Tuesday, October 9, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မခန့်လေးစား ထိကပါး ရိကပါး ဝေဖန်ရအောင် ကျမက ဘာမို့လို့လဲ

ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်း လည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်း ပေါက်လာတာနဲ့ ဆိုပါတော့။
 ဒေါ်အောင်ဆန်းစုကြည် .. ဥရောပသွားတုန်းကလည်း ဥရောပအလျောက်.. ခု အမေရိက လာတော့ လည်း အမေရိကအလျောက်.. ဆိုင်ရာ အာဏာပိုင်တွေက အတတ်နိုင်ဆုံး တခမ်းတနား.. တလေး တစား.. ကြိုဆိုကြ.. ဂုဏ်ပြုကြ..။ ကျမတို့နိုင်ငံ့အရေး ဆွေးနွေးကြ.. အဖြေ၀ိုင်းရှာကြ။ တကယ် တန်ဖိုး ရှိဖို့ နှစ်ဦးနှစ်ဘက် ကြိုးစားကြတဲ့ ခရီးပါပဲ။ အဲသလိုပဲ မြန်မာအုပ်စုတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဒေါ်အောင် ဆန်းစုကြည်ကို ကြိုဆိုဖို့အရေး၊ အစဉ်အလာ မပျက်ရလေအောင် ပြင်ကြ ဆင်ကြ.. ရန်ဖြစ်ကြ.. စိတ်ဝမ်းကွဲကြ..။ အုပ်စုတွေ ကွဲကြ…။ အုပ်စု ကွဲတယ် ဆိုရင်လည်း အများ အားဖြင့် ပြောကြတာက နှစ်ဘက် မညီလို့လို့ သာ ပြောကြတာပေါ့။ ဒါပေမဲ့ ကျမ အမြဲ စဉ်းစားမိတယ်။ အမှန်နဲ့ အမှား ဘယ်လို ညီနိုင်ပါ့မလဲပေါ့။
အမှန်က လိုက်မှားကြမလား..။ အမှားက လိုက်မှန်ကြရမလား.. စဉ်းစားရမှာပါ။

ဒီနေရာမှာ ကျမနဲ့ အစ်ကိုလို ချစ်ခင်သော ပညာရှင် စာရေးဆရာတယောက် ငြင်းကြခုန်ကြရင်း ပြောခဲ့ ဖူးတာလေး ပြန်ပြောပြချင်လာပါတယ်။ လွှတ်တော်နိုင်ငံရေးနဲ့ ပတ်သက်လို့ပါပဲ။ အဲဒီတုန်းက စစ် အစိုးရ လက် ထက်.. စစ်သားတစ်မတ်သား ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြတာမှာ သူက ကျမကို ပြောပါ တယ်။ “လွှတ်တော် ထဲမှာ စစ်တပ်က ၂၅% ပဲ ယူထားတာလို့ စစ်အစိုးရ ကတော့ ထင်မှာပဲ” တဲ့။ ဒီတော့ ကျမကပြောတယ်.. “စစ်တပ်နဲ့ လွှတ်တော် ဘာဆိုင်သလဲ.. ထုံးစံမှ မရှိတာ..။ ဒါ အမှန် တရား မှ မဟုတ် တာ..။  ပြီးတော့ လူထု သဘောတူတဲ့ အခြေခံဥပဒေလည်း မဟုတ်ဘူး၊ ဒီလောက် အစိုးရက မတရား သဖြင့်တွေ လုပ်နေတာ ဘယ်အချက် က အမှန်လဲ အစ်ကို ကျမကို ပြောပြစမ်းပါ” လို့။
ဒီတော့ အဲဒီအကိုက ပြန်ပြောတယ်..။ “လူတိုင်းကတော့ ကိုယ်သာ မှန်တယ်.. ကိုယ့်ဘက်ကသာ အမှန်လို့ ထင်တာပဲဟ”.. တဲ့။ ကျမလည်း ပြန်ပြောခဲ့ပါတယ်။
“အမှန်တရားဆိုတာ တရားသဖြင့် မှန်ကန်ခြင်းတော့ ဖြစ်ရမယ်မို့လား” လို့..။

မပြီးသေးပါဘူး။ သူက ဆက်ပါတယ်။ “သူတို့ကလည်း တရားတယ်ထင်မှာပဲ” တဲ့။ ဒါနဲ့ ကျမက “တရား တယ်ဆိုတာ လောကကောင်းကျိုး.. လူအများကောင်းကျိုး.. လူအများ စိတ်လက်ကြည်ဖြူ ရှိတာမှပဲ တရားတယ် လို့ အကြမ်းဖျင်း ပြောနိုင်မယ်ထင်တယ်” လို့…။ နောက်ဆုံးတော့ သူနဲ့ကျမ နှစ်ယောက် လုံး သဘောတူ လက်ခံနိုင်တဲ့ အဖြေမရပါဘူး။
နောက်ဆုံး သူက ပြောပါတယ်။ “အေးပေါ့ဟာ.. ရေဖန်ခွက်ထဲ.. တ၀က်တည်းပဲ ပေးတာလား… ဆိုတာနဲ့ သြော်. . တစ် ၀က်ကြီးတောင် ပေးတာပဲ..ဆိုတာ ကွာသလိုပေါ့” တဲ့။ ကျမကလည်း ပြောပါတယ်။ “ပေးသင့်တာ.. ရသင့်တာက တစ်ဝက်လားဆိုတာလည်း ရှိသေးတယ်လေ” လို့…။

ဒါပါပဲ.. နောက်ဆုံးတော့လည်း " လူတွေဟာ ရလိုမှုတွေအပေါ်မူတည်ပြီးတော့သာ အမှန်တရားဆိုတာကို သတ်မှတ် ကြတယ်" ဆိုတာပဲ အဖြေထွက်ပါတယ်။ ဒါကြောင့်ပဲ သိဒ္ဓတ္ထတောင်မှပဲ သစ္စာလေးပါး တရားကို အဖိုးတန်တယ်လို့ ထင်သူတွေအတွက် ဘုရားဖြစ်ပေမဲ့ သူ့မိဘ ဇနီး သား နဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းတွေ အတွက်ကတော့ဖြင့် တော်တော်ကြောင်တဲ့ မင်းသား.. လူ့ဘောင်လောကကို သစ္စာ ဖောက်သူ.. ဖြစ်နေခဲ့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ကျမ အပြင်မှာ နီးနီးကပ်ကပ် စတွေ့ဖူးတာ.. ၁၉၈၉ ၀န်းကျင်..။ ကျမရဲ့ တဦးတည်းသော မောင်လေး မောင်အောင်စည်.. အဲဒီတုန်းက အသက် ၁၇ နှစ်သားက ၈၈ ဇွန်လ လောက်ကတည်း က ဒီမိုကရေစီ လှုပ်ရှားမှုထဲ ပါသွား လိုက်တာ.. ဘယ်ရောက်လို့ ရောက်နေမှန်း မသိ..။ ဘယ်မှာ နေနေလို့ နေနေမှန်း မသိ..။ နောက်တော့မှ သေသေချာချာ သိရတာက မောင်လေး က အန်တီစု ခြံထဲမှာ နေနေတာတဲ့။ သုံးရောင်ခြယ် လူငယ် အဖွဲ့နဲ့ နေနေတာတဲ့။

မှတ်မှတ်ရရ.. အဲဒီအချိန်မှာ အိမ်ထောင်ကျပြီး ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲ နေနေတဲ့ ကျမက မောင်လေးနဲ့ သိပ်မတွေ့ဖြစ်ပါဘူး။ အန်တီစု ခြံရှေ့နားရောက်မှပဲ လူငယ်လေးတွေ တွေ့မှ မောင်လေး ရှိနေတယ်လို့ သတိရရတာပါ။ အဲဒီတုန်းက အန်တီစုက သူ့ခြံထဲမှာ အရွယ် ရောက်ပြီး ရှင် မပြုရ သေး.. ရဟန်းမခံရသေးတဲ့ လူငယ်လေးတွေကို ရှင်ပြုမယ်.. ရဟန်းခံပေးမယ် ဆိုတော့ ရှင်ပြုကြ.. ကိုရင်ဝတ် ကြမယ့်အထဲမှာ ရှင်မပြုရသေးတဲ့ ကျမမောင်လေးလည်း ပါပါတယ်။

ရွှေတောင်ကုန်း ပဏ္ဍိတာရာမမှာ ထင်ပါရဲ့။ အဲဒီတုန်းက အလှူရှင်တွေ မိသားစုဝင်တွေ သိမ် ဆင်း လောင်းကြရင်း.. အဲဒီနေ့ကမှ အန်တီစု ကို အပြင်မှ နီးနီးကပ်ကပ် မြင်ဖူး တာပါ။ နောက်တစ်ကြိမ် နီးနီးကပ်ကပ် ကတော့ ခင်မင်းဇော် တို့ မင်္ဂလာဆွမ်းကျွေးမှာပေါ့။ ခုနောက်ဆုံးတကြိမ် တွေ့ခွင့်ရတာ ကတော့ ခု အမေရိကန်ခရီးမှာ VOA ကို အန်တီစု အလည်လာတဲ့အချိန်မှာ တွေ့ရတာပါ။ အန်တီ့ကို တွေ့တဲ့အချိန်မှာ ကျမ ပြင်းပြင်းပျပျ လုပ်ချင်လျက်နဲ့ လုပ်ခွင့် မရလိုက်တာက မြေပေါ်မှာ သေသေ ချာချာ ထိုင်ပြီး အန်တီ့ကို တရိုတသေ ကန်တော့ချင်တာပါပဲ။ ခုကတော့ လုံခြုံရေးအစီအစဉ်တွေကို လေးစားရတာကြောင့် စိတ်ထဲကနေသာ ထိခြင်း ငါးပါးနဲ့ ကန်တော့လိုက်ရပါတယ်။

 ကျမထင်ပါတယ်။ ကျမအပါအ၀င် အန်တီစုကို တွေ့ချင်ကြတဲ့သူ အများစုဟာ အန်တီ့ကျေးဇူးကို သိစွာနဲ့ ရိုသေလေးစားလို့ တွေ့ချင်ကြတာပဲလို့ ထင်ပါတယ်။ တွေ့ခွင့်ရဖို့ ကြိုးစားကြတဲ့သူတွေထဲမှာ အခွင့်အရေး တစုံတရာအတွက် တွေ့ချင်ကြတဲ့သူတွေလည်း ပါတယ်လို့ ထောက်ပြလာကြရင်တော့ လည်း ကျမ လက်ခံရ မှာပါ။ ဘာလို့လဲဆိုတော့ အဲလို အခြေအနေတွေ တကယ်ပဲ ရှိခဲ့ ဖြစ်ခဲ့ကြတာကိုး။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့.. ငါတို့ လုပ်မှ.. ငါတို့နဲ့ ပြေလည်မှ.. ငါတို့ပဲ လုပ်နိုင်တာ.. ငါတို့… ငါတို့.. ငါတို့….။ နေရာတကာမှာ အတိုင်းသား ကြားနေတာတွေ ရှိတာ ကိုး..။ ဖြစ်ချင်တော့ အဲဒီ ငါတို့ ဆိုတာတွေ ထဲမှာက တချိန်ကတော့ အမေရိကလို နိုင်ငံမျိုးရောက်ပြီး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ လုပ်ကိုင် စားသောက်ခဲ့ ဖူးပြီး  ဒေါ်အောင်ဆန်းစုကြည် နာမည်တောင် ကျယ်ကျယ် မပြောရဲခဲ့တဲ့ သူတွေ ပါနေတယ်ဆိုတာလည်း ကျမ သိနေတာပါပဲ။ ဒါပေမဲ့ ကျမ နားမလည်တာက ဘယ်လို အခွင့်အရေးကိုများ သူတို့က ဒီ အမျိုးသမီးကြီး ဆီကနေ လိုချင်ပါသလဲဆိုတာ ကိုပါပဲ။ အဲသလိုနဲ့……..

ဒေါ်အောင်ဆန်းစုကြည်ခမျာ.. အသက်အရွယ်နဲ့ မမျှအောင် ပင်ပန်းလှတဲ့ ခရီးတွေ.. အစီအစဉ်တွေထဲ .. ကိုယ့်နိုင်ငံ အတွက် ရလာနိုင်တဲ့ တိုးတက်ခွင့်တွေအတွက် ပင်ပန်းတကြီး စကားတွေပြောရ.. ဆွေးနွေး ရ.. ပြည်သူတွေရဲ့ တကယ့်အသံတွေအတွက် ကိုယ်စားလှယ်အဖြစ်နဲ့။ ဒီရက်တွေအတွင်း သူသွားခဲ့ရတဲ့ ခရီးတွေ.. သူ လုပ်ခဲ့ရတဲ့ အလုပ်တွေ ဟာ ငြိမ်ငြိမ်လေး ထိုင်ပြီး အလည်အပတ် သွား ရင်တောင် တော်တော် ပင်ပန်းမယ့် ခရီးတွေပါ။ ဒါပေမဲ့ အန်တီဟာ အပြုံးမပျက်အောင် နေခဲ့ သွားခဲ့ လှုပ်ရှားခဲ့ လုပ်ခဲ့ရပါတယ်။ ကျမကတော့ ကိုယ့်အမေနဲ့ ကိုယ်ချင်းစာပြီး အန်တီ့ကို သနားနေမိပါတယ်။

ကျမ ဒေါ်အောင်ဆန်းစုကြည်ကို ရိုသေလေးစားရတာတွေက ဘာကြောင့်ပါလဲ..။ ဒေါ်အောင်ဆန်းစုကြည် ဟာ.. ကျမ ဘယ်လိုမှ မလုပ်နိုင်တဲ့.. မလုပ်တတ်တဲ့ .. လုပ်ဖို့ စဉ်းတောင် မစဉ်းစားရဲတဲ့ အလုပ်တွေကို သူ့အတွက် မဟုတ်ဘဲ.. သူ့မိသားစုအတွက် မဟုတ် ဘဲ.. လုပ်နေတယ် ဆိုတာ တစ်ချက်၊ ပြီးတော့ ဘယ်တုန်း ကမှ မြန်မြာ ပည်မှာ ခေါင်းဆောင်ပြန်လုပ်ခွင့် ကြုံမယ် လို့ မျှော်လင့် မထားခဲ့ပါဘဲနဲ့ တိုင်းတပါးမှာ နေပြီး တိုင်းတပါးသားနဲ့ လက်ထပ်ခဲ့တာတောင်မှပဲ မြန်မာ့ ဂုဏ်ဆောင် ပညာရှင်အဖြစ် မြန်မာပီပီသသ နဲ့ နေခဲ့တာ တစ်ချက်၊ အဖေနဲ့ နေခွင့်ကြာကြာ မရှိခဲ့ဘဲ အဖေ့ ဂုဏ်ကျေးဇူးကို စောင့်ရှောက်.. အဖေချစ်တဲ့ နိုင်ငံကို စောင့်ရှောက်ပြီး မိခင်ရဲ့ အဆုံး အမ နဲ့ ကျေးဇူးတရားကို အမြဲ မမေ့မလျော့ ဖော်ထုတ်တဲ့ သမီးကောင်း ဖြစ်တာက တစ်ချက်၊ နိုင်ငံနဲ့ ပြည်သူ အတွက် ကိုယ်ရေးကိုယ်တာကို စွန့်ခဲ့ရပေမဲ့ သားတွေအပေါ် မေတ္တာတရားနဲ့ တာဝန်ကျေ ချင် တဲ့ မိခင် ပီသခဲ့မှုက တစ်ချက်၊ နိုင်ငံအတွက် သူလုပ်သမျှဟာ ခုထိတော့ အတတ်နိုင်ဆုံး အကောင်း ဆုံး ဖြစ်အောင် လုပ်နေပြီး အမွန်မြတ်ဆုံး အဖြူစင်ဆုံး အရိုးသားဆုံး လုပ်နေတယ်လို့ ယုံကြည်တာ က တစ်ချက်၊ အင်မတန်တော်တဲ့ ပညာရှင်အရည်အချင်းနဲ့ ပြည့်မီတာကတစ်ချက် နဲ့ ကျမအတွက်  အထူး အတုယူစရာ ကောင်းလှတာကတော့ အရာရာကို ကြိုးစား အားထုတ် လုပ်ကိုင်ရာမှာ စံပြ ဖြစ်တာပါပဲ။ (ကျမက ပျင်းတဲ့သူ မို့လို့လည်း ဖြစ်ပါတယ်)။

အဲဒီအချက်တွေဟာ ကျမအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိခြင်းငါးပါးနဲ့ တရိုတသေ ကန်တော့ ချင်ရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါဖြင့် အန်တီစုမှာ အမှားမရှိဘူးတဲ့လား..။ ကျမ မကြာ ခဏ ပြောဖူးပါတယ်။ ကျမက နိုင်ငံရေးသမားမဟုတ်တာကြောင့် နိုင်ငံရေးအရ ဒေါ်အောင်ဆန်း စုကြည် ဘာမှားသလဲ ကျမ နားမလည်ပါဘူး၊ မသိပါဘူး။ သာမန် အရပ် သား ပြည်သူတစ်ယောက် အနေနဲ့ကတော့ ကျမ ဒေါ်အောင်ဆန်း စုကြည် လုပ်နေတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အဖြစ် လုံးလုံး ပီပြင်သွားနိုင်ရေး ကို ဦးတည် လုပ်နေတယ် လို့ ယုံပါတယ်။ သွေးထွက်သံယိုတွေ.. အဖမ်း အဆီး အနှိပ်အစက်တွေ နည်းနည်း နဲ့ အလုပ်အောင်မြ င်နိုင်ရေးကို ရွေးလုပ်နေတယ်လို့ ယုံပါတယ်။ သူအာဏာရရေးအတွက် လုပ်နေတာ မဟုတ်ဘူးလို့ ယုံပါတယ်။ အာဏာရရင် လူထုအတွက် ပိုလုပ် နိုင်ရေးအတွက်ကိုပဲ ကြိုးပမ်း သွားလိမ့်မယ်လို့လည်း လုံးဝ ယုံပါတယ်။ အမှား ရှိရင်တောင် ပြည်သူလူထု အတွက် စေတနာမဲ့ အမှားမဟုတ်ဘူး လို့ ယုံပါတယ်။ အမှားဆိုတာ ဘယ်သူမှ မကင်းတာမို့ မှားနိုင်တယ်လို့လည်း လက်ခံပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ကို မျက်စေ့စုံမှိတ် ယုံကြည်ကိုးကွယ်တာပဲလို့ ပြောလည်း ကျမ က တော့ စိတ်ဆိုး စရာအကြောင်း မရှိပါ ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည်ကို ကျမ ရိုသေလေးစား တာဟာ ဘာအကျိုး အမြတ် မျှော်လင့်ချက်နဲ့မှမဟုတ်တာ သေချာတာကြောင့် ကျမ လိပ်ပြာသန့်လို့ပါပဲ။

နည်းနည်းလေး လူပါးဝပြီးပြောရရင်တော့ မေငြိမ်း..က ဒေါ်အောင်ဆန်းစုကြည် နဲ့ မတွေ့လည်း မေငြိမ်း ပဲ။ တွေ့လိုက်ရလို့လည်း ပိုကျော်ကြားဖို့ မရှိ။ မတွေ့လိုက်ရလို့လည်း ဆုတ်ယုတ် ဖို့ မရှိ။ တွေ့ခွင့်ရ လိုက် တော့လည်း ဘ၀မှာ ကိုယ် ကြည်ညို လေးစားရသူကို မျက်မြင်ကိုယ်တွေ့ လက်အုပ်ချီပြီး စိတ်ထဲကနေ တရိုတသေ ကန်တော့ လိုက်ရတာ တစ်ခုပဲ တန်ဖိုးအဖြစ် ရှိပါတယ်။


ဒါပေမဲ့ ကျမ စိတ်မကောင်းတာက အဲသလောက် ကိုယ့်နိုင်ငံအတွက် လုပ်နေတဲ့ ကိုယ့်အမေအရွယ်.. အဖွားအရွယ်.. အဒေါ်အရွယ်ကို စာဖတ်ပေဖတ်.. ပြီးတော့ စစ်အာဏာရှင်ကိုလည်း မကြိုက်ခဲ့သူ ဒီမိုကရေစီ ဘက်သားတွေလို့ ယူဆရသူတွေက ဘာဖြစ်လို့များ မခန့်လေးစားနဲ့ ရိသလိုလို ထေ့ သလို လို.. ရွဲ့သလို လို စောင်းသလိုလို တွေ ပြောနေကြသလဲဆိုတာကိုပါ။  ဒေါ်အောင်ဆန်းစုကြည်မှာ ဝေဖန်စရာ ရှိရင် သေသေ ချာချာ ပညာရှင်ဆန်ဆန် ဝေဖန်ထောက်ပြသင့်ပါတယ်။

ဥပမာပေးရရင် တလောက (ကို) မင်းဇင် ရေးတဲ့ ဆောင်းပါး ဆိုရင် စနစ် တကျ စေတနာ ပါပါနဲ့ ထောက်ပြ ထားတဲ့ ဆောင်းပါးပါ။ What Aung San Suu Kyi didn’t say during her visit to Washington  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမှာ http://transitions.foreignpolicy.com/posts/2012/10/02/what_aung_ san_suu_kyi_didn_t_say_during_her_visit_to_washington   ဖတ်နိုင်ပါတယ်။ ဒါဟာ ကျမတို့ နိုင်ငံ အတွက် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာရေးသူရဲ့ စေတနာပါ တဲ့ ဝေဖန် သုံးသပ်ချက် လည်း ဖြစ်ပါတယ်။

တကယ်တော့ ကျမ ခုလို စာမျိုး မရေးချင်ပါဘူး။ သူ့သဘောသူဆောင်ကြတာပဲ ဘာဖြစ်လဲလို့ ထား လိုက် ချင်တာပါ။ ဘယ်လိုမှ မမြင်ချင်တော့ရင် အဲဒီလူတွေရဲ့ facebook post တွေကို hide လုပ် လိုက်ရုံပါပဲ။ သိပ်လွယ်ပါတယ်။ ကျမအင်တန်ချစ်တဲ့ သူငယ်ချင်းကိုတောင် အပြန်အလှန် ပြောကြရင်း ကနေ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ မမြင်အောင် လုပ်ပြီး နေလိုက်ရတော့တာပဲ။ ဒါပေမဲ့ ခုကျတော့ဖြင့်  ဒေါ်စုကို ချစ်ခင် ရင်းစွဲရှိခဲ့တဲ့သူတွေကတောင် အဲသလို မဆိုင်တာတွေနဲ့ ရိသလိုမျိုး ဒေါ်စုကို ပြောလာ ကြပါပြီ။

ကျမ ချစ်ခင်ရင်းစွဲ ရှိတဲ့ မိတ်ဆွေလေးတယောက်က (လွှတ်တော်က ထင်ထား သည်ထက် ဒီမိုကရေစီ ဆန် သည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား) ဆိုတဲ့ သတင်းတစ်စကို   ပြန် ညွှန်းပြီး တော့..  “အမှတ်တွေ စွတ်ပေးနေပါလား..” လို့ သူ့ wall မှာ တင်ထားတာ တွေ့ပါတယ်။ ကျမ စိတ် မကောင်း ဖြစ်ပါတယ်။ အံ့လည်း အံသြမိပါတယ်။ ဒီလို အပြောဟာ ကျမတို့ အတန်းဖော် သူငယ်ချင်း အချင်းချင်း မှာတောင်မှပဲ သိပ် အမြင် မကြည်တဲ့သူ ကိုသာ ပြောကြတဲ့ အသုံးအနှုန်း မျိုးပါ။သူဟာ ဒီလို ပြောလေ့တဲ့သူမျိုးလည်း မဟုတ်ပါဘူး။

 ဒေါ်စု မြင်တာ မဟုတ်သေးဘူး.. ဒီလို မပြောသင့်ဘူးလို့ သူတကယ် ထင်တယ်ဆိုရင်.. အဲလိုေ တာ့ ဒေါ်အောင်ဆန်းစုကြည် ထင်တာ များနေပြီ ထင်ပါတယ်ခဗျာ။ ကျနော်တို့ တွေ့ရသမျှတော့ မဖြစ်နိုင် ပါ.. ဆိုတာ မျိုး ယဉ်ယဉ်ကျေးကျေး ရေးလို့ ရပါတယ်။
ကျမတို့ ဗမာတွေမှာ လူဆိုး လူယုတ်မာ မဟုတ်ဘူးဆိုရင် ဂါရဝေါစ နိဝါတောစ.. ဂုဏ်အားဖြင့် အသက် အရွယ် အားဖြင့် ကြီးသူ ကို .. ကျေးဇူးရှိ သသူ ကို.. မြင့်မြတ်သူ ကို.. ရိုသေလေးစားရတယ် ဆိုတာကို မင်္ဂလာတစ်ပါး အဖြစ် သတ်မှတ်ပါတယ်။
ဒါမှမဟုတ်လည်း.. ကိုယ့်အမေကိုသာ သူများက အဲလို ပြောလာရင် ခံနိုင်သလားလို့ တွေးတတ်ကြတဲ့ ကိုယ်ချင်း စာစိတ်ဆိုတာလည်း ဗမာ့ဓလေ့မှာ အထူးသဖြင့် ရှိပါတယ်။ ဥပမာပြောရရင် ကိုယ့်အမေဟာ တခြား ဘာမှ မလုပ်ဘဲ အိမ်မှာ သနပ်ခါးအဖွေးသားနဲ့ သူများအတင်းထိုင်ပြောလိုက်… အိမ်လည်လိုက်နဲ့ နေ နေတာ ကိုတောင် သူများ က အမှန်အတိုင်းပြောပြီး ကဲ့ရဲ့ရင် ခံနိုင်ကြပါသလား..။
ခု ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးကြီး က ဒီနိုင်ငံက အကျိုးအမြတ် မပြောနဲ့ သူ့ကိုယ်ပိုင်ဘ၀က ရနိုင်တဲ့ အကျိုး အမြတ် ကိုတောင်မှ မခံစားဖူးသေးတဲ့ အမျိုးသမီးကြီးပါ..။
ဒီလိုအမျိုးသမီးကြီးဟာ ခုလို သရော်မော်ကားအပြောတွေနဲ့ ထိုက်တန်ပါသလား..။ စဉ်းစားကြစေချင်ပါတယ်။

သူ့ကို ထိကပါး ရိကပါး ငေါ့ဖို့ဆိုရင် တခုခုမှာတော့ သူနဲ့ တန်းတူ ယှဉ်နိုင်နေလို့သာ ဖြစ်ရပါမယ်။ တဆိတ်တော့ စဉ်းစားကြည့်ကြဖို့ ကောင်းပါတယ်။
ကိုယ်က သူနဲ့ တန်းတူ ကိုယ့်နိုင်ငံအရေး လုပ်နိုင်ခဲ့ပြီလား…
သူနဲ့ကိုယ် ပညာအရာ ဂုဏ်သိက္ခာအရာ ကိုယ်ကျင့်တရားအရာ ယှဉ်နိုင်သလား…
သူ့လောက် လုပ်နိုင်မယ့်.. လုပ်ခွင့်ရမယ့်သူ ကျမတို့ နိုင်ငံအတွက် ရှိနေပြီလား..။
မြန်မာနိုင်ငံသမိုင်းထဲ လူရိုသေ ရှင်ရိုသေရှိကြတဲ့ ခေါင်းဆောင် တခြားတစ်ယောက် အစားထိုးစရာ ရှိနိုင်ပြီလား။

ခုဒေါ်အောင်ဆန်းစုကြည်ကို အဲလို ရိနေတဲ့သူတွေထဲမှာ စစ်အစိုးရလက်ထက်တုန်းက စစ်အစိုးရရဲ့ အမှန် တကယ် ညံ့ဖျင်းမှုတွေကို ခုလို နာမည်နဲ့ ဓာတ်ပုံနဲ့ ပေါ်ပေါ် ထင်ထင် ရိခဲ့ကြတဲ့သူ ဘယ် နှစ်ယောက်များ ပါပါသလဲ..။
ဝေဖန်အပြစ်တင်ရတာ သိပ်လွယ်ပါတယ်။ ကိုယ်တိုင်အပြစ်မရှိအောင် မမှားအောင် နေရဖို့သာ ခက်တာပါ။ ပိုခက်တာက ကိုယ်မှားနေတာကို မှားမှန်းသိဖို့က ပိုခက်တာပါ။
ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရိကြ ထေ့ကြ ခနဲ့ကြတဲ့သူတွေကို မှားနေတယ်လို့ ထင်တာဟာ ကျမ ကိုယ်တိုင်က မှားနေတာလည်း ဖြစ်နိုင်ပါတယ်။
သေချာတာကတော့ ကျမက ကျမသိရှိလက်ခံထားတဲ့ ပကတိအမှန်တရား အချက်အလက်တွေနဲ့အတူ ယဉ်ကျေးမှုမင်္ဂလာတရားနဲ့ အညီသာ ရေးတာ ဖြစ်ပါတယ်။
ကျမကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရိနိုင် ထေ့နိုင် (ဝေဖန်သုံးသပ်တာ မပါပါ) လောက်တဲ့သူ မဟုတ် တာ သေချာပါတယ်။

No comments:

Post a Comment