္ခများကိုလည်း စာနာ
နားလည်နိုင်ကြစေရန် ၎င်း ၊ ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသောစစ်ပွဲများ
အေးချမ်းစေရေးအတွက် တတ်စွမ်းသမျှ ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြ
စေ၇န်အလို့ဌာ၎င်း ၊ ဒုက္ခသည်များအရေးကို စီးပွားရေးလုပ်ငန်းရှင်များ ၊
အနုပညာရှင်များ ၊ နှင့် အခြားသောလူမှုရေးအဖွဲ့အစည်းအသီးသီးမှ တက်နိုင်သမျှ
ကူညီထောက်ပံ့နိုင်ကြပါစေရန်၎င်း ဤဆောင်းပါးအားရေးသားတင်ပြလိုက်ရသည်။
နိုင်ထက်ရှိန်(ဟင်္သာတ)
From -HotNewsJournal
No comments:
Post a Comment