Thursday, January 3, 2013

— KIA ၏ အဓိကစခန်းထောက် ပွိုင့်-၇၇၁ အား တပ်မတော်မှ သိမ်းပိုက်ရရှိမှု


တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ မြစ်ကြီးနား-ဗန်းမော် ကားလမ်း လုံခြုံချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်း သူများမှ ဝင်ရောက် တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် နည်းလမ်း မျိုးစုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ ဆောင်ရွက်ခဲ့ပါသည်။ မိမိတပ်များအနေဖြင့် မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်း အနီးတွင် လုံခြုံရေးအရ တပ်စွဲထားသည့် လဂျားယန် စခန်းသို့ ရိက္ခာပို့ ဆောင်ရေး ဆောင် ရွက်ရန် ကိစ္စရှိလာတိုင်း သက်ဆိုင်ရာမှ တစ်ဆင့် ကေအိုင်အေ အကြမ်း ဖက် သောင်းကျန်းသူများထံ ကြိုတင်အသိပေးခဲ့သော်လည်း ရိက္ခာပို့ခဲ့သည့် ၃ ကြိမ်လုံးတွင် မိမိရိက္ခာပို့ စစ်ကြောင်း များအား ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိ အရာရှိ/စစ်သည်များ ထိခိုက်ကျဆုံးခဲ့ရပါသည်။ အလားတူ ရိက္ခာပို့ဆောင်ရန် ရှိကြောင်း ကေအိုင်အေ အကြမ်းဖက် သောင်း ကျန်း သူ များထံ ၂၃-၁၂-၂၀၁၂ ရက်နေ့တွင် ကြိုတင် အကြောင်းကြားခဲ့သည့် ကြားမှ မိမိတပ်ဖွဲ့များကို အင်အားအသုံးပြု တိုက်ခိုက်ခဲ့သဖြင့် မိမိစစ်သည်များစွာ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါသည်။ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင်ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှလွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်းမပြုပဲ သီးခံဆောင်ရွက်လျက် ရှိသော် လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန်စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်း တွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိက နှောင့်ယှက် ပိတ်ဆို့ လျှက်ရှိပြီး ၎င်းတို့၏ ဌာနချုပ် လိုင်ဇာအတွက် အဓိက စခန်းထောက် နေရာဖြစ်သည့် ကချင်ပြည် နယ် အရှေ့ပိုင်းရှိ ပွိုင့်-၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရာ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် ၎င်းနေရာအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပါသည်။ စခန်းအတွင်းမှ ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ လက်နက်မျိုးစုံ ၁၃ လက်၊ လက်ပစ်ဗုံး မျိုးစုံ ၅၀၀ လုံး၊ ဗုံးသီး မျိုးစုံ ၂၇၀ လုံး၊ မိုင်းမျိုးစုံ ၅၂ လုံး၊ ကျည်မျိုးစုံ ၄၀၀၀ တောင့်၊ ယမ်းကြိမ်း ၂ ခွေ သိမ်းဆည်း ရရှိခဲ့ပါသည်။ ဆက်လက်၍ ကားလမ်း တစ်လျောက် ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

No comments:

Post a Comment