ဧရာဝတီတိုင်းက ငါးပိလုပ်သူတွေက ငါးပိမှာ အရိုးမြန်မြန်ဆွေးဖို့ ဓာတ် မြေသြဇာတွေ ထည့်တယ်ဆိုပြီး စားသုံးသူ ကာကွယ်ရေးအသင်းကပြောတဲ့အပေါ် ဘာများပြောချင်ပါသလဲ။ ငါးပိလုပ်တဲ့ အခြေအနေ ကို ပြောပြပေးပါဦး။
ငါးပိလုပ်တဲ့
ငါးတွေက ဧရာဝတီတိုင်းဘက်က လာတယ်။ အဲဒီလို လာတဲ့နေရာမှာလည်း
နှစ်မျိုးနှစ်စား ရှိတယ်။ ဧရာဝတီတိုင်းမှာက အင်းတွေပေါတော့ အစိုးရက
လေလံပစ်တယ်။ အဲဒီတော့ လေလံပစ်တဲ့ အင်းတွေကို ဘယ်သူမှ ဝင်ဖမ်းလို့မရဘူး။
အင်းထဲက ငါးကို သူပဲပိုင်တယ်။ အင်းဖော်တဲ့အခါကျရင် ငါးတွေ ကို
စံပြငါးဈေးကို တချို့ပို့တယ်။ မိတဲ့ငါးကများတော့ ဝယ်သူဈေးကွက် အနေအထားအရ
အကုန် မရောင်းနိုင်ဘူး။ ဒီတော့ အရှင်တွေကို စံပြငါးဈေးပို့တယ်။
ငါးအသေတွေကို ဆားလူးပြီး ပီနံအိတ်ထဲ ထည့်တယ်။ တောင်းထဲထည့်တယ်။ ပြီးရင်
ဘုရင့်နောင်ပွဲရုံကို ပို့တယ်။ အဲဒီဘုရင့်နောင်ပွဲရုံက တစ်ရာကို ငါးကျပ်နဲ့
ကော်မရှင်ယူပြီး ငါးပိလုပ်ငန်းရှင်တွေကို ရောင်းပေးတယ်။
ဘုရင့်နောင်ရောက်တဲ့ ငါးတွေကို နယ်ပေါင်းစုံကနေ လာဝယ်တယ်။ လာဝယ်ကြတဲ့
လုပ်ငန်းရှင် အနည်းအများပေါ် မူတည်ပြီး တစ်နေ့ငါးရတဲ့နှုန်းက ကွာတယ်။
အဲဒီတော့ ဒီလိုနေ့တိုင်း ဝယ်တဲ့ငါးတွေကို လေးထောင့်ကန်၊ ငါးပိ၊ ငါးခြောက်၊
ငံပြာရည်ဇုန်ကို သယ်သွားတယ်။ အဲဒီရောက်ရင် ဝယ်လာတဲ့ ငါးတွေကို သွန်ချတယ်။
ပြီးရင် ရေဆေးတယ်။ ရေဆေးတယ် ဆိုတာကလည်း ဆားများမှာ စိုးလို့ရယ်၊ ငါးထဲမှာ
ရွှံ့ပါရင် ရွှံ့ပျောက်အောင် ရေဆေးရတယ်။ နောက်တော့ ရေဆေးပြီးတဲ့ ငါးတွေကို
အချိန်တစ်ရာမှာ ဆားဆယ်ပိဿာ ပြန်ရောရတယ်။ ပြီးရင် ထမနဲကျိုရတယ်။
ထမနဲ
ဆိုတာကလည်း ဆန်ကို အစေ့ပျောက်အောင်ကျိုတာ။ ပြီးရင် ငါးအချိန်တစ်ရာကို ထမနဲ
တစ်ဆယ်ရောတယ်။ မွှေတယ်။ ပြီးတော့ အိုးရှိရင် အိုးထဲသိပ်တယ်။ ရိုင်ပတ်ကို
ခင်းတယ်။ ဝါးခြမ်း နှစ်ပြားနဲ့ အိုးကိုဖိထား၊ အိုးထဲမှာ အထစ်ကလေးရှိတော့
အောက်ငါးတွေ ကြွတက်မလာတော့ဘူး။ အဲဒီအခါမှ ငံပြာရည်က အပေါ်တက်လာတယ်။ ခြောက်လ၊
တစ်နှစ်လောက်ထား၊ ပိုတောင်မှ မွှေးနေသေး တယ်။ ငံပြရည် ရှိနေသရွေ့
ငါးပိကမပျက်ဘူး။ ငါးပိဖော်လိုက်ရင်လည်း ငါးပြေမက အကောင်လည်း မပျက်ဘူး။
မွှေးနေတယ်။ အဲတော့ ငါးပြေမမှန်းသိပြီး ဈေးလည်း ထောင့်ငါးရာနဲ့
ရောင်းလို့ရတယ်။ ငါးစင်ရိုင်းဆို တစ်ထောင်ရောင်းတယ်။ ငါးရံ့ဆိုရင်
နှစ်ထောင့်နှစ်ရာ ရောင်းတယ်။
ဒါဆိုကျိုစားရင်
ကြေကုန်ရော။ ဒါက အင်းသမားတွေက ငါးကိုသုံးတဲ့ပုံ။ နောက်ထပ်ချောင်းတွေမှာ
လိုက်ပြီး ငါးဖမ်းတဲ့ သူတွေ ရှိတယ်။ အဲဒီအနည်းအကျဉ်းရတာကို ရွာထဲက
ငါးပိလုပ်တဲ့ သူတွေ ဆီ ရောင်းကြတယ်။ အိမ်စား ဖို့လုပ်တာလည်း ရှိတယ်။
ရွာနီးနားမှာ ရောင်းဖို့ ရေကျိုငါးပိလုပ်တာ ရှိတယ်။ အဲဒီလိုမျိုး
မှန်ခဲ့သည် ရှိသော်လည်း ဘယ်သူ့မှာမှ သက်သေအထောက် အထားဆိုတာ မရှိဘူး။
အဲဒီလိုလူမျိုးတွေက အရင်းအနှီး နည်းနည်း မြန်မြန်ရောင်းချင်လို့
နှစ်ပတ်လောက်နဲ့ ငါးပိဖြစ်အောင် လုပ်ရောင်းရင်တော့ မသိဘူး။
ဓာတ်မြေသြဇာထည့်မှန်း ဘယ်သူမှလည်း အခုထိမတွေ့သေးပါဘူး။ ဓာတ်မြေသြဇာက
အကောင်ကြေအောင်၊ အရိုးဆွေးအောင် ဓာတ်မြေသြဇာထည့်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
လူတိုင်းက ငါးပိ အကောင်လိုက်ဖြစ်မှ ကြိုက်တာ။ ကြေသွားရင် ဘယ်သူမှမဝယ်ဘူး။
Voice : ဒါဆို ငါးပိလုပ်ငန်းရှင်ကြီးတွေဆိုတာ ရန်ကုန်တိုင်းဒေသကြီး ထဲမှာပဲ ရှိတာပေါ့။
UMMT
: ဟုတ်တယ်။ လုပ်ငန်းကြီးသမားက ရန်ကုန်ထဲမှာပဲ ရှိတယ်။ အင်းဖော်လိုက်တယ်
ဆိုတာနဲ့ ငါးစင်ရိုင်းဆိုရင် ကုန်ချိန်လေးသောင်းလောက်ကို ပိဿာဈေး ဝယ်တယ်။
တစ်ထောင်ဈေးနဲ့ ဆိုရင် လေးသောင်းလောက် ကျတယ်။ အဲဒီမှာ ပွဲစားကပွဲခ
သိန်းနှစ်ဆယ်လောက် ရမယ်။ ဦးတို့ကို ရောင်းရင် ဆယ်ရက်လောက်ဆို
ပိုက်ဆံသွားချေတယ်။ အဲတော့ ငွေရမြန်တဲ့အတွက် ဒီအတိုင်း လုပ်တယ်။
အင်းသမားကလည်း အဲဒီပွဲရုံမှာပဲ အရောင်းအဝယ် ဖြစ်တယ်။ ငွေမမြုပ်တော့ဘူး။
ဒီတော့ ဧရာဝတီတိုင်းဘက်က ငါးလုပ်ငန်းလုပ်တဲ့ သူတွေက ငါးပိဖြစ်တဲ့အထိဆိုရင်
ဒီလောက်အများကြီး မလုပ်နိုင်ဘူး။ ဖောက်သည်လည်း မရှိဘူး။
Voice : ဒီလိုသတင်းတွေ ထွက်တော့ လုပ်ငန်းအတွက် ဘယ်လောက်ထိခိုက်မှု ရှိခဲ့လဲ။
UMMT
: အခု ဒီသတင်းစတာ စားသုံးသူ ကာကွယ်ရေးအသင်းက စလာတယ်။ သူကလည်း သူ့ဆီကို
ဟိုလူက ဖုန်းဆက်၊ ဒီလူက ဖုန်းဆက်နဲ့ဆိုတော့ စားသုံးသူတွေအတွက် စေတနာနဲ့
လုပ်နေမှန်း နားလည်ပါတယ်။ အဲဒီတော့ မီဒီယာတွေကို ခေါ်ပြီးဖွင့်ချလိုက်တော့
မီဒီယာတွေက ဈေးကွက်ထဲမှာရှိတဲ့ ငါးပိတွေရဲ့ ၉၉ ရာခိုင်နှုန်းမှာ
ဓာတ်မြေသြဇာ ပါတယ်ဆိုပြီး ဖော်ပြကြတော့ ဘယ်သူမှ မစားရဲတော့ဘူး။
ဓာတ်ခွဲကြည့်တော့ ဓာတ်မြေသြဇာတွေ့လို့ ပြောတာလားဆိုတော့ မဟုတ်ဘူး။ ဆီကို
အကြော်ခံအောင် ရေသန့်ဘူးထည့်တယ် ဆိုတာကို ဘယ်မီဒီယာမှ မရေးဘူး၊ မရေးတော့
ပြဿနာက အဲလောက် မကြီးခဲ့ဘူး။ ငါးပိထဲမှာ ဓာတ်မြေသြဇာ ပါတယ်ဆိုတော့ ငါးပိက
မြောင်းထဲ ရောက်သွား တာပေါ့။ ဦးတို့ဆီကို လာတဲ့သူတွေထဲမှာ လက်လီယူတဲ့သူ
နည်းပါတယ်။
သင်္ဃန်းကျွန်းဈေးတို့၊
ဗဟန်းဈေးတို့ထဲက ချရောင်းတဲ့သူတွေက နေ့ခင်းနှစ်နာရီလောက် ဆိုရင်
လာဝယ်ကြတယ်။ ခေါင်းရွက် ဗျပ်ထိုးသမားတွေက အိမ်ရှင်မတွေ မသုံးရဲတော့
ဒီကိုဘယ်လာရဲ တော့ မလဲ။ ငါးရက် လာရမယ့်ဟာကို နှစ်ရက်လောက်ပဲ လာတော့တာပေါ့။
နောက်ပြီး ဧရာဝတီတိုင်းကို အခုစစ်ဆေးနေတယ် ဆိုရင် ဘယ်နေရာတွေ စစ်တာလဲ
ပြောပါ။ ညောင်တုန်း မှာ တွေ့တယ် ဆိုတာ ညောင်တုန်းက ဘယ်သူ့ဆိုင်မှာ
တွေ့တယ်ဆိုရင် ပြောပေါ့။ ညောင်တုန်း တစ်မြို့လုံးဆိုတော့ စွပ်စွဲရာ
ကျတာပေါ့၊ တိတိကျကျ နာမည်နဲ့လုပ်ပါ။
Voice : ပြည်တွင်းက ငါးပိငါးခြောက် လုပ်ငန်းရှင်တွေက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်မှတ်ရထားတဲ့ သူတွေချည်းပဲလား။
UMMT
: ငံပြာရည်ကတော့ လက်မှတ်ရတယ်။ ငါးပိကတော့ ဆိုင်မှာလက်ကား ရောင်းကြတယ်။
ငါးပိကို တစ်ပိဿာထုပ် ရွှေမင်းသား ဆိုပြီး ရောင်းတာမရှိဘူး။ ကျန်းမာရေးဌာနက
ရွှေမင်းသား တစ်ပုလင်းပေးပါ၊ ကျွန်တော်တို့ စစ်ချင်လို့ပါဆိုပြီး
လာတောင်းပြီးစစ်တာ မရှိဘူး။ ကျွန်တော်တို့ဆီက ငံပြာရည်ပုလင်းတွေ ကို
ညောင်ပင်လေးဈေး တို့လို ဈေးတွေမှာ တင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနကယူပြီး
သူ့ဘာသာစစ် တယ်။ ဦးတို့လည်း မသိဘူး။ ငါးပိထဲမှာ ဓာတ်မြေသြဇာ
ထည့်လို့ရတယ်ဆိုတာ ဒီအလုပ်လုပ်နေတာ လည်းကြာပြီ မသိပါဘူး။
ထည့်ခဲ့လို့
ရှိရင်လည်း ထည့်တဲ့သူတွေက မီဒီယာက ရေးရင်တော့ အရှိန်သတ်သွားမှာပေါ့။
တကယ်တမ်းပြောရရင် ငါးပိနှစ်ပိဿာမှာ တစ်ပိဿာပဲ ရောင်းရတာ ပြဿနာမရှိဘူး။
မရောင်းရလို့လည်း လုပ်ငန်းရှင်တွေ ထိခိုက်စရာမရှိဘူး။ ငါးပိမှာ
မရောင်းရလို့ သံချေးတက်မယ်၊ ပျက်စီးမယ်ဆိုတာ မရှိဘူး။ ရောင်းမရလည်း
အိုးထဲမှာရှိမယ်၊ ကန်ထဲမှာရှိမယ်။ ကြာလို့ရှိရင် ငါးပိမွှေးတောင်
မွှေးနေဦးမယ်။
စိတ်မကောင်းတာတော့
အခြေခံလူတန်းစားပေါ့။ ငါးရာတန်ပစ္စည်းမှာ နှစ်ဆယ်သား ဝယ်ရင် တစ်ရာပဲ ကျတယ်။
အဲဒီတော့ နေ့ည စားပါလေဦး၊ မီးဖိုချောင်စရိတ်လည်း သက်သာတယ်။ အခုတော့
ကြက်သား မှုန့်တွေ၊ အချိုမှုန့် အတုတွေ စားနေရတော့ ကျန်းမာရေးတွေ
ပိုဆိုးတာပေါ့။ ဝမ်းနည်းစရာ ကောင်းတာက ရိုးရာရေကျိုငါးပိဟင်း တစ်ခွက်တောင်
ပျောက်သွားမလို ဖြစ်နေပြီ။ စားသုံးသူတွေကလည်း ဘာငါးပိပဲ ဝယ်ဝယ်
ရောင်းတဲ့သူတွေကို အာမခံခိုင်းပေါ့။ ဒီလိုဆိုရင် မဟုတ်တာ လုပ်မယ့်သူက
မလုပ်ရဲဘူး ဖြစ်သွား မယ်။ ဓာတ်မြေသြဇာ ထည့်တဲ့သူလည်း မလုပ်ရဲတော့ဘူး
ဖြစ်သွားမယ်။ အာမခံနိုင်တဲ့ သူပဲ ရောင်းရတော့မှာပေါ့။
The Voice Weekly
No comments:
Post a Comment