
ပန်းတနော်မြို့မှာ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုကို ကြိုဆိုထောက်ခံပွဲ အခမ်းအနား ကျင်းပစဉ်မှာ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဦးဝင်းကိုကိုက အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

တိုင်းအစိုးရကိုယ်စား ၀န်ကြီး ဦးဝင်းကိုကိုကအမှာစကား ပြောကြားရာမှာ တိုင်းပြည်မှာ လက်နက်ကိုင်စွဲပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြတာ နောက်ဆုံးမှာ ပြည်သူတွေပဲ နစ်နာကြောင်း၊
ဒါ့ကြောင့် ငြိမ်းချမ်းရေးရဖို့ အရေးကြီးကြောင်း၊
အစိုးရနဲ့ KNU ကြား ထာဝရငြိမ်းချမ်းရေး ရရှိစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ကရင်တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဒီအခမ်းအနားကို ဧရာဝတီတိုင်းအတွင်းက ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ၀ါးခယ်မစတဲ့ဒေသက ကရင်တိုင်းရင်းသား တက်ရောက်ခဲ့ကြပြီး အရေအတွက်အားဖြင့် ၇,၀၀၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့အပြင် တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော်၊ ပဒိုမန်းငြိမ်းမောင်ဦးဆောင်တဲ့
KNU ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊
ဒေသအခြေစိုက် နိုင်ငံရေးပါတီတွေဖြစ်တဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ကရင်ပြည်သူ့ပါတီ၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊
အမျိုးသားဒီမိုကရေစီ အင်အားစု စတဲ့ ပါတီတွေပါ တက်ရောက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌမန်းထွန်းတင်က
“ဧရာဝတီတိုင်းက ကရင်ပြည်သူတွေ ငြိမ်းချမ်းရေးကို ဘယ်လောက် လိုလားတယ် ဆိုတာ ပြသတဲ့ပွဲပါ။ ထာဝရငြိမ်းချမ်းရေးရဖို့  ဆိုရင် တဖက်နဲ့တဖက် ရိုးသားမှုရှိမှ ရိုးသားမှသာ အောင်မြင်မှာပါ။ လက်ရှိနိုင်ငံတော်အစိုးရနဲ့ KNU ကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေအပေါ် အားရပါတယ်။ ဆက်လက် အောင်မြင်ဖို့လည်း ဆန္ဒပြုပါတယ်”
လို့ ပြောပါတယ်။
“စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေး - ဒို့အရေး”၊ “ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှုများ အောင်မြင်ပါစေ” စသဖြင့် ကြွေးကြော်ပြီး ကြိုဆိုထောက်ခံပွဲကို နေ့လည်ပိုင်းမှာ ရုပ်သိမ်းခဲ့ကြပါတယ်။

ခုလိုငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲကို ရန်ကုန်တိုင်းဒေသကြီးမှာလည်း ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီ
No comments:
Post a Comment