Wednesday, November 21, 2012

မြန်မာလူငယ် သတင်းသမားများ


စတစ်ကော်လံလက်တို ရှပ်အင်္ကျီအဖြူတစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသော သတင်းသမားလူငယ် တစ်ေ ယာက် ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းအတွင်းရှိ သတင်းသမားများအတွက် သတ်မှတ်ပေးထားသော နေရာ သို့ အမောတကော ရောက်လာသည်။အတန်ငယ်မောဟိုက်နေပုံရသော်လည်း ပျော်ရွှင်တက်ကြွနေပုံရသောမျက်နှာဖြင့် မိတ်ဆွေသတင်းသမားများကို သူ့ဖြစ်အင်ကို ပြောပြနေသည်။ " လှည်းတန်းမှာ စက်ဘီးတွန်းလာတဲ့သူ
တစ်ယောက်ကို အကူအညီတောင်းပြီး သူ့စက်ဘီးငှားစီးလာတာလေ။ စက်ဘီးကို ခြံရှေ့မှာထားခဲ့တယ်။ လာမယူလောက်သေးဘူး။ တော်ပါသေးရဲ့ သူက ကူညီလို့။ နို့မို့ ကျနော်ဒီအချိန်အထိတောင် ရောက်မှာမဟုတ်ဘူးဗျ။ ဘယ်ကားမှ ကားလို့မရဘူး" ရွှဲနစ်နေသော ချွေးများကြောင့် အတန်ငယ် ပြည့်ဖြိုးသော ခန္ဓာကိုယ်နှင့်မလိုက်အောင် သွက်လက်ဖြတ်လတ်ဟန်အပြည့်ဖြင့် ပြောနေသော သတင်းသမားလူငယ်ကိုကြည့်ရသည်မှာ မြန်မာသတင်းလောကရှိ နိုးကြားတက်ကြွသော လူငယ်သတင်းထောက်များ၏ ပစ္စက္ခအခြေအနေကို တိုက်ရိုက်ဖော်ညွှန်းနေသည့်နှယ်..။ ကျွန်တော်သည်လည်း ထိုနေ့က ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းရောက်နေသည်။ အမေရိကန်သမ္မတ အိုဘားမားအလာကို စောင့်ပြီး သတင်းယူရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါက အမေရိကန်ပြည်ထောင်စု၏ ၄၅ဆက်မြောက် သမ္မတအိုဘားမားတစ်ယောက် မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် တရားဝင်လာရောက်သည့် ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့်သတင်းကို စောင့်ဆိုင်း ရယူရန်ဖြစ်သည်။ ခြံဝင်းအတွင်းတွင် ကျွန်တော်အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းထောက်များ စုစုပေါင်း အယောက်၃၀ခန့် ရှိသည်။ အိမ်ဖြူတော်သတင်းထောက်များအပါအဝင် အိုဘားမားခရီးစဉ်ကို တောက်လျှောက်လိုက်ပါလာသော ကမာကျော်သတင်းမီဒီယာကြီးများမှ သတင်းသမားများလည်းပါသည်။ သူတို့တတွေနှင့် ကျွန်တော်တို့အနေအထားက အတော်ကြီးကွာခြားသည်။ သူတို့က သူတို့အတွက် သီးသန့်စီစဉ်ထားသော ဘတ်စ်ကားတစ်စင်းဖြင့် လာသည်။ ကျွန်တော်တို့က ကျွန်တော်တို့တစ်ဦးချင်းအစီအစဉ် နည်းလမ်းပေါင်းစုံဖြင့် လာကြရသည်။ စောစောက လူငယ် သတင်းသမားလေး ဖြစ်အင်ကိုပင်ကြည့်။ ရန်ကုန်မြို့တော်၏ အဓိက လမ်းမကြီးများကို အိုဘားမားခရီးစဉ် လုံခြုံရေးအရ ခေတ္တပိတ်ထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အချိန်မီရောက်ရှိရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မဖြစ်ဖြစ်အောက် အရောက်လာကြရသည်။ မြန်မာပြည်တွင် ကြုံတွေ့နေရသော ဒင်းကြမ်းပြည့်နေသည့် အခက်အခဲများက သူတို့တတွေ၏ သတင်းလုံ့လ၊ သတင်းဇောကို ကြာကြာအံမတုနိုင်။ ကျွန်တော်သည်ပင်လျှင် လမ်းထဲရှိ မိတ်ဆွေတစ်ယောက်၏ ကူညီမှုဖြင့် ဝင်ဒါမီယာအတွင်းရှိ ရှုပ်ထွေးကျဉ်းမြောင်းသော လမ်းသွယ်များကို ဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည်အိမ်နှင့် အနီးဆုံးနေရာသို့ လာခဲ့ရသည်။ တစ်မှတ်တိုင်မရှိတရှိခန့် လမ်းလျှောက်လိုက်ရသေးသည်။ ကျွန်တော့်အဖြစ်က ထိုသတင်းထောက်လူငယ်လေးနှင့် ယှဉ်တော့ ဘာမျှမဟုတ်။ " ဒါက ဘာဟုတ်သေးလို့လဲဗျာ။ နယ်မှာ သတင်းဆင်းလိုက်တဲ့အခါဆို ဒီ့ထက်အခြေအနေဆိုးတာတွေ ခဏခဏကြုံရတယ်" ဟု ထိုလူငယ်က ပြုံးစစမျက်နှာပေးနှင့် ဆိုသည်။ မှန်ပါသည်။ ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ်များမှ မြန်မာလူငယ် သတင်းသမားများအဖို့ ထိုကဲ့သို့သော အခြေအနေသည် အခက်အခဲဟုပင် စာမဖွဲ့လောက်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၀၉ တာလေငလျင်၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ပထမအကြိမ် ရခိုင်ဒေသ ပဋိပက္ခ ကာလအခြေအနေတို့တွင် သည့်ထက် ကြီးမားသော အခက်အခဲပေါင်းများစွာကြားက မြန်မာစာဖတ်ပရိသတ်များနှင့် ကမ္ဘာ့ပြည်သူများထံ သတင်းနှင့် သတင်းဓာတ်ပုံပေါင်းများစွာ တင်ဆက်ပေးပို့နိုင်ခဲ့ကြသည်။ အခြေအနေမှန်ကို တင်ပြပေးနိုင်ခဲ့ကြသည်။ မြန်မာပြည်ကြီး၏ တစ်ထောင့်တစ်နေရာကို တံခါးလှပ်ပြနိုင်ခဲ့ကြသည်။မကြာသေးခင်ကာလက ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများ၊ မြေငလျင်လှုပ်မှုများ၊ မီးလောင်မှုများတွင်လည်း သက်ဆိုင်ရာ ဒေသများသို့ သွားရောက်၍ သတင်းရယူကာ ပြည်သူလူထုထံ ပြန်ကြားပေးနိုင်ခဲ့ကြသည်မှာလည်း မြန်မာသတင်းသမား လူငယ်များပင်။ မြန်မာလူငယ်သတင်းသမားများသည် ဤသို့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့်အပြင် တစ်ခါတရံ အာဏာပိုင်များ၏ ဖမ်းဆီးချုပ်နှောင်မှုအပါအဝင် တခါတရံ အသက်အန္တရာယ်နှင့် နီးသောကိစ္စရပ်မျိုးပင် ကြုံကြရသည်။ သတင်းထောက်အလုပ်ကို ဤမျှ တက်တက်ကြွကြွလုပ်ကိုင်နေကြသော်လည်း သူတို့တတွေ၏ လစာရိက္ခာမှာ နိုင်ငံတကာ သတင်းသမားများ၏ လစာရိက္ခာနှင့် များစွာ ကွာခြားနေဆဲဖြစ်သည်။ အနည်းငယ်မျှသော မြန်မာသတင်းသမားအချို့လောက်သာ အရည်အချင်းနှင့် ထိုက်တန်သည့် လစာရရှိနေကြသည်။ အခြားတစ်ဖက်တွင်လည်း နှစ်ပေါင်းများစွာ သတင်းပညာရပ်နှင့်ဆိုင်သည့် အတတ်ပညာကို စနစ်တကျသင်ကြားပေးသည့် သင်တန်းနှင့် ကောလိပ်၊ တက္ကသိုလ် လုံးဝမရှိခဲ့ဘဲ အခြားနည်းလမ်းအမျိုးမျိုးဖြင့် သတင်းစာပညာကို ဆည်းပူးသင်ကြားကြရသည်။ သို့ရာတွင် လက်တွေ့ သတင်းလိုက်ခွင့်မရသည့် နယ်ပယ်များစွာရှိသော၊ သတင်းသမားများကို မဖြေရဲသည့် သတင်းရင်းမြစ်ပေါင်းများစွာရှိသော၊ သတင်းသမားများကို ရန်သူသဖွယ်ဆက်ဆံသည့် အာဏာပိုင်များရှိသော၊ သတင်းသမားနှင့် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို ကောင်းစွာနားမလည်သူများစွာ ရှိနေသော နိုင်ငံတစ်ခုတွင် သတင်းစာပညာတွင် သင်ကြားထားသည့်အတိုင်း သတင်းလိုက်ခွင့်၊ ရေးသားဖော်ပြခွင့် မရခဲ့ကြ။ ထို့အပြင် ဤ အချက်က သတင်းလွတ်လပ်ခွင့်ရှိသော နိုင်ငံများမှ သတင်းသမားများနှင့် အဓိက ကွာခြားချက်ဖြစ်သည်။ ထို့ကြောင့် မြန်မာလူငယ်သတင်းသမားများတွင် အားနည်းချက်အချို့ ရှိကောင်းရှိနိုင်သည်။ အားနည်းချက်ဆိုသည်မှာ လူတိုင်းတွင်ရှိသည်။ အားနည်းချက်ရှိရသည့် အကြောင်းအရင်းများကိုလည်း သိထားဖို့လိုသည်။ သမိုင်းတွင် မြန်မာသတင်းသမားများ မညံ့ခဲ့ကြ။ ၁၈၃၆ခုနှစ်တွင် ပထမဦးဆုံး သတင်းစာဟုဆိုရမည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မော်လမြိုင်ခရော်နီကယ် သတင်းစာနှင့်ဆိုပါက မြန်မာနိုင်ငံ၏ နေ့စဉ်ထုတ် သတင်းစာသက်တမ်းမှာ ၁၇၅နှစ်ခန့် ရှိပြီဖြစ်သည်။ သို့သော် ၁၉၆၂ခုနှစ် စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ လွတ်လပ်စွာ ဖော်ထုတ်၊ ရေးသား၊ ပြောဆို၊ ဖြန့်ချိခွင့်နှင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာထုတ်ဝေခွင့်များ ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့နောက် အများသိကြသည့်အတိုင်း ရာစုနှစ် တစ်ဝက်ခန့် အာဏာရှင်စနစ်အောက်တွင် ဖြတ်သန်းခဲ့ကြရသည်။ ကုန်ခဲ့သည့် တစ်နှစ်အတွင်းမှသာ စာပေစိစစ်ရေးသို့ ပုံနှိပ်ထုတ်ဝေသမျှ အားလုံးတင်ပြနေရခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချပေးခဲ့သည်။ နောက်ဆုံး စာပေစိစစ်ရေးထံ ပုံနှိပ်ထုတ်ဝေပြီးမှသာ တင်ပြရသည့်အဆင့်သို့ ပြောင်းသွားခဲ့သည်။ နှစ်၅၀ခန့် စိစစ်ဖြတ်တောက်ခံခဲ့ရသည့် မြန်မာ စာနယ်ဇင်းလောကအတွက် များစွာကြီးများသည့် အပြောင်းအလဲတစ်ရပ်ဖြစ်ခဲ့သည်။ ထိုအခြေအနေသည် သတင်းသမားများအတွက် ဝမ်းမြောက်ရွှင်လန်းစရာ အပြောင်းအလဲဖြစ်သော်လည်း အချို့လူများကမူ သတင်းသမားများနှင့် ဆန့်ကျင်ဘက် ခံစားမှုမျိုးရှိကြသည် ။ အထူးသဖြင့် ခေတ်ပြောင်း၊ စနစ်ပြောင်းတွင် စနစ်ဟောင်းကို ဖက်တွယ်လိုသော၊ ရှိခဲ့သည့် လုပ်ပိုင်ခွင့်အာဏာနှင့် ရာထူးစည်းစိမ်၊ လာဘ်လာဘကို မစွန့်လွှတ်လိုသော၊ အရေးပါအရာရောက်မှုကို အဆုံးရှုံးမခံလိုသော၊ အာဏာရှင်စရိုက်လက္ခဏာများ ကြွင်းကျန်နေဆဲ ဗြူရိုကရက်အချို့က သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများကို ရန်သူသဖွယ်သဘောထားသည်။ သတင်းသမားများသည် လွတ်လပ်ခွင့်ပေးလိုက်ပါက ဗရမ်းပတာ အထိန်းအကွပ်မဲ့ ရေးချင်ရာရေး၊ ထည့်ချင်ရာထည့်မည့်သူများ၊ တစ်စိတ်ကို တစ်အိတ်ဖြစ်အောင် ပုံကြီးချဲ့သူများ၊ ပြဿနာကို ပိုကြီးအောင် လှုံ့ဆော်သူများအဖြစ် တံဆိပ်ကပ်လိုသည်။ ထို့ကြောင့် လူငယ်သတင်းသမားအချို့နှင့် မီဒီယာအချို့၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ပုဂ္ဂလိက သတင်းမီဒီယာလောကကို ရသည့်နေရာမှ ပြစ်တင်ဝေဖန်သည်။ အလစ်ချောင်း ချုံခိုတိုက်ခိုက်သည်။ အကွက်ဆင်၊ ထောင်ချောက်ဆင် ချောက်ချသည်။ မီဒီယာများကြောင့် ပြဿများပိုဆိုးသွားသယောင် သပုတ်လေလွင့်ပြောသည်။ အွန်လိုင်းပေါ်တွင် အုပ်စုဖွဲ့ကာ နာမည်မျိုးစုံသုံးပြီး ဆိုရှယ်မီဒီယာများမှတစ်ဆင့် အဆိုးမြင်မှတ်ချက်များ ဝင်ပေးသည်။ ပြည်သူလူထုနှင့် သိက္ခာရှိ မီဒီယာများကို ရန်တိုက်ပေးသည်။ တို့မီးရှို့မီးလုပ်သည်။ ပြောရလျှင် သပ်ရှိုသွေးခွဲ၊ ရန်တိုက်ပေး၊ လမ်းကြောင်းအမှားလွှဲပစ်ခြင်းတို့သည် အာဏာရှင်များ၏ ခေါက်ရိုးကျိုးနေသော မွဲပြာပုဆိုးနည်းလမ်းဖြစ်သည်။ထိုနည်းလမ်းများဖြင့် ၄င်းတို့၏ တရားဝင်ဖြစ်ရေး၊ သြဇာအာဏာမလျော့ပါးရေး၊ ရပ်တည်မှု ခိုင်မြဲရေးကို ခေတ်ပြောင်းနေမှန်း သိသိချည်းနှင့် ဇွတ်မှိတ် လုပ်နေကြခြင်းပင်။ ထို့ကြောင့် မြန်မာ သတင်းမီဒီယာအချို့၏ အွန်လိုင်းစာမျက်နှာများတွင် သတင်းသမားများကို အထင်အမြင်လွဲမှားစေမည့် မှတ်ချက်များ၊ သတင်းသမားများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမည့် ကြေညာချက်၊ တိုင်ကြားချက်၊ အကြောင်းကြားစာများ ထုတ်ဝေခြင်းတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ သို့မှသာ မြန်မာသတင်းမီဒီယာများကို လွတ်လပ်ခွင့် အပြည့်အဝမပေးသင့်သေးကြောင်း ၄င်းတို့ရည်ရွယ်ချက် ပေါ်လွင်လာမည်ဖြစ်သည်။စင်စစ်အားဖြင့် နှစ်ပေါင်း အတန်ကြာ အာဏာရှင်စနစ်အောက်တွင် စွန့်စားသတင်းယူခဲ့ကြရပြီး သတင်းပညာကို ကြုံသလို၊ ရသည့်နေရာမှ သင်ယူခဲ့ရသော ကျွန်တော်တို့ မြန်မာသတင်းသမားများထံတွင် အားနည်းချက်များ ရှိနေသည်ကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိသည်။ အားနည်းချက်ကြောင့် အမှားများလည်း လုပ်မိကြသည်။ သို့သော် စေတနာမှားသာဖြစ်သည်။ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တစ်ခုလုံး၊ မျိုးဆက် တစ်ခုလုံးနှင့်ချီကာ တိုင်းပြည်ငါးပါးမှောက်ရသည့် အမှားမျိုး မြန်မာသတင်းသမားများ မကျူးလွန်ခဲ့ကြ။ စေတနာ အမှားများကြုံရပါကလည်း ပွင့်ပွင့်လင်းလင်းဖြင့် အပြုသဘော အကြံပေးထောက်ပြနိုင်သည်။ ဝေဖန်ဆန်းစစ်နိုင်သည်။ ထိုသို့သော အကြံပြုထောက်ပြချက်၊ ဝေဖန်ဆန်းစစ်ချက်တို့က ကျွန်တော်တို့ သတင်းသမားများအတွက် အထောက်အကူဖြစ်သည်။ ကြိုလည်း ကြိုဆိုသည်။ သို့သော် ပူလောင်လွန်း၊ ပြစ်တင်သံကဲလွန်းသော မှတ်ချက်များဖြင့် blame game လုပ်နေခြင်းသည် အဖြေမထွက်သည့် zero sum game သာ။ တိုင်းပြည်အတွက်ရော မြန်မာလူ့အဖွဲ့အစည်းအတွက်ပါ အကျိုးမရှိ။ အထူးသဖြင့် အွန်လိုင်းပေါ်ရှိ လူမှုကွန်ယက်ဆက်သွယ်ရေး စာမျက်နှာများပေါ်ရှိ သဘောထားမှတ်ချက်အချို့မှာ အပျက်သဘောဆန်လွန်းသည်။ ပြောသူအတွက်ရော လက်ခံသူအတွက်ရော ပရိသတ်အတွက်ပါ အကျိုးမရှိ။ အချည်းအနှီးသာ။ ဘုရားဟောသည့် စကားကြီးခြောက်ခွန်းအနက် ပယ်ရမည့် လေးခွန်းတွင်ပါသည်။ အချို့မှတ်ချက်များနှင့် ထိုမှတ်ချက်ပေးသူအချို့မှာ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်သည်။ မိမိကိုယ်ကိုယ်ကို ညာဖက်လက်ဖြင့် ထောက်ခံချီးမွမ်းရေးသားကာ တစ်ပါးသူ(တစ်နည်းအားဖြင့် မိမိ ပြိုင်ဖက်(ဝါ) ရန်သူဟု သတ်မှတ်ထားသူ)ကိုမူ ဘယ်ဖက်လက်ဖြင့်ဆဲသည်။ ညာဖက်လက်ဖြင့် မိမိရေးထားသည်ကို ဘယ်ဖက်လက်ဖြင့် ထောက်ခံသည်။ ဘယ်ဖက်လက်ဖြင့် ရေးထားသည်ကို ညာဖက်လက်ဖြင့် အားပေးသည်။ ထိုနည်းဖြင့် အွန်လိုင်းပေါ်တွင် ပြဿနာဖန်တီးရုံတင်မက ပြင်ပ လက်တွေ့ကမ္ဘာတွင်ပါ အဆိုးမြင်ဝါဒများ ပြန့်ပွားအောင် လုပ်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒများဖြင့် မှိုင်းတိုက်သည်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သော မြန်မာနိုင်ငံသားအချင်းချင်း ရန်တိုက်ပေးသည်။ အွန်လိုင်းပေါ်တွင် အဆိုပါအမျိုးအစားရှိသူများ၏ ပူလောင်သော မှတ်ချက်များကို အသိဉာဏ်ကြီးသော နိုင်ငံသားများ အသိမဲ့ အားပေးသကဲ့သို့ မဖြစ်စေရန်လည်း အရေးကြီးသည်။ အထူးသဖြင့် မည်သည့်အကြောင်းအရာမဆို ဓမ္မဓိဌာန်ကျကျ၊ ကျိုးကြောင်းဆက်စပ်မှုရှိရှိ သမာသမတ်ကျကျ ပရော်ဖက်ရှင်နယ် ပီပီသသ ရပ်တည်ရေးသားရမည့် မီဒီယာသမား၊ သတင်းသမားများအတွက် ပိုအရေးကြီးသည်။ ယခုနောက်ပိုင်း မြန်မာလူငယ်သတင်းသမားများနှင့် ပတ်သက်၍ စောဒကတက်မှုများ၊ ဝေဖန်မှုများလည်း ကြားနေရသည်။ အခမ်းအနားများတွင် တီရှပ်၊ ဂျင်းဘောင်းဘီ အပြဲ၊ လယ်ဟိုက်အင်္ကျီကျပ်၊ စကပ်တို၊ ရှော့ပင်ဝတ်လာကြသူများ၊ အခမ်းအနားကျင်းပနေစဉ်တွင် အချင်းချင်း အပြန်အလှန် ဓာတ်ပုံရိုက်ကျီစယ်နေကြခြင်းများ၊ တီဗီ ကင်မရာများရှေ့တွင် ပိတ်ရပ်၍ ဓာတ်ပုံရိုက်သူများ၊ မလိုအပ်ဘဲ စက်သေနပ်ပစ်သကဲ့သို့ မော်တာဖြင့် ဒရစပ် ဓာတ်ပုံရိုက်သူများ၊ မိမိ ပုံကောင်းရရေးကိုသာ အလေးထားပြီး အခြားသူများကို မငဲ့ကွက်သူများ၊ ရှေ့တွင် အခြားသတင်းထောက် မေးပြီးသားမေးခွန်းကို သေချာ နားစိုက်မထားဘဲ သံတူကြောင်းကွဲ ထပ်ကျော့မေးခွန်းမေးခြင်းများ၊ အများသူငှာ သတင်းအတွက် အာရုံစိုက်နေချိန်တွင် အရေးကြီးပုဂ္ဂိုလ်/ ထူးခြားနေရာ နောက်ခံထားပြီး မိမိပုံဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ရန် အားသန်နေသူ သတင်းထောက်များ၊ အချိန်လုနေရသောကြောင့် သတင်းမီဒီယာတစ်ခုလျှင် မေးခွန်းတစ်ခုသာ မေးရန် မေတ္တာရပ်ခံထားပါ လျှက် ရှေ့ဆုံးမှ မေးခွန်း သုံးလေးခု ပိတ်မေးလိုသူများ၊ ကာယကံရှင် စိတ်အနှောက်အယှက် ဖြစ်လောက်အောင်ပင် အလုအယက် အတင်းတိုးဝှေ့ကာ ဓာတ်ပုံရိုက်ခြင်းများသည် မြန်မာလူငယ်သတင်းသမားများ၏ အားနည်းချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဖော်ပြပါ အားနည်းချက်များသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများသာ ဖြစ်သည်။ သို့သော် ထိုအားနည်းချက်တို့သည် ကာယကံရှင် သတင်းသမားတို့တွင်သာ တာဝန်ရှိသည်မဟုတ်။ သက်ဆိုင်ရာ မီဒီယာရှိ အယ်ဒီတာများတွင်လည်း အထူးတာဝန်ရှိသည်။ သတင်းစာကျင့်ဝတ်၊ သက်ဆိုင်ရာ မီဒီယာတစ်ခုချင်းစီအလိုက် ချမှတ်ထားသော တိုက်စည်းကမ်း၊ ကျင့်ဝတ်များကို လူငယ်သတင်းသများကို လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးမှု အားနည်းခြင်းကသာ အဓိကအားနည်းချက်ဖြစ်သည်။ များသောအားဖြင့် သတင်းဂျာနယ်အတော်များများသည် အသစ်ဝင်လာသော သတင်းသမားလူငယ်များကို ရေမကူးတတ်သေးဘဲ ရေကန်ထဲ ကန်ချလိုက်သကဲ့သို့ ဘာမျှ သင်ကြားလေ့ကျင့်မပေးဘဲ သတင်းလိုက်ခိုင်းခြင်းက ထိုအားနည်းချက်များ ပေါ်ပေါက်လာရခြင်း၏ အဓိက လက်သည်ဖြစ်သည်။ ထိုအတွက် အရည်အချင်းရှိပြီး သတင်းလောက အတွေ့အကြုံရင့်ကျက်သည့် အယ်ဒီတာကောင်းများ လိုအပ်သည်။ မြန်မာသတင်းမီဒီယာလောကသည် နေ့ချင်းညချင်း အယ်ဒီတာများ၊ ထုတ်ဝေသူနှင့် မကင်းရာမကင်းကြောင်း မိုးကျရွှေကို အယ်ဒီတာများကြာင့် သတင်းစာသုံးစကားပြေကအစ သတင်းတင်ပြပုံများတွင် အားနည်းချက်များစွာရှိနေသည်။ သတင်းထောက်များ အားထုတ်မှုရှိသလောက် မပေါ်လွင်ဘဲဖြစ်နေသည်။ စင်စစ်အားဖြင့် မြန်မာသတင်းမီဒီယာလောကသည် လူငယ်သတင်းထောက်များ အရည်အချင်းတက်လာစေရန် အားကူပံ့ပိုးပေးနိုင်သော အယ်ဒီတာများ မရှိသလောက်ရှားနေခြင်းဖြစ်သည်။ကျွန်တော့်အတွေ့အကြုံအရ ကျွန်တော့်ထံလာရောက်မေးမြန်းသော လူငယ် သတင်းထောက်များ၊ ကျွန်တော်ကြားသိမြင်တွေ့သမျှ လူငယ်သတင်းထောက်များ အတော်ပင် ကြိုးစားအားထုတ်ကြသည်။ သို့သော် သူတို့ကို နောက်မှ စနစ်တကျ လမ်းပြကူညီပေးနိုင်သော၊ အကြံပြု သွန်သင်နိုင်သော၊ အရည်အချင်းတောက်ပြောင်လာစေရန် ချယ်သအမွှန်းတင်ပေးနိုင်သော အယ်ဒီတာကောင်းများ မရှိကြ။ ထို့ကြောင့် သူတို့တွင် ရှိနေသော အမှန်တကယ်ရှိနေသော အရည်အချင်းများ ထွက်မလာကြခြင်းသာ။နိုင်ငံတစ်ခု အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ပြည်သူလူထုနှင့် အာဏာသုံးရပ်စလုံးအပါအဝင် နိုင်ငံတော်တစ်ခုလုံးအတွက် ပရော်ဖက်ရှင်နယ် ပီသသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍက များစွာအရေးကြီးလှသည်။ ထို့ကြောင့် သတင်းမီဒီယာလောကအတွင်းရှိ သတင်းသမားများ၏ အရည်အချင်းကလည်း များစွာ အရေးကြီးသည်။ အရည်အချင်း မြင့်မားလာစေရန်မှာ သက်ဆိုင်ရာ သတင်းသမားတစ်ဦးချင်းထံတွင် အဓိက တာဝန်ရှိသည်။ အခြားတစ်ဖက်တွင်လည်း သဘာဝအရ အားနည်းချက်ကို စေတနာကောင်းဖြင့် ထောက်ပြ၊ ဝေဖန်၊အကြံပြု၊ လမ်းညွှန်မှုပေးသူများ၏ စိတ်ကောင်းနှလုံးကောင်းသည်လည်း အရေးကြီးသည်။ အာဏာသုံးရပ်ရှိ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆောက်ရွက်နေသူများ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအတွက် အရည်အချင်းနှင့် ပညာအဆင့်အတန်းအလိုက် တာဝန်ပေးခံရသည့် ဗြူရိုကရက်ခေါ် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများကလည်း မီဒီယာများက လိုအပ်၍ စုံစမ်းမေးမြန်းခြင်းကို ကြည်ဖြူလိုလားစွာ ဖြေဆိုပေးခြင်းဖြင့် အနိမ့်ဆုံးအဆင့် ဝိုင်းဝန်းကူညီဖို့လိုသည်။ သို့မှသာ သွားလို၊ ရောက်လိုသော ဒီမိုကရေစီမဂ်ဖိုလ်ပန်းတိုင်ကို ရက်တိုတိုနှင့် သွားနိုင်၊ ရောက်နိုင်မည်။ အပြန်လှန် အပြစ်တင်နေလျှင်မူ ပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည်။ ချွေသံရွှဲရွှဲ သတင်းသမားလူငယ်လေး အပါအဝင် ကျွန်တော်တို့ သတင်းသမားများ သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တစ်လှည့်စီ စကားပြောကြသည်ကို မှတ်တမ်းတင်ကြသည်။ နှစ်ဦးသား အပြန်အလှန် ချစ်ခင်ရင်းနှီးစွာ၊ လှိုက်လှဲနွေးထွေးစွာ၊ အူလှိုက်သဲလှိုက် ဖက်လဲတကင်းနှုတ်ဆက်ကြသည်ကို မှတ်တမ်းတင်သည်။ ထို့နောက် အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမသို့ ထွက်ခွာသွားကြသည်။ နာမည်ကျော် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် အိုဘားမား မိန့်ခွန်းပြောမည်။
စက်ဘီးစီးလာခဲ့သော လူငယ်သတင်းသမားလည်း သူ့မီဒီယာရုံးရှိရာသို့ ကသောကမြော ပြန်သွားသည်။ သူမှတ်တမ်းတင်ထားသော သတင်းဓာတ်ပုံနှင့် အသံဖိုင်များကို သူ့မီဒီယာမှတစ်ဆင့် ပြည်သူလူထုထံ အချိန်မဆိုင်းခင် ပြန်ကြေားပေးရဦးမည်ကိုး..။
From - https://www.facebook.com/kyawms

2 comments:

  1. ရှေ့တန်း စစ်မြေပြင်မှ စစ်သတင်းအမှန်များအား အချိန်နှင့် တပြေးညီ ပြည်သူများ သိရှိရန် ၊ အခြေအနေမှန်များအား ဆုံးဖြတ်နိုင်ရန်လည်း သွားရောက်သတင်းယူပေးနိုင်သည့် ဒီလိုသတင်းထောက်မျိုး မတွေ့ရှိရသေးသဖြင့် အရည်အချင်းပြည့်ဝသည့် သတင်းထောက်များမှ ပြည်သူများထံ အိုဘားမားအကြောင်းလို အချိန်မှီတင်ပြနိုင်ရေး ဆောင်ရွက်ပေးပါရန် တောင်းဆိုလိုက်ပါရစေ။

    ReplyDelete
    Replies
    1. အောင်မယ်လေးလေးးးးး မသွားပါရစေနဲ့။ သေသွားမှာပေါ့

      Delete