Thursday, October 17, 2013

မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများ ခေါ်ယူ

မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရသူများလည်း လျှောက်ထားနိုင်သည့် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများအား အစိုးရက အောက်တိုဘာ ၁၆ ရက်ထုတ် အစိုးရပိုင် သတင်းစာများမှ တစ်ဆင့် ခေါ်ယူခဲ့သည်။
အဆိုပါ ခေါ်ယူမှုကို စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည် ဖြစ်ကြောင်းနှင့် အနည်းဆုံး အရပ် ၅ ပေ ၃ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၀၀ နှင့် ၁၃၀ ကြားတွင် ရှိရမည်ဖြစ်ကာ မျက်မှန် တပ်ဆင်ထားသူများ မဖြစ်စေရဟု ခေါ်ယူမှုတွင် ဖော်ပြထားသည်။
ခေါ်ယူမှုတွင် မဟာဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူကို ဦးစားပေးမည် ဖြစ်ကြောင်းနှင့် မဟာဘွဲ့ရသူ၊ ပါရဂူဘွဲ့ရသူများလည်း လျှောက်ထားနိုင်ကြောင်း၊ အသက် ကန့်သတ်ချက်အဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဘွဲ့ရ ထားသူများအနေဖြင့် အသက် ၂၅ နှစ်၊ မဟာဘွဲ့ ရထားသူများအနေဖြင့် အသက် ၂၇ နှစ်၊ ပါရဂူဘွဲ့ ရထားသူများအနေဖြင့် အသက် ၃၀ နှစ်များထက် မကျော်လွန်သူများ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ဗိုလ်လောင်းအဖြစ် ရွေးချယ်ခံရသူ အမျိုးသမီးများအနေဖြင့် ဗိုလ်လောင်းသင်တန်း တက်ရောက် အောင်မြင်ပြီးပါက ဘွဲ့ရအမျိုးသမီးများ အနေဖြင့် ဒုတိယဗိုလ်၊ မဟာဘွဲ့ရသူ၊ ပါရဂူဘွဲ့ရသူများသည် ဗိုလ်အဆင့်များဖြင့် စတင် ခန့်အပ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီး ဗိုလ်လောင်းများ ခေါ်ယူခြင်းမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
"အရင်တုန်းကတော့ တပ်မတော်မှာ အမျိုးသမီးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်တာ ရှိခဲ့တယ်ပေါ့နော်။ အဲဒါကို အခုတပ်ချုပ် လက်ထက်မှာ ပြန်ဖော်တာ။ အမျိုးသမီး အခန်းကဏ္ဍ မြှင့်တင်ရေး၊ တပ်မတော် ပြုပြင်ပြောင်းလဲရေးကလည်း တစ်ပိုင်းပေါ့။ နိုင်ငံတကာ တပ်မတော်တွေမှာလည်း အမျိုးသမီးဝန်ထမ်းတွေ အများကြီးရှိတာပဲလေ။ ဒါက အရာရှိအဆင့်။ တခြားအဆင့်တွေပါ ဆက်ပြီးခေါ်ဖို့ သူတို့စဉ်းစားနေတယ်ပေါ့နော်။ အဲဒါတော့ မလာသေးဘူး" ဟု အဆိုပါ သမ္မတရုံး အကြီးတန်းအရာရှိက ဆိုသည်။
လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်ပြီး လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံသုံးပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတို့မှ ပဏာမ ဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်ဖြစ်ကာ သက်ဆိုင်ရာ တက္ကသိုလ်မှ ဘွဲ့ရ အမှတ်စာရင်း ပါရှိရမည် ဖြစ်သည်။
လျှောက်လွှာများကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်တွင် စတင် ထုတ်ပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ လျှောက်လွှာ တောင်းခံရရှိသော တိုင်းစစ်ဌာနချုပ်မှ တစ်ဆင့် စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်း ပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ၀င်ရောက် အစစ်ဆေးခံရမည်ဖြစ်ကာ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ်များမှ အချိန်မီ ပေးပို့သွားမည် ဖြစ်ကြောင်း ခေါ်ယူသည့် ကြော်ငြာတွင် ပါရှိသည်။

Eleven

No comments:

Post a Comment