အဖမ်းအဆီး ကြမ်းမည်ဟု သတိပေး ထားသည့် မလေးရှား နိုင်ငံရောက် တရားမဝင်
မြန်မာနိုင်ငံ သားများ အပါအဝင် နိုင်ငံခြား သားများကို စက်တင်ဘာလ ၁
ရက်နေ့တွင် စတင်ဖမ်းဆီး နေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက်
မြန်မာလုပ်သားများ ထံမှ သိရှိရသည်။
“သတိပေးထား သလောက်တော့ မကြမ်းသေးဘူး” ဟု ၎င်းက ဆိုသည်။ သုံးလကြာ စစ်ဆင်ရေး
ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး
အစီအစဉ်ကို Enforcement Operation (မလေးရှား အခေါ် အော်ပရာစီ) အမည်ပေးထားပြီး
ယင်းစစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီ ဖြစ်သဖြင့်
ကွာလာလမ်ပူရှိ မြန်မာဆိုင်အချို့ ပိတ်ထားကြကြောင်း၊ အချို့ဆိုင်များကို
လုံခြုံရေး အစောင့်များဖြင့် ဖွင့်ထားသည်ကို တွေ့ရကြောင်း ဦးသောင်းက
ဆက်လက်ပြောကြားသည်။ ဂျိုးဟိုးပြည်နယ်ရှိ လက်အိတ်စက်ရုံတစ်ခု
လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားတစ်ဦးကမူ “ဖမ်းဆီးတဲ့ သတင်းတွေတော့
ကြားနေရပြီး ကိုယ်တိုင်မတွေ့ရသေးဘူး” ဟု ဆိုသည်။
အော်ပရာစီစတင်သည့် နံနက်ပိုင်းတွင်ပင် တရားမဝင် နေထိုင်နေသည့် မြန်မာ၊
ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါနိုင်ငံတို့မှ တရားမဝင် နိုင်ငံသား
စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star
တွင် ဖော်ပြသည်။ ယခုနှစ် အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို
ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင်
၄၅,၀၀၀ ကိုလည်း ဖမ်းဆီးအရေး ယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားအစိုး
ရ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းဌာနတွင် ဖော်ပြ ထားသည်။
တရားမဝင် မြန်မာအလုပ်သမား များကို အလုပ်ရှင်များက စက်ရုံများတွင်သာ
နေစေပြီး အချို့အလုပ်ရှင် များက လုပ်သားများကို လုံခြုံသည့် နေရာများသို့
ပို့ဆောင် ထားကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ အော်ပရာစီ
စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင် မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊
စစ်တပ်၊ မီးသတ်နှင့် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ် (6P)
တာဝန်ခံ အေးဂျင့်များ၊ UN ကတ် (မလေးရှားနိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထား
သူကတ်) တရားဝင် ရရှိထား သူများအတွက် ကုလသမဂ္ဂမှ တာဝန်ရှိသူများ အပါအဝင်
လူပေါင်း ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ
သတင်းများတွင် ဖော်ပြသည်။ တရားမဝင် နိုင်ငံခြားသား များကို
ဖမ်းဆီးနှိမ်နင်းသည့် အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊
အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ်ငါးသိန်းနှင့် ထောင်ဒဏ်ငါးနှစ်၊
ကြိမ်ဒဏ်ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The
Star သတင်းဌာနတွင် ဖော်ပြထားသည်။
ရိုးရာလေး
No comments:
Post a Comment