သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။
သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့် လူ၏ သွေးထဲ သို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။
ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။
ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။
အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။ လက်မောင်း တွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက် အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။
အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များအန်ခြင်း၊ သွားဖုန်းသွေးယိုခြင်း ၊ နှာခေါင်းသွေး လျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။
အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။
အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့် သို့ ရောင်သွား တတ်ပါသည်။
အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည် အထိ ဖြစ်တတ် ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ် ကို သေသေချာချာ ပြုစုစောင့် ကြည့် ရမည်ဖြစ် ပါသည်။
သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။ ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့် ပေါ့ဆ သွားတတ်ရာ အန္တရာယ် များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ် ပါက ဆေးရုံ သို့သာခေါ်ဆောင်သွားစေလိုပါသည်။
ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။ ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူ ရှိန်ကြောင့် ကလေး တက်သွား တတ်ပါသည်။ ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ် ပါသည်။ ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း ဖျားပြီး သွားဖုန်းသွေး ယြိုခင်းနှာခေါင်းသွေးလျှံခြင်း
ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။
ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။
အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။ မက်ကလောင်ဖောက်ခြင်း – မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုးဝင်ပြီး သွေးလွန်တုတ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူး ပါသည်။ အညိုရောင် ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန် ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား။
ကာကွယ်ဆေးမပေါ်သေးပါ။ ထို့ကြောင့် ကလေးကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရ မည် ဖြစ်ပါသည်။
(မိုးရာသီစတင်ဝင်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန်
တုပ်ကွေးရောဂါဖြစ်ပွားမှု များပြား လာပါသည်။ ထို့ကြောင့် သွေးလွန်
တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေး ချင်းဖြစ်ပါသည်။ )
Posted by ဇီဝက (ဆေး-၂)
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
Posted by ဇီဝက (ဆေး-၂)
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
No comments:
Post a Comment