အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက် လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက် သို့ ရောက်ရှိသွားခဲ့ . . .
သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃) ရက်ကြာ အသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက် သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး မှောင်မည်း အေးခဲနေသော ရေထဲတွင် ရှိနေခဲ့ရာ စိတ်လျှော့ခါနီး အခြေအနေကျမှ အမှောင်ကို ဖောက်ထွင်းလာသည့် အလင်းရောင်တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်း ဖြစ်သည်။
အိုကီနီသည် ရေအောက် နစ်သွားသည့် ဆီတင်သင်္ဘောထဲတွင် (၄)ပေအမြင့်မျှ ရှိသည့် လေဟာနယ် အလွတ်နေရာ လေး တစ်ခု၌ ဆက်လက် နေထိုင်ခွင့် ရခဲ့ပြီး ကိုကာကိုလာ ဘူးများကို ဖောက် ကာ သောက်သုံးအသက်ရှင်ခဲ့ရသည်။ သို့သော်လည်း အဆိုပါ ရေမျက်နှာပြင်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အိုကီနီအတွက် မျှော်လင့်ချက် မဲ့ခါနီး အနေအထား ကျမှ တောင် အာဖရိက ကယ်ဆယ်ရေး ရေငုပ်သမားနှစ်ဦးက ၎င်းကို တွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် မူ ဆေးရုံမှဆင်းပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည့် အိုကီနီက ၎င်း၏ အထီးကျန် ခြောက်ခြားစရာ အတွေ့အကြုံကို ဖွင့်ဟလာခဲ့သည်။
"ရေထဲမှာပဲ ကျွန်တော် တောက်လျှောက် နေရတယ်။ လုံးဝ မှောင်မည်းနေတာဗျ။ ကျွန်တော့်အတွက် ဒါဟာ နောက်ဆုံးပဲလို့ တွေးခဲ့မိပါတယ်။ ရေက တဖြည်းဖြည်း တက်လာနေတော့ တစ်ခန်း လုံး ရေပြည့် သွားတဲ့ အချိန်ကျရင် ဆိုတာကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ တတ်နိုင်သမျှတော့ ကျွန်တော် အဲဒီအတွေး ကို မောင်းထုတ်နေခဲ့ရတယ်"ဟု အိုကီနီက ဆိုသည်။ ၎င်းက "ကျွန်တော် အရမ်းဗိုက်ဆာတယ်။ ပိုဆိုးတာက ရေငတ်တာပါ။ ပင်လယ်ရေက ကျွန်တော့် လျှာက အရေပြာတွေကို တော်တော် ပွန်းသွားစေတယ်"ဟုလည်း ပြောကြားခဲ့သည်။ ၎င်းသည် အိမ်သာထဲတွင် ရှိနေစဉ် သင်္ဘော တိမ်းမှောက်သွားသည်ကို ခံစားသိရှိခဲ့ပြီးနောက် သတ္တုတံခါးကို တွန်းဖွင့် ထွက်လာခဲ့ရကြောင်းလည်း ရှင်းပြခဲ့သည်။
အိုကီနီသည် ယခုအခါ ၎င်း၏ ဇာတိမြို့ဖြစ်သော ဝါရီသို့ ပြန်ရောက်နေကာ Reutersသတင်းထောက်နှင့် လက်ခံ စကားပြောဆိုခဲ့သည်။ "ကျွန်တော်တို့ ဒယိမ်းဒယိုင်နဲ့ ထွက်ပေါက်ဆီ လာနေခဲ့ကြတယ်။ ကျွန်တော့်ရှေ့မှာ လူ(၃)ယောက်ရှိတယ်။ ရုတ်တရက် ရေလုံးကြီးတစ်ခုက အရှိန်နဲ့ ဆောင့်ထည့်လိုက်တာ သူတို့ (၃)ယောက်လုံး လွင့်ထွက်သွားတယ်။ နောက်တော့ ရေနဲ့အတူ ပါသွားတယ်။ သူတို့ အားလုံး သေကုန်ကြတယ်ဆိုတာ နောက်ပိုင်းကျမှ ကျွန်တော် သိလာပါတယ်"ဟုလည်း အိုကီနီက ဆိုသည်။ ခြောက်ခြားနေသော အိုကီနီသည် နောက်ထပ် (၂)ရက်ခွဲလုံးလုံး မှောင်နှင့်မည်းမည်းတွင် မိမိကို ကယ်ဆယ်ရေးများက ရှာတွေ့ပါစေဟု တဖွဖွ ဆုတောင်းနေခဲ့ရရှာသည်။
အိုကီနီသည် (၄)ပေပတ်လည် အိမ်သာခန်းလေးထဲမှ အရာရှိ ကေဘင်ခန်းဘက် ရွှေ့ပြောင်းကာ ဝင်လာသော ရေများကိုလည်း လမ်းကြောင်းပြောင်း ဖယ်ရှားနိုင်ရန် ကြိုးစားခဲ့ရသည်။ ၎င်းသည် ဝိုးတဝါး အလင်းရောင်အောက်တွင် ငါးအသေကောင်များကို စမ်းမိခဲ့သော်လည်း မိမိ အသက်ရှူနေနိုင်ဆဲ ရှိခြင်းကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့သည်။ ပင်လယ် ကြမ်းပြင်အောက် နစ်မြုပ်နေသော သင်္ဘောမှ အိုကီနီကို ကယ်ထုတ်နိုင်ချိန်တွင် ၎င်းသည် အတွင်းခံ ဘောင်းဘီလေးသာ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ တဖြည်းဖြည်း ရေမြုပ်လာချိန်တွင် အိုကီနီက သတ္တိမွေးပြီး အိမ်သာတံခါးကို တွန်းဖွင့်ကာ အရာရှိခန်းဘက်သို့ ရေကူးလာခဲ့သည်။ ထို့နောက် မျက်နှာကျက်ပြားများကို ခွာကာ အအေးဒဏ်မှ လွတ်မြောက်စေရန်အတွက် ဖောင်ငယ်လေး တစ်ခုသဖွယ် ပြုလုပ်ဖွဲ့စည်းပြီး တက်ထိုင်နေခဲ့သည်။
"အရမ်း၊ အရမ်းကိုအေးတယ်။ ပြီးတော့ မည်းမှောင်နေတာပဲ။ ကျွန်တော် ဘာမှ မမြင်ရဘူး"ဟု ၎င်းက ဆိုသည်။ "သင်္ဘောပေါ်က လူတွေရဲ့ အလောင်းတွေက ကျွန်တော့်ဘေးနားမှာ ရှိနေမှန်း သိတယ်။ ကျွန်တော် အနံ့တွေ ရနေတယ်။ နောက်တော့ ငါးတွေက အဲဒီအလောင်းတွေကို လာတွတ်တဲ့ အသံတွေပါ ကြားလာရတယ်။ အင်မတန် ခြောက်ခြားစရာကောင်းတယ်"ဟုလည်း အိုကီနီက ပြောကြားခဲ့သည်။ ၎င်းက လွတ်မြောက်လာသည့် အတွေ့အကြုံကိုလည်း ပြန်ပြောင်း ပြောပြခဲ့သေးသည်။
"အဲဒီနေ့က ကျွန်တော် သင်္ဘောကိုယ်ထည်ကို တူနဲ့ထုနေတဲ့ အသံကို ကြားလိုက်တယ်။ တဒုံးဒုံး မြည်နေ တယ်။ ကျွန်တော် အောက်ဘက်နည်းနည်းကို ကူးလိုက်တော့ ရေထုတ်ပေါက် တစ်ခုကို တွေ့တယ်။ ကျွန်တော် ရေစစ်ကို ဆွဲလာပြီး သင်္ဘောကိုယ်ထည်ကို ထုတယ်။ တစ်ယောက်ယောက် ကြားမယ် ထင်လို့ပါ။ နောက်တော့ ရေငုပ်သမားတွေ သိသွားတယ်။ သူတို့ ကျွန်တော့်အသံကို ကြားသွားတယ်။ ရေငုပ်သမားတစ်ယောက် ရောက်လာတော့ ကျွန်တော် လက်ပြလိုက်တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို အသက်ရှင်လျှက် မြင်ရလို့ အင်မတန် အံ့ဩ တုန်လှုပ်သွားပုံပဲ"ဟု အိုကီနီက ဆိုသည်။
ရေငုပ်သမားများသည် အိုကီနီကို အောက်စီဂျင် မျက်နှာဖုံးတစ်ခု တပ်ဆင်ပေး ပြီး ရေငုပ် ဝတ်စုံနှင့် ခေါင်းစွပ်တို့ကိုပါ ဝတ်ဆင်စေသည်။ ထို့နောက် ရေအနက် မီတာ(၃၀)မှ ၎င်းကို ဘေးလွတ်ရာသို့ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ ရေအောက်တွင် အိုကီနီသည် နာရီပေါင်း (၆၀)ကျော်မျှ ပိတ်မိနေခဲ့ကြောင်းလည်း သိရှိလာသည်။ ကယ်ဆယ်ရေးများသည် အိုကီနီကို နောက်ထပ် နာရီ(၆၀)ကျော်ကြာအောင် ဖိအားထိန်းညှိ အခန်းထဲတွင် နေထိုင်စေပြီး ပတ်ဝန်းကျင် ဖိအားဒဏ်နှင့် လိုက်လျောညီထွေ ဖြစ်မှု သေချာအောင် ထားရှိခဲ့သည်။ "တကယ်လို့ ရုတ်တရက် ကျွန်တော် အပြင်ထွက်လိုက်ရင် ချက်ချင်း သေသွားနိုင်တယ်လို့ သူတို့က ပြောတယ်ဗျ"ဟု အိုကီနီက ရှင်းပြခဲ့သည်။
အိုကီနီက မိမိ၏ အသက်ဘေးမှ လွတ်မြောက်မှုသည် အံ့ဩဘနန်း ဖြစ်စဉ်တစ်ခုဟု ဝန်ခံခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ မှောင်မည်းအေးစက်သော ဖြတ်သန်းမှုသည် ပင်လယ်ထဲ နောက်တစ်ကြိမ် သွားရောက်ရမည်ကို ကြောက်ရွံ့စိတ် ဖြစ်သွားစေခဲ့ကြောင်းလည်း ၎င်းက ဖွင့်ဟခဲ့သည်။ "ကျွန်တော် အိမ်ပြန်ရောက်တော့ အိပ်ရာထဲ ဝင်အိပ်တာတောင် စိတ်ထဲမှာ ရေထဲနစ်သလို ခြောက်ခြား ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်လယ်ထဲ ရောက်သွားသလိုပဲလေ။ ကျွန်တော် ခုန်ချပြီး အလန့် တကြား အော်မိတယ်"ဟု အိုကီနီက ခေါင်းတယမ်းယမ်းဖြင့် ပြောကြားခဲ့သည်။ ၎င်းက "အဲဒီအခန်းလေး ထဲ ရေပြည့်မသွားအောင် ဘာက ဘယ်လို ပိတ်ဆို့ တားဆီးထားတယ် ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဘုရားသခင်ကိုတိုင်တည် ဆုတောင်းခဲ့တယ်။ သူလုပ်ပေးခဲ့တယ် ထင်ပါတယ်။ တကယ့်ကို အံ့ဩထူးခြားတဲ့
အခြေအနေမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Planet.com.mm
No comments:
Post a Comment