ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီသည် မြန်မာစီးပွားရေး
လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏
ညီနောင်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Yoma
Strategic Holdings Ltd (YSH) တို့နှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊
မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှု စင်တာများ (after sales
service) ဖွင့်လှစ်ရန် နားလည်မှု
စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း
Mitsubishi Corporation က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဝန်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
သွားမည်ဖြစ်ပြီး မန္တလေးမြို့နှင့် နေပြည်တော်မြို့တွင် ဆက်လက်ဖွင့်လှစ်ရန်
စီစဉ်ထားကြောင်းနှင့် ဂျပန်ပညာရှင်များ အပါအဝင် နည်းပညာ
ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ
သိရသည်။
မြန်မာနိုင်ငံ၏ မော်တော်ကား ဈေးကွက်တွင် Mitsubishi တစ်ပတ်ရစ်
ကားများသည် ဈေးကွက် ရရှိပြီး ဖြစ်သော်လည်း ယခုမှ ဝန်ဆောင်မှုစင်တာ
ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနှင့် အာဆီယံ
ဒေသအတွင်း အလားအလာ အကောင်းဆုံး ဈေးကွက်တစ်ခု ဖြစ်လာပြီး Mitsubishi သည်
မြန်မာပြည် ဈေးကွက်တွင် ဈေးကွက်ဝေစု ပိုမိုရရှိစေရန်
အားထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Mitsubishi Motor Corporation သည် Mitsubishi Corporation အုပ်စုဝင်
လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၉၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ကာ
လက်ရှိအချိန်တွင် ပိုင်ဆိုင်မှုတန်ဖိုးယန်း ၆၅၇ ဘီလျံ ရှိသည်။ မော်တော်ယာဉ်၊
စက်ပစ္စည်း အစိတ်အပိုင်းများ၊ စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ၊
စိုက်ပျိုးရေး လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်ပစ္စည်း
အစိတ်အပိုင်းများ အဓိကထုတ်လုပ်နေပြီး ယခင်နှစ်က ယန်း ၁၈ဝ၇ ဘီလျံဖိုး
ရောင်းချခဲ့သည်။
Mitsubishi နှင့် အကျိုးတူ ပူးပေါင်းခဲ့သည့် FMI နှင့် YOMA တို့သည် SPA
အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ပြီး Mr.Serge Pun (ဦးသိမ်းဝေ) က ဥက္ကဋ္ဌအဖြစ
်တာဝန်ယူထားသည်။ FMI သည် မြန်မာနိုင်ငံ၏ ထိပ်တန်း အများပိုင်
လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာ ပိုင်ရှင်ပေါင်း ၄၇ဝဝ ဝန်းကျင် ရှိပါသည်။
ထိုလုပ်ငန်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊
အိမ်ခြံမြေ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းနယ်ပယ်
ခုနစ်ခု လုပ်ကိုင်လျက်ရှိသည်။
Yoma Strategic Holdings Ltd ကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး
စီးပွားရေး လှုပ်ရှားမှု အနေနှင့် မြန်မာနှင့် တရုတ် နိုင်ငံတို့တွင်
အိမ်ခြံမြေ၊ လယ်ယာစိုက်ပျိုးရေး၊ မော်တော်ယာဉ် ဖြန့်ချိရောင်းဝယ်ရေး
လုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။
SPA အုပ်စုသည် အခြားဂျပန် ကားကုမ္ပဏီများဖြစ်သည့် Nissan နှင့် Suzuki
တို့၏ ဝန်ဆောင်မှု စင်တာများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်
Toyota, Nissan, Honda, Suzuki, Mercedes ကားကုမ္ပဏီများ၏
ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် အသုံးပြုမှု များသော Mitsubishi ကားများမှာ Pajero,
Canter, Challenger, Galant, Lancer, Eclipse, Delica, Colt တို့ဖြစ်သည်။
EMG
No comments:
Post a Comment