ဘန်ကွမ်သည် လစ်ဗျားစစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အယ်လ်ကေးဒါးနှင့် လက်ရှိအချိန်ထိ ဆက်နွယ်နေဆဲဖြစ်သည်။ အသက်(၅၃)နှစ် ရှိပြီဖြစ်သော ဘန်ကွမ်သည် ဂူယန်တီနာမို အကျဉ်းထောင်ကြီးတွင် အချုပ်နှောင် ခံရဖူးပြီး (၂၀၀၇)ခုနှစ်က လွတ်မြောက်ခဲ့သည်။ အမေရိကန် အစိုးရသည် ဘင်လာဒင်အား ပါကစ္စတန်တွင် သုတ်သင်ရှင်းလင်းပြီး ဖြစ်သော်လည်း ၎င်း၏ အရိပ်သည် ဆက်လက် ခြောက်လှန့်နေဆဲ ဖြစ်သည်။ ဘန်ဟာဇီ ဖြစ်စဉ်တွင် သံအမတ်ကြီး ဂျွန်စတီဗန်စ်နှင့် ရေတပ်အထူး ကွန်မန်ဒို တစ်ဦး အပါအဝင် အမေရိကန် (၄)ဦး သေဆုံးသွားခဲ့သည်။
အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာန၏ ဒါရိုက်တာဖြစ်သူ မတ်အိုလ်ဆင်က "သံအမတ် သေဆုံးမှုဟာ တကယ့် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ကျွန်တော်တို့ သတ်မှတ်ပါတယ်"ဟု ပြောကြားခဲ့သည်။ CNNသတင်းဌာနက အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့သည် ယခင်ကတည်းက စတီဗန်စ်အား ပစ်မှတ်အဖြစ် သတ်မှတ်ထားဖူးကြောင်း ဖော်ပြခဲ့သည်။ Innocence of Muslimsဆိုသော မွတ်ဆလင် ဆန့်ကျင်ရေး ဗီဒီယိုတစ်ခု Onlineတွင် ပျံ့နှံ့လာခဲ့ခြင်းနှင့်အတူ အာရပ်ကမ္ဘာတွင် အမေရိကန် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမို အားကောင်းလာခဲ့ချိန်တွင် အမေရိကန် အစိုးရက ပြဿနာ မီးမွှေးသည့် ယင်းဖန်တီးမှုကို ပြုလုပ်ခဲ့သူမှာ အီဂျစ်လူမျိုး အမေရိကန် နိုင်ငံသား ဒါရိုက်တာ တစ်ဦးအဖြစ် စုံစမ်းဖော်ထုတ် ကြေညာခဲ့သည်။
လစ်ဗျားတွင် အမေရိကန် သံအရာရှိတစ်ဦး သွေးမြေခသည်အထိ ဖြစ်ပျက်ခဲ့သော ပြဿနာနှင့် စပ်လျဉ်းပြီး အိုလ်ဆင်က "ခုဖြစ်ရပ်ကို စုံစမ်းကြည့်တဲ့အခါ အယ်လ်ကေးဒါးရယ်၊ သူနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေရယ် ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့လာခဲ့ပါတယ်"ဟု ဆိုသည်။ ယင်းဖြစ်ရပ်တွင် တာဝန်ရှိသူဟု ယူဆရသော ဘန်ကွမ်သည် လစ်ဗျားတွင် ဆက်လက် အကျဉ်းကျခံရမည်ဆိုသော ကတိကဝတ်ဖြင့် ဂူယန်တီနာမိုမှ လစ်ဗျားသို့ ပြန်လာခွင့် ရခဲ့သော်လည်း ယခင်လစ်ဗျားအာဏာရှင် မူအမ်မာ ကဒါဖီက ၎င်းကို ပြန်လွှတ်ပေးလိုက်သည်။ ၎င်းသည် ဘင်လာဒင်၏ ဒရိုင်ဗာအဖြစ် တာဝန်ယူခဲ့ဖူးသလို အားထားရသော လက်ရုံးတစ်ဦးအဖြစ် ယူဆခြင်း ခံရသော်လည်း ဘန်ကွမ်ကမူ စွပ်စွဲချက် အားလုံးကို ငြင်းဆန်ခဲ့သည်။
Source: RT
From -Planet.com.mm
No comments:
Post a Comment