နိုင်ငံရေးကို လူ့သဘောတရားအတိုင်း ကြည့်မယ်ဆိုရင် ... အရာရာတိုင်းမှာ
ကောင်းနေတဲ့ ကောင်းကင်ဘုံပုံစံ နိုင်ငံရေး စနစ် (Utopia) ကို ရမှာ
မဟုတ်ဘူး။ အရာရာ ပြည့်စုံတဲ့ စနစ်ကို မှန်းပြီး .. အဲဒီ လမ်းပေါ်မှာ
လျှောက်ရင်း ပေးဆပ်မှု၊ ဒုက္ခ၊ အမှားအယွင်း၊ မလိုလားအပ်တဲ့ ရလဒ် စတာတွေကို
လက်ခံရပါမယ်။ ပြီးရင် ပြုပြင်သွားရပါမယ်။
လူတစ်ယောက်က သက်တောင့် သက်သာ နေချင်လို့ ကိုယ်လက် လေ့ကျင့်ခန်း ဘာမှ မလုပ်ဘူးဆိုရင် သက်တောင့် သက်သာတော့ နေရပါရဲ့ ... ကျန်းမာရေးနဲ့ သက်လုံကောင်းမှုကတော့ လျော့ကျသွားနိုင်တယ်။ ဆန့်ကျင်ဘက် တန်ဖိုး ၂ ခုကို တပြိုင်နက် မရနိုင်တဲ့ လောကရဲ့ နိယာမကို နိုင်ငံရေးမှာ ဖေါက်ထွက်ပြီး အကောင်းတွေကြီးပဲ လိုချင်လို့ မရနိုင်ပါဘူး။
အားလုံးကောင်းဖို့အတွက် တိုင်းပြည်တိုးတတ်ဖို့ရာ နိုင်ငံရေး အပြောင်းအလဲကို သွားတဲ့ခရီးမှာ ကိုယ်လိုချင်တာ အကုန်ရဖို့ လိုတယ်လို့ တွေးနေတာဟာ ကလေးဆန်ဆန် အတွေးနဲ့ ဆင်တူနေလေ့ရှိပါတယ်။ ကျွန်တော်တို့ ရင့်ကျက်ဖို့ လိုပါတယ်။ အချက်အလက်ကို လက်ခံတတ်ဖို့ လိုပါတယ်။ အမှားအယွင်း၊ အလျော့အတင်းကို လက်ခံရပါမယ်။
အလျာ့အတင်းထဲကမှ အကောင်းဆုံး ပန်းတိုင်ကို သွားနိုင်ဖို့ လုပ်ရမှာပါပဲ။
အလျော့အတင်းကို လက်ခံခိုင်းတာဟာ ... မတရားမှုကို ခေါင်းငုံခံခိုင်းတာတော့ မဟုတ်ပါဘူး။ ဒါကိုလည်း ကွဲပြားဖို့ လိုမယ်ထင်ပါတယ်။
ဥပမာ နိုင်ငံရေးအရ ရုပ်ဝတ္ထု ကိစ္စကိုပဲ ကြည့်ပါ။ နိုင်ငံတိုးတတ်ဖို့ လမ်းပန်းဆက်သွယ်ရေးအတွက် မဖြစ်မနေ လမ်းဖေါက်ရမယ်၊ ရထားလမ်း ဆောက်ရမယ် ဆိုတာ ဖြစ်လာလို့ ... လမ်းတလျှောက်က သစ်တော ခုတ်ရမယ်၊ အိမ်တွေ ဖျက်ရမယ်၊ လယ်ယာတွေ ဖျက်ရမှာ ကြုံလာရင် ... ဒါဟာ ရှောင်လို့ မရနိုင်ဘူးဆိုရင် ... ဘယ်လို လုပ်မလဲ။ .. သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ်၊ လူတွေ အိမ်မဲ့၊ ယာမဲ့၊ ဖြစ်မှာတွေ ကြုံရမယ်။ (လုံးဝ လက်ခံလို့ မရနိုင်တဲ့ ထိခိုက်မှု အကြီးကြီးတွေက ဆိုရင်တော့ အပြည့်အဝ ငြင်းဆန်ရပါမယ်။) အဲဒီလို မဟုတ်ဘူးဆိုရင်တော့ အလျော့အတင်းကို ၂ ဖက်လုံး လက်ခံရပါလိမ့်မယ်။
ဒီလို နေရာမှာ ထိခိုက်မှာကိုလည်း လက်ခံထားသင့်သလို ... ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးပြီး ... လူတွေကို ထိုက်သင့်တဲ့ လျှော်ကြေး၊ နစ်နာမှုအတွက် အစားထိုး ဆောင်ရွက်မှု၊ သဘာဝ ပတ်ဝန်းကျင်အတွက် အခြားနေရာမှာ အစားထိုး သစ်ပင်စိုက်တာ၊ သစ်တော ထိမ်းသိန်းတာတွေကအစ လုပ်ရပါမယ်။
ဒါမှ အချက်အလက်ကို လက်ခံပြီး ဆိုးကျိုးနဲ့ ကောင်းကျိုးကို မျှမျှတတ လုပ်တာ ဖြစ်ပါလိမ့်မယ်။ တဖက်ကလည်း ဖယ်တာ၊ ဖျက်တာကို လက်ခံသလို ... တဖက်ကလည်း လျှော်တာ၊ အစားထိုးတာကို လက်ခံရပါမယ်။
တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို ၂ ဖက်လုံးက ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် နိုင်ငံရေးအရ ဥပဒေတွေကနေလည်း အကာအကွယ် ပေးရမှာ ဖြစ်ပါတယ်။
အဲဒီလို လက်မခံဘဲ ...တဖက်က ထိခိုက်မှာ ဆိုးလို့ မလုပ်ရဘူးဆိုပြီး အကုန်လိုက်တားနေရင် ... တိုးတတ်မှာလည်း မဟုတ်သလို ... တဖက်က စာနာမှု မရှိဘဲ လုပ်ရင် အခြား လူမှုရေးရာ ထိခိုက်စရာ ကိစ္စတွေကလည်း များပါတယ်။ ကျန်းမာရးအတွက် သက်လုံကောင်းမှုနဲ့ .. သက်တောင့်သက်သာ နေလိုမှုအတွက် လေ့ကျင့်ခန်း မလုပ်လိုမှု နှစ်ခုကို ကြားချပြီး ...တခါတလေ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်တဲ့ သဘောပါပဲ။
အခြားသော နိုင်ငံရေးအတွက် အုပ်ချုပ်ရေး အပိုင်း၊ ငြိမ်းချမ်းရေး ကိစ္စ၊ အာဏာ ခွဲဝေယူရေး အပိုင်းမှာလည်း ဒီလိုပါပဲ။ အလျော့အတင်း၊ အပေးအယူကို လက်ခံရပါမယ်။ အကုန်လုံး ကိုယ့်ဘက်က ရဖို့ကြီး ကြည့်နေလို့ မရသလို ... အကုန်ပေးရမယ်လို့လည်း မဆိုလိုပါ။ အရာရာပြည်စုံတဲ့ နိုင်ငံရေး စနစ် (Utopia) ကို မှန်းဆပြီး ... တစ်ယောက်တလှမ်း ရှေ့တိုး လျှောက်ကြမယ့်လမ်းမှာ ... အမှားအယွင်းတွေ၊ ဒုက္ခတွေ၊ မလိုလားအပ်တဲ့ ရလဒ်တွေကို လက်ခံကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကိုယ့်ရဲ့ ဆန့်ကျင်ဘက်အတွက် နားလည်ပေးကြည့်ပါ။
နှစ် ဖက်လုံးက နည်းနည်းလေး လျော့ပြီး တလှမ်းစီ တိုးကြည့်ကြမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ တိုင်းပြည်နဲ့ စနစ်ဆိုတာ သိပ်မဝေးတော့ပါကြောင်း .... ။
(ကိုထိုက်)
from -Faceboook
No comments:
Post a Comment