လက်ရှိ ဈေးကွက်အတွင်း ဆန်ကြမ်း (ဇီယာ၊နှံကား)တစ်အိတ်လျှင် ကျပ်၁၅၂၀၀ကျော်မှ ကျပ် ၁၄၅၀၀ မှ ၁၄၈၀၀ ၀န်းကျင် ၊ ပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀ မှ ၁၉၅၀၀ ၀န်းကျင်၊ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ မှ ၂၁၀၀၀ သို့ ၄င်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၀၈၀၀ အထိပျမ်းမျှဈေးတတ်သွားသော်လည်း လက်ရှိတွင် ကျပ် ၉၅၀၀ မှ ၁၀၅၀၀ အကြားရှိပြီး အချော တစ်အိတ်လျှင် ပျမ်းမျှ ၁၁၀၀၀ဈေးရှိကြောင်း သိရသည်။
“အခုရက်ပိုင်းမှာဆန်ဈေး တော်တော်ပြန်အေးသွားတယ်။ ၅ ရက်လောက်ရှိပြီ။ ဒီနှစ်နွေစပါး က တောင် သူတွေ ပေါ်ဆန်းအစိုက်များတယ်။ အကြမ်းကို လျှော့စိုက်ကြတယ်။ ဆန်ချောတွေ များ နေတဲ့ အတွက် ဈေးကွက်က ထပ်အေးနေအုံးမှာပဲ” ဟု OK သန်းထွန်း (မော်ကျွန်းလိုင်း ခေါင်းဆောင်) မှဆိုသည်။
ဇန်န၀ါရီလ(၁၁)ရက်နေ့၌ ၂၅ မှတ်ဧည့်မထ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၁၈၀၀ မှ ၁၂၅၀၀ ၀န်းကျင်၊ ဧည့်မထထိပ်စရှယ် ငွေကျပ် ၁၄၆၀၀ မှ ၁၅၅၀၀ အထိမြင့်တက်လာပြီး၊ ရာကျော်ဆန် တစ်အိတ်လျှင် ၁၂၀၀၀ မှ ၁၂၅၀၀ အတွင်း၊ ပေါ်ကျွဲတစ်အိတ်လျှင် ငွေကျပ် (၁၇၀၀၀)မှ(၁၇၅၀၀) ၀န်းကျင်၊ ပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ငွေကျပ်(၁၉၀၀၀)မှ (၂၃၅၀၀)၀န်းကျင်သို့ ရောက် ရှိနေခြင်းဖြစ်ကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။
“လက်လီဆိုင်တွေက လကုန်ပိုင်းတွေဆို အရောင်းပါးတာပေါ့။ လဆန်းပိုင်းပဲ သွက်တယ်။ စားသုံးသူ အများဆုံးဝယ်တာတော့ ပေါ်ဆန်း(အသစ်)တစ်ပြည် ၁၁၀၀၊ ၁၂၀၀ တန်ဆန်ပါ။ ဒါတောင် အခု ဆန်ဈေးက နည်းနည်းပြန်ကျသွားတယ်ဆိုပေမယ့် ဈေးမြင့်နေသေးတယ်လို့ ပြောလို့ရတယ်” ဟု ဆန်ကုန်စည်ဒိုင် မှ ဒေသခံတစ်ဦး ကဆိုသည်။
From : Myit Makha Mediagroup
No comments:
Post a Comment