Wednesday, November 14, 2012

နှစ် ၄၀ ကြာပြီး အိန္ဒိယကို ခြေချတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးအစ


နိုဝင်ဘာ ၁၃ ရက် မနက် ၁၂း၁၅ (ဒေသစံတော်ချိန်) မှာ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် အင်ဒီရာဂန္ဒီ လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဇာနည်မာန် / ဧရာဝတီ)
အင်ဒီရာဂန္ဒီ လေဆိပ် ဧည့်ကြိုနေရာမှာ မြန်မာတိုင်းရင်းသားဝတ်စုံ၊ ချင်းတိုင်းရင်းသားဝတ်စုံ ကိုယ်စီ၊ ပန်းကုံးကိုယ်စီနဲ့ အမျိုးသမီးတွေ ဒေါ်အောင်ဆန်းစုကြည် အလာကို ကြိုဆိုဖို့ စောင့်နေကြတယ်။

ကြိုဆိုဖို့ လာတယ်သာ ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လေယာဉ်နဲ့ ပါလာမယ်၊ ဘယ်အချိန် ရောက်မယ်ဆိုတာ သေသေချာချာ မသိဖြစ်နေကြတယ်။
သူတို့မမြင်ဖူးတဲ့ အ၀တ်အစားတွေနဲ့ လူတွေ အုံလိုက်ဖြစ်နေလေတော့ လေဆိပ်လုံခြုံရေးနဲ့ ထောက်လှမ်းရေးတွေက မင်းတို့က ဘယ်ကလဲ၊ ဘာလာလုပ်ကြတာလဲ၊ ဘယ်သူလာမှာမို့လို့လဲ စတာတွေ လာမေးပါတယ်။
မြန်မာနိုင်ငံကနေလာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုကြတာပဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူလဲတဲ့လေ။ အကျိုးအကြောင်း ရှင်းပြပြီးတော့ သူတို့ကို လေယာဉ်အချိန်သိလားဆိုတာ ပြန်မေးတော့ သူတို့မှာ ဒီအကြောင်း ဘာသတင်း အချက်အလက်မှ မရှိပါဘူးတဲ့လေ။
မကြာခင်မှာပဲ အိန္ဒိယသတင်းဌာန NDTV က သတင်းထောက်တယောက် ရောက်လာပြန်ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ ရောက်လာမလဲလို့ ကျမကို မေးပြန်ပါတယ်။
ကျမတို့ စိတ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို လူတယောက် လာတာကိုတောင် လေဆိပ်လုံခြုံရေး၊ ထောက်လှမ်းရေးကအစ မသိဘူးဆိုတော့ အလေးမထားတာလား၊ ဒါမှမဟုတ် ဘယ်သူမှ မသိအောင် တမင်လျှို့ဝှက် လုပ်နေလားလို့ တွေးမိပါတယ်။
လေဆိပ်က လေယာဉ်အချိန်စာရင်း ကြေညာတဲ့နေရာမှာ ကြည့်တော့ ဒီနေ့မနက် ထိုင်းနိုင်ငံ ဘန်ကောက်ကနေ လာမယ့် လေယာဉ်က ၂ စီး ရှိနေပါတယ်။ မနက် ၁၀ နာရီ ၅၀ မှာ ဆိုက်မယ့် ထိုင်းလေကြောင်းလိုင်းနဲ့ နေ့လည် ၁၂ နာရီ ၁၅ မှာ ဆိုက်မယ့် အိန္ဒိယလေကြောင်းလိုင်း ၂ ခုပါ။
အဲဒီအချိန်မှာပဲ တယောက်က “ဟေး … ဟိုဖက်မှာ VIP တွေ စီးတဲ့ ကားမည်းကြီးတွေ ရောက်လာပြီ၊ ဒီဖက်ကပဲ ထွက်မှာ သေချာတယ်” လို့ လှမ်းပြောလိုက်တာနဲ့ ခရီးသည်အများစု ထွက်လာရတဲ့ ဂိတ်နံပါတ် ၅ မှာ စောင့်နေရင်းက အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထွက်ပေါက်သီးသန့်နေရာမှာ သွားစောင့်ဖို့ နေရာပြောင်းကြပါတယ်။
သိပ်မကြာခင်မှာပဲ သူပြောတဲ့ ကား ၃ စီးဟာ ထွက်ပေါက်နားကို ရောက်လာတာကြောင့် လာပြီဟေ့ဆိုပြီး အသင့်ပြင်ကြတာပေါ့။
ဒါပေမယ့် ထွက်လာတဲ့ သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့မဟုတ်ဘဲ နိုင်ငံခြား သံတမန်တယောက်ဖြစ်နေတော့ ကျမတို့မှာ ငိုရမလို ရယ်ရမလို ဖြစ်ရပါရော။
အင်ဒီရာဂန္ဒီ လေဆိပ်မှာကလည်း ထွက်ပေါက် ၂ ခု ရှိနေတော့ သတင်းသမားတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုမယ့်သူတွေမှာ ဘယ်နေရာမှာစောင့်လို့ စောင့်ရမှန်းမသိ ဖြစ်နေကြပါတယ်။
အိန္ဒိယမှာက အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့အရေး အမြဲစိုးရိမ်ပူပန်နေရတော့ အိန္ဒိယအစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် လုံခြုံရေးကို အထူးကြပ်မတ်ထားတာမှာ သူဘယ်အချိန် ဘယ်ကို သွားမယ်ဆိုတာကို အချိန်နီးကပ်မှ အသိပေးတာမျိုး၊ အစိုးရအဖွဲ့နဲ့ အင်မတန် နီးစပ်သူတွေကိုသာ အသိပေးတာမျိုးတွေကြောင့်ပါပဲ။
၁၀ နာရီ ၅၀ မှာ ဆိုက်ရမယ့် လေယာဉ်ကလည်း ဆိုက်ပြီ၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရသေး၊ ဒီလိုနဲ့ပဲ အချိန်တဖြည်းဖြည်း ကုန်လာတော့ ကြိုဆိုရေးအဖွဲ့ထဲက တယောက်က မြန်မာသံရုံးနံပါတ်နဲ့ ကားတစီးလေဆိပ်ရဲ့ သီးခြားအဆောင်ဖက်ကို မောင်းသွားတာတွေ့လို့ သွားစုံစမ်းတာမှာ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အဲဒီ အထူးအဆောက်အဦကနေ ထွက်မယ်ဆိုတာ သိလိုက်ရပါတယ်။
ဒါနဲ့ပဲ “ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကိုင်ပြီး အပြေးအလွှားနဲ့ နေရာပြောင်းကြရပြန်ပါတယ်။ အဲဒီအဆောင်ရှေ့ကိုလည်း ရောက်ရော လုံခြုံရေးတွေက သတင်းသမားတွေကိုတော့ ကန့်သတ်တာ မရှိပေမယ့် ကြိုဆိုရေးသမားတွေကိုတော့ ဒီမှာ ဒီလိုလာပြီး ကြိုဆိုခွင့်မရှိဘူးဆိုပြီး တားပါတော့တယ်။
“တို့တိုင်းပြည်က လူထုခေါင်းဆောင်လာတာကို ဒီတိုင်းလေးပဲ လာကြိုတာပါ၊ တို့က အကြမ်းဖက်မယ့်သူတွေလည်း မဟုတ်ပါဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကြိုဆိုမှာပါ” လို့ အခြေအတင် ပြောပြီးတဲ့နောက်မှာတော့ ပန်းကုံးမစွပ်ရ၊ ပန်းစည်းမပေးရ၊ ဘာမှ မပေးရ၊ အနားမကပ်ရ၊ သတ်မှတ်တဲ့ ကြိုးတန်းနောက်မှာပဲနေဆိုပြီး ခွင့်ပြုချက် ရလိုက်ပါတယ်။
ကြိုဆိုတဲ့သူတွေကို နေခိုင်းတဲ့နေရာဟာ ဒေါ်အောင်ဆန်းစုကြည် ထွက်လာမယ့် တံခါးဝနဲ့ ပေ ၅၀ ကျော် အကွာလောက် နေရာမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၂ နာရီ ၁၅ မိနစ်ကျမှ ရောက်မယ်ဆိုတာကိုလည်း သိလိုက်ရပါတယ်။
“ကျမတို့ကို နားလည်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး၊ သူစိတ်အနှောင့်အယှက် မဖြစ်ရေးအတွက် ဒီလိုလုပ်ရတာပါ။ ဒီနေရာမှာပဲနေပါ၊ မဟုတ်ရင်တော့ အရေးယူရလိမ့်မယ်” လို့ လုံခြုံရေး အကြီးအကဲ အမျိုးသမီးက ပြောပါတယ်။
၁ နာရီကျော်ကြာ ထိုင်လိုက်၊ ထလိုက်နဲ့ စောင့်ပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ လေယာဉ်ဆိုက်ပြီလို့ လုံခြုံရေးတွေက ပြောပါတယ်။
ကျမတို့ သတင်းသမားတွေ အဲဒီတံခါးဝနားကို နေရာသွားယူတော့ တံခါးနဲ့ မျက်နှာချင်းဆိုင်က လမ်းတဖက်ကမ်းကို မီဒီယာသမားတွေ အကုန်သွားဆိုပြီး မောင်းထုတ်ပါတယ်။ ကျမက မကြားချင်ယောင်ဆောင်ပြီး ပေရပ်နေတုန်း တခြား အိန္ဒိယ မီဒီယာသမားတွေက “အဲ့ဒီဖက် ဘာသွားလုပ်ရမလဲ၊ အဲဒီဘက်ကနေသာ ရိုက်ရရင် ပုံကောင်းမရနိုင်လို့ ဒီဘက်ကနေပဲ ရိုက်မယ်၊ တို့အလုပ်ကို နားလည်ပေးပါ” လို့ ၀ိုင်းပြောကြတော့ မောင်းမထုတ်တော့ပါဘူး။
ဒါပေမယ့် လုံခြုံရေးတွေက အဝေးကနေပဲ လှမ်းရိုက်ဖို့၊ အနားမတိုးဖို့ တားတဲ့ လုံခြုံရေးဝန်ထမ်းတွေက ကင်မရာမြင်ကွင်းကို ပိတ်ရပ်နေတာမို့ အိန္ဒိယ သတင်းသမားတွေက ပြဿနာရှာပါတော့တယ်။
“ခင်ဗျားတို့က အဝေးကနေလည်း ရိုက်ခိုင်းသေးတယ်။ ရှေ့ကလည်း ပိတ်ရပ်နေတော့ ကျနော်တို့က ဘယ်လို အလုပ်လုပ်ရမလဲ” လို့ လုံခြုံရေးအကြီးအကဲကို ကင်မရာသမားတယောက်က လှမ်းအော်ပါတယ်။
“သူထွက်လာရင် ဖယ်ပေးပါ့မယ်” လို့ လုံခြုံရေးသမားတွေက ပြောပေမယ့်လည်း “မရဘူး ခုကတည်းက အဲဒီမှာ မရပ်နဲ့” ဆိုပြီး ပြန်အော်ကြပါတယ်။ ဒီလိုဖြစ်နေရင်းက အမျိုးသမီး လုံခြုံရေးတယောက်က ကင်မရာသမားတွေရှေ့က ဖြတ်လျှောက်လာတော့ “ဖယ်စမ်းပါ” ဆိုပြီး ၀ိုင်းအော်လိုက်ကြတာလေ။
သြော် … သူတို့ဆီမှာတော့ ဒီလိုအဖြစ်မျိုးတွေ ရှိတယ်ပေါ့ဆိုပြီး ကျမဖြင့် အတော်လေး အံ့အားသင့်သွားတယ်။
လုံခြုံရေးဝန်ထမ်းတွေကလည်း သူတို့ မီဒီယာသမားတွေကို စိတ်မငြိုငြင်စေချင်ဘူး ထင်ပါတယ်။ ချက်ခြင်းကို တောင်းပန်ပြီး အားလုံး နေရာရှင်းပေးကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါပြီ။ ခရမ်းရင့်ရောင် ၀မ်းဆက်ပေါ်က အဖြူရောက် ကုတ်အင်္ကျီ အဖြူရောင် ပုဝါလေးလွှမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရှရီရန်ဂျန် မတိုင်း နဲ့အတူ ရွှင်ရွှင်ပျပျနဲ့ တံခါးဝကို ရောက်တဲ့အခါမှာ သတင်းသမားတွေဘက်ကို လှည့်ပြီး အိန္ဒိယရိုးရာ နှုတ်ဆက်ပုံစံအတိုင်း လက်အုပ်ချီပြီး နှုတ်ဆက်ပါတယ်။
သတင်းသမားတွေက တခုလောက်တော့ မေးခွင့်ပြုပါဆိုတော့ ခနလေး ကိုယ်ရှိန်သတ်ပြီး ကျမတို့ဖက်ကို လှည့်ကြည့်ပါတယ်။ အိန္ဒိယကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာတာ ဘယ်လိုခံစားရပါလဲလို့ ၀ိုင်းမေးတာကို သူပြန်ဖြေမလို့ လုပ်တုန်းမှာပဲ ရုတ်တရက် ကျမ နောက်က သတင်းသမားအုပ်ကြီး တိုးဝှေ့လိုက်တာများ ရှေ့ဆုံးက ကျမ မှောက်လျက် လဲကျမတတ်ပါပဲ။
လုံခြုံရေးတွေက တယောက်တခွန်း ၀ိုင်းမေးကြတဲ့ သတင်းသမားတွေနဲ့ သူ့အကြား ၀င်ကာဆီးပြီး သူ့ကို ကားပေါ်တက်စေတာကြောင့် ကျမတို့မှာ သူ့ပုံရိပ်ကို ခနလေးပဲ မှတ်တမ်းတင်ခွင့် ရလိုက်ပါတယ်။
ကျမတို့ သတင်းသမားတွေထက် ဆိုးတာကတော့ သူ့ကို လာကြိုတဲ့သူတွေပါပဲ။
“သူထွက်လာတုန်းလေးတော့ မြင်လိုက်ရတယ်။ မျက်နှာလေးကို ဖွေးသန့်နေတာပါပဲ။ အဝေးကနေပဲ လှမ်းမြင်ရလို့ အားမရဘူး။ ဒါ့ထက်ဆိုးတာက ကျမတို့က အမေစုကို ကိုယ်တိုင်ကိုယ်ကျ ပန်းကုံးစွပ်ပေးချင်တာ၊ နှုတ်ဆက်ချင်တာ၊ အခုက မနက်အစောကြီးကတည်း ဘယ်အချိန် ရောက်မယ်မှန်းမသိ လာစောင့်ရတာကို ဟိုတားဒီတားနဲ့ဆိုတော့ ၀မ်းနည်းတာပေါ့” လို့ လာကြိုတဲ့သူတယောက်က ပြောပြပါတယ်။
လေဆိပ်မှာလာကြိုတုန်း မတွေ့လိုက်ရဘူး ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သောကြာနေ့မှာ နယူးဒေလီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဖို့ ပြင်ဆင်ထားတာကြောင့် အဲ့ဒီအချိန်ကျ တွေ့ခွင့်ရရင်တော့ ၀မ်းသာရမှာပါလို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အဓိက အကြောင်းရင်းဖြစ်တဲ့ ဂျဝါဟလာနေရူး အထိမ်းအမှတ် ဟောပြောပွဲမှာလည်း မြန်မာမိသားစုတချို့ တက်ရောက်ခွင့် ရထားပါတယ်။
ဒီနေ့ညနေပိုင်းမှာတော့ သူဟာ အိန္ဒိယ အာဏာရပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီနဲ့ တွေ့ဆုံမှာပါ။ မနက်ဖြန် မနက်ပိုင်းမှာလည်း အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းနဲ့တွေ့မှာ ဖြစ်ပါတယ်။ တိုတောင်းတဲ့ ခရီးစဉ်အတွင်းမှာ သူ့အတွက် အချိန်ရှားပါးပေမယ့် မြန်မာမိသားစုတွေနဲ့လည်း လာမယ့် သောကြာနေ့မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။
From -ဧရာဝတီ

No comments:

Post a Comment