အထူးသဖြင့် ဆီးရီးယား အရေးနှင့် ဆက်နွယ်သော ဆန္ဒပြမှုများကြောင့် ဟာ့ဂ်ျဝတ်ပြုခရီးသည်များအား အနှောင့်အယှက် ဖြစ်စေမည်ဟု ဆော်ဒီ အစိုးရက စိုးရိမ်နေသည်။ ကမ္ဘာကျော် Grand Mosque ဗလီကြီးတွင် တနင်္လာနေ့ကတည်းက ဝတ်ပြုသူများဖြင့် ပြည့်နှက် စည်ကားလျှက် ရှိနေကြောင်း သိရသည်။ ဟာ့ဂ်ျခရီးသည်များသည် အများအားဖြင့် ရိုးရှင်းသော အဖြူရောင် ခြုံထည်များကို ဝတ်ဆင်လာကြသလို ဝတ်ပြု ခရီးသွားအများအပြားသည် ဗလီကြီးအပြင်ဘက်ရှိ စကျင်ကျောက် ပလက်ဖောင်းများတွင် အိပ်စက်နေသည်ကိုလည်း တွေ့ရသည်။ "ဒီကိုရောက်လာတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ္စလာမ်ဘာသာရေးဟာ စည်းရုံးကြောင်း အမြင်အရ သက်သေပြနိုင်တဲ့ သတင်းစကားတစ်ခု ဖြစ်နေလို့ပါပဲ။ ကွဲပြားတဲ့ ဘာသာစကား အမျိုးမျိုးကို ပြောနေပေမယ့် တူညီတဲ့ ဘုရားသခင်ဆီမှာ လူတွေ ဆုတောင်းနေကြတယ်လေ"ဟု အီဂျစ်မှ အသက်(၅၂)နှစ်အရွယ် ဖာမီ မူဟာမက် အယ်လ်နီမာက ပြောကြားခဲ့သည်။
ဆော်ဒီအစိုးရသည် ပြဿနာဖြစ်နိုင်သည့် အခြေအနေ အားလုံးအတွက် ထိန်းသိမ်းရန် ကြိုတင်စဉ်းစား စီစဉ်ထားသည်။ (၁၉၇၉)ခုနှစ်က ဟာ့ဂ်ျကာလအတွင်း အကြမ်းဖက်မှုများ ဖြစ်ခဲ့သည့်နောက် လူပေါင်း ရာနှင့်ချီ သေဆုံးမှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ဟာ့ဂ်ျကာလ ဝတ်ပြုမှုတွင် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ မွတ်ဆလင် (၃)သန်းမျှ လာရောက် စုရုံးလေ့ရှိပြီး ယင်းသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး နှစ်စဉ်စုစည်းသည့် အခမ်းအနားအဖြစ် မှတ်တမ်းတင်ထားသည်။
No comments:
Post a Comment