ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ) |
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) က ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှု ရရှိရေး အတွက် စစ်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား တပ်မတော် တဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ရရှိထားပါတယ်။
SSA-S ဟာ မြန်မာနိုင်ငံ အတွင်း စစ်အစိုးရကို တော်လှန်ခုခံနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက အင်အားကြီး တပ် ဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။
SSA-S ခေါင်းဆောင် အဖြစ် လူသိများတဲ့ ဦးယွက်စစ်က SSA-S တပ်ပိုင်းဆိုင်ရာမှာ ဒု ဗိုလ်ချုပ်ကြီး ဖြစ်ပြီး နိုင်ငံရေး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှာတော့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ ရှမ်းပြည်နယ် အမျိုးသားနေ့ကို RCSS/SSA ရဲ့ ဌာနချုပ် ဖြစ်တဲ့ လွယ်တိုင်းလျန်း တောင် ကုန်းပေါ်မှာ ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ RCSS/SSA ရဲ့ စစ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒုက္ခသည်တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ကျော်ခ က သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မကြာသေးခင်က လော်ခီးလာမှာ ကျင်းပသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံမှာ RCSS/SSA က လက်မှတ် မထိုးတာမှာ တခြား အဖွဲ့တွေနဲ့ ဘာများ ကွဲပြားနေတာ ရှိလို့လဲ။
ဖြေ။ ။ လက်မှတ် မထိုးရတဲ့ အကြောင်းရင်း ကတော့ ကျနော်တို့ရဲ့ ပေါ်လစီ အရ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ချင်း လာပြီးတော့ စည်းရုံး စေချင်တယ်။ ရှမ်းပြည်က သွားတဲ့ အဖွဲ့တွေကြတော့ တဖွဲ့ချင်း မဟုတ်ဘဲနဲ့ အဖွဲ့ငယ်လေးတွေပေါ့နော်။ လူမျိုးစုလေးတွေနဲ့ပဲ သွားရတယ်၊ ရှမ်းပြည်နယ် တပြည်နယ်လုံးကို ကိုယ်စားပြုတဲ့ တဖွဲ့တည်းရဲ့ အနေနဲ့ မဟုတ်လို့ လက်မှတ် မထိုးဘူး။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ RCSS/SSA အနေနဲ့ ဘာဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲ။
ဖြေ။ ။ RCSS အနေနဲ့ ကတော့ အချက် ၂ ချက် ရှိတယ်၊ အပစ်အခတ် ရပ်စဲရေး စစ်ရေး ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဆုံးဖြတ် ချက် ချလို့ ရတယ်။ နိုင်ငံရေး ကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် ရှမ်းပြည် ပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို ယူရမှာ ဖြစ်တယ်။
မေး။ ။ လာမယ့် ဘားအံ ဆွေးနွေးပွဲမှာရော RCSS/SSA ကို ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။
ဖြေ။ ။ လာမယ့် ဘားအံ ဆွေးနွေးပွဲကလည်း လော်ခီးလာလို ဆက်ပြော ဆွေးနွေးနေမယ် ဆိုလို့ရှိရင် သိပ်ပြီးတော့ အကြောင်း ထူးမှာ မဟုတ်ဘူး၊ အမှန်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးဆိုတာ လုပ်ရင် လွယ်လွယ်လေးပါ။ အစိုးရက လွယ်လွယ်လေးကို ခက်အောင် လုပ်လိုက်တာပဲ။ စောင့်ကြည့် ရဦးမယ်။ သူတို့ ဆွေးနွေးမယ့် အချက်အလက်တွေ သိပြီးမှ ဆုံးဖြတ်လို့ရမယ်။
မေး။ ။ အစိုးရဘက်က ပြောတဲ့ အထဲမှာ တိုင်းရင်းသားတွေ အနေနဲ့ အခွန် မကောက်ရဘူး၊ လူသစ် စုဆောင်းတာ မလုပ်ရဘူး၊ လက်နက်၊ လူအင်အား စာရင်း ပေးရမယ်၊ ပြည်သူ့စစ် တပ်ဖွဲ့တွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ အချက်တွေဟာ SSA အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်မလား။
ဖြေ။ ။ မြန်မာအစိုးရနဲ့ ဆွေးနွေးတုန်းက ဒါတွေ မပါဘူး။ သဘောတူညီချက်တွေလည်း မရှိခဲ့ဘူး။ ဒါတွေဟာ နောက်ပိုင်းမှ ပေါ်လာတဲ့ ဟာတွေ။ ဒါတွေက သဘောတူထားခြင်း မရှိဘဲနဲ့ သူတို့ဟာ သူတို့ ပြောလာတဲ့ အတွက်ကြောင့် ရှေ့လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို လုပ်သွားကြမလဲ၊ အခက်အခဲတွေ ရှိတယ်။ လူသစ် မကောက်ရတာတို့၊ ပြည်သူ့စစ်တွေ မထိခိုက်ရတာ တို့ ဆိုတာတွေဟာ နောင်လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်ပြီး ဆွေးနွေးရန် အတွက် ဖြစ်တယ်။ အခု အချိန်ကတော့ အပစ်အခတ် ရပ်စဲရေး ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒါတွေ လာပြောရင်တော့ မရဘူး။
မေး။ ။ အစိုးရနဲ့ လုပ်နေကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မြန်မာ့ တပ်မတော်ရဲ့အခန်းကဏ္ဍက ဘယ်လောက် အရေးပါတယ်လို့ မြင်လဲ။
ဖြေ။ ။ အဆင့် နှစ်ဆင့် ရှိတယ်။ အခုကတော့ ပထမ အဆင့်အနေနဲ့ ဦးသိန်းစိန် အစိုးရနဲ့ပဲ ဆွေးနွေး နေကြသေးတယ်။ နောက် ပြီးတော့ အစိုးရ စစ်တပ်နဲ့ RCSS နဲ့ ပြဿနာ ဖြစ်နေတာတွေဟာလည်းပဲ ဦးသိန်းစိန် အစိုးရရဲ့ အပေါ်မှာ တာဝန် ရှိတယ်။ စစ်တပ် ဟာ အမှန်အားဖြင့် အစိုးရရဲ့လက်အောက်မှာ ရှိရမယ်။ အခု ဖြစ်နေတဲ့ ပုံစံကတော့ ဦးသိန်းစိန် အစိုးရက ပြောပေမယ့်လည်း စစ် တပ် က နားမထောင်ဘူး။ အဲဒါက ဘာကြောင့် ဖြစ်နေတယ် ဆိုတာလည်း နားမလည်ဘူး။ ကျနော်တို့က စိုးရိမ်တယ်။ ဥပမာအားဖြင့် တခု ပြောရမယ် ဆိုရင် ဦးသိန်းစိန် ဆီကို RCSS ကနေပြီးတော့ မဲခေါင် မြစ်ကမ်းမှာ ဧက ၅၀၀၀ မြေနေရာ တောင်း ထားတာ ရှိတယ်။ ဦးသိန်းစိန်ကလည်း ပေးတယ်။ ပေးပြီးတော့ တြိဂံတိုင်းမှူးကို ပေးကြောင်း လက်မှတ် ထိုးဖို့ပြောတဲ့ အခါကြ တော့ အခုအချိန် အထိ တြိဂံတိုင်းမှူးက လက်မှတ်ထိုး မပေးဘူး။ မပေးရခြင်း အကြောင်းပြချက်ကတော့ တောင်းထားတဲ့ ဒီနယ်မြေ တွေဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ပုဂ္ဂိုလ်တွေနေတဲ့ နေရာ ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကလည်း အဲဒီ့ နယ်မြေမှာ လှုပ်ရှား နေ တုန်းပဲ ရှိတယ်။ အဲဒါကိုပဲ အကြောင်းပြချက် လုပ်ပြီးတော့ မပေးဘဲ နေတယ်။ ဒါဟာ အဓိပ္ပာယ် မရှိဘူး။ အကယ်၍ အဲဒီ နေရာဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လူတွေ ရှိနေတယ် ဆိုလို့ရှိရင် အဲဒီလူတွေ အတွက် လမ်းပိတ်လိုက်တဲ့ သဘောတောင် ဖြစ်ပြီး သွားလာ ရတာတောင် ခက်ခဲဦးမယ်။
မေး။ ။ ဒါဆိုရင် အစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေဟာ ရင်လေးစရာတွေ ဖြစ်နေပြီလား။
ဖြေ။ ။ အဲဒါကတော့ အစိုးရပေါ်မှာ မူတည်တယ်။ နိုင်ငံရေး လမ်းစဉ်တွေဟာ ရှောရှောရှူရှူနဲ့ ရှေ့ရောက်အောင် သွားနိုင်မလား၊ မသွားနိုင်ဘူးလား ဆိုတာ အစိုးရ လုပ်ရပ် အပေါ်မှာပဲ မူတည်တယ်။
မေး။ ။ လာမယ့် RCSS လူကြီး ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌက ပါဝင်ပြီး အရွေးချယ် မခံတော့ဘူးလို့ ပြောထားတာ ရှိတယ်။ တဖက် မှာလည်း ဥက္ကဋ္ဌကြီးကို ထောက်ခံနေကြတဲ့ လူတွေ ရှိနေတယ် ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ။
ဖြေ။ ။ ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ် အတိုင်းပဲ ကျင့်သုံး ပါတယ်။ ၄ နှစ် တကြိမ် ရွေးကောက်ရမယ့် ထုံးတမ်းတွေ ရှိခဲ့တယ်။ ဒီနှစ်ကြတော့ သူတို့အရာရှိတွေ အချင်းချင်းထဲက ပြန်ရွေး ကြဖို့၊ လူသစ် ပါဝင်လာနိုင်အောင် ဆိုပြီးတော့ လမ်းဖွင့်ပေး ထား တယ်။ တကယ်လို့ ရွေးလို့ မရဘူး၊ ရှိကို မရှိဘူး ဆိုပြီး တာဝန် ပြန်အပ် လာလို့ ရှိရင်တော့ မတတ်နိုင်ဘူး၊ လက်ခံရမှာပဲ။
မေး။ ။ အကယ်၍များ အရွေးချယ် မခံတော့ဘူး ဆိုရင် ဥက္ကဋ္ဌ လက်ထက်မှာ လုပ်ကိုင်ထားတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေဟာ အခြေအနေ ပျက်ပြား သွားနိုင်လား။
ဖြေ။ ။ အဲဒါကလည်း ခန်းမှန်းလို့ အတိအကျ ပြောလို့တော့ မရဘူးပေါ့။ ဘာလို့လဲ ဆိုတော့ ဥက္ကဌ အသစ် တက်လာလို့ ရှိရင် ဆုံးဖြတ်ချက်က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာပဲ မူတည်တယ်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ပွဲတွေမှာ RCSS ဘက်က စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ထောင်ဖို့ ပြောထားတာ ရှိတယ်။ အဲဒါက ဘယ်အဆင့်အထိ အကောင်အထည် ဖော်ပြီးပြီလဲ။
ဖြေ။ ။ ရှမ်းတောင်တန်း ဆိုတဲ့ ကုမ္ပဏီတခု တည်ထောင် ပြီးပြီ၊ အဲဒါက ၀န်ကြီး ဦးအောင်မင်း အကူအညီကြောင့် ဖြစ်လာတဲ့ ကုမ္ပဏီပေါ့။ ဒါပေမယ့် လက်တွေ့ ပိုင်းကြတော့ အကောင်အထည်ဖော်လို့ မရဘူး ဖြစ်နေတယ်။ ဥပမာ ပြရမယ် ဆိုလို့ ရှိရင် မိုင်းကန် မှာ သတ္ထုတွင်း တူးဖို့ ခွင့်တောင်းတဲ့ အခါကြတော့လည်း အခုအချိန် အထိ စစ်တပ်က ခွင့် မပေးသေးဘူး။ နေပြည်တော် က ခွင့်ပေးပြီး သတ္ထုတွင်း ဝန်ကြီးဌာန ဆိုင်ရာက ပုဂ္ဂိုလ်တွေလည်းပဲ အဲဒီ နေရာကို လာပြီးကြည့်ဖို့၊ သတ်မှတ်ပေးဖို့ အဲဒီနယ်ကို ဝင်ဖို့ရန် အတွက် စစ်တပ်က ခွင့် မပေးဘူး။ အခုအချိန်အထိ ဘာမှ အကောင်အထည် ဖော်လို့ မရသေးဘူး။ ကုမ္ပဏီကတော့ သတ္ထုတွင်း တူးတာရယ်၊ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကုန်ကူးတာတို့ တခြား အမျိုးမျိုးပေါ့၊ ဖြစ်နိုင်တဲ့ ဟာကို လုပ်မယ်ပေါ့။ ဒါပေမယ့် အခု အခြေအနေ ကတော့ ဘာမှ လုပ်လို့ မရသေးဘူး။ စစ်တပ် ကတော့ ဘာအကြောင်း ပြချက်မှတော့ မရှိဘူး။ သူတို့ ဆိုလိုတာကတော့ လက်နက် မချရင် ပေးမလုပ်ဘူး။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပြီလဲ။
ဖြေ။ ။ ပထမ အချက်ကတော့ ဆက်ဆံရေး ရုံးတွေ ဖွင့်တာ။ ဒုတိယ အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဘောင် ချဖို့ရန် အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတဲ့ အဆင့် ရှိပါတယ်။ အဲဒီ နှစ်ခုပဲ ရှိပါသေးတယ်။ အားလည်း သိပ်နည်းနေသလို အချိန် လည်း ကြန့်ကြာနေတယ်။
မေး။ ။ SSA ရဲ့ ရှေ့တန်း နယ်မြေတွေနဲ့ အစိုးရ စစ်တပ် ရှေ့တန်း နယ်မြေတွေဟာ ဆက်စပ် နေတယ်။ အဲဒီမှာရော စစ်မြေပြင် ဆက်ဆံရေးတွေက ကောင်းမွန်နေပြီလား၊ အပစ်အခတ် တည်ငြိမ်ပြီး နှစ်ဘက်တပ်တွေ နားလည်မှုရနေတဲ့ အခြေအနေကို ရောက် နေပြီလား။
ဖြေ။ ။ အပစ်အခတ် ရပ်စဲရေး ဆိုတာ အစိုးရနဲ့ RCSS တို့ တဘက်နဲ့ တဘက် ကျေကျေ လည်လည် နားမလည် ကြသေးဘူး။ အပတ်အခတ် ရပ်စဲပြီးလို့ လက်မှတ် ထိုးလိုက်တာနဲ့ တကယ်တမ်း ပစ်ခတ် နေတာတွေ အကုန်လုံး ရပ်စဲ ရမယ်။ မျက်နှာချင်းဆိုင် တွေ့နေလည်းပဲ တယောက်နဲ့ တယောက် မပစ်ရဘူး အဲလိုမျိုးပဲ ဖြစ်သင့်တယ်။ တချို့မြို့တွေမှာ ဆိုလို့ ရှိရင် ဆက်ဆံရေး ရုံးတွေ ဖွင့်ထားတာ ရှိတယ်။ တကယ်လို့သာ လှုပ်ရှားမှုတွေ ရှိနေမယ် ဆိုလို့ ရှိရင် အဲဒီ ဆက်ဆံရေး ရုံးတွေကို ပြောကြားမယ် ဆိုလို့ ရှိရင် ဘယ်လိုမှ ပြဿနာ ဖြစ်လာမှာ မဟုတ်ဘူး။ အပစ်ရပ် ဆွေးနွေးမှု သဘောတူ ခဲ့ကြတုန်းက RCSS/SSA ရဲ့တပ်တွေက ကျေးလက် တောရွာတွေမှာ ရှိတယ်။ မြို့ထဲမှာ ဆိုလို့ ရှိရင် အစိုးရ စစ်တပ်တွေ ရှိမယ်။ တကယ်လို့ တောရွာတွေကို စစ်ကြောင်း ထွက်မယ်တို့ ဘာတို့ ဆိုလို့ ရှိရင် ဆက်ဆံရေးရုံးကို အကြောင်းကြားပါ ဆိုပြီးတော့ သဘောတူ ထားကြတယ်။
မေး။ ။ SSA ရဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ ဆိုရင် UWSA “၀” တပ်ဖွဲ့တွေ၊ PNLO ပအို့ဝ် တပ်ဖွဲ့တွေနဲ့ SSPP/SSA ရှမ်းမြောက် တပ်ဖွဲ့တွေ ရှိနေတော့ သူတို့နဲ့ ဆက်ဆံရေး ကရော အခြေအနေ ဘယ်လို ရှိလဲ။
ဖြေ။ ။ ဒီအဖွဲ့တွေနဲ့ ကြတော့ အမြဲတမ်း ဆက်သွယ် နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအဖွဲ့တွေဟာ အမှန်ကတော့ ရှမ်းပြည်သားတွေပဲ ဖြစ်တယ်။ အဖွဲ့ မတူလို့ တခြားစီ ဖြစ်နေပေမယ့်လည်း ရှမ်းပြည်သား အချင်းချင်း ညီညွှတ်မှု ရအောင် ဆိုပြီးတော့ အမြဲတမ်းပဲ ဆွေးနွေး ပြောဆို ကြပါတယ်။
မေး။ ။ UWSA ခေါင်းဆောင်ပိုင်းတွေနဲ့ RCSS/SSA ခေါင်းဆောင်ပိုင်းတွေ ကြားမှာရော ဆက်ဆံရေးတွေ ကောင်းကြလား။
ဖြေ။ ။ အချင်းချင်းတော့ တွေ့ဆုံ ပြောဆိုခြင်း မရှိသေးဘူး။ ဒါပေမယ့် အောက်ဆင့်က အဆက်အသွယ် တွေတော့ ရှိပြီ။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဘက်မှာ ဆိုရင် RCSS က မူဘောင်တွေ သေသေသပ်သပ် ချထားတာတွေ ဖတ်ရှု ရ တယ်။ ၂၀၁၂ အောက်တိုဘာ လပိုင်းက ဆိုလို့ ရှိရင်လည်း RCSS ၊ UNODC နဲ့ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူထားတဲ့ အချက် ၉ ချက် ရှိခဲ့တယ်။ အဲဒီ အချက်တွေထဲက ဘယ်နှစ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ပြီလဲ။
ဖြေ။ ။ ကျနော်တို့က စေတနာမှန်နဲ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းချင်လို့ လက်ကမ်းတဲ့ အတွက်ကြောင့် သူတို့ (UNODC) လည်း လာပြီးတော့ လုပ်တယ်။ သဘော တူညီချက်တွေ ရတယ်။ ဒါပေမယ့် အစိုးရ စစ်တပ်က ခုချိန်ထိ ဘာမှ လာပြီးတော့ လက်တွဲ လုပ်ချင်း မရှိသေးဘူး။ ဒီတော့ အဲဒီ ၉ ချက်ထဲမှာ တချက်မှ အကောင်အထည်ဖော်လို့ မရသေးဘူး။ RCSS က မူးယစ်ဆေးဝါး ပပျောက်ရေး ၆ နှစ် ပေါ်လစီ ချထားတာဟာ၊ အစိုးရနဲ့ UNODC လာရောက် ပူးပေါင်း ဆောင်ရွက်လို့ ရှိရင်တော့ ဒီ ၆ နှစ် အတွင်းမှာ အောင်မြင် နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ချထားခြင်း ဖြစ်တယ်။ အဲဒီဘက်က လာရောက် မပူးပေါင်းဘူး ဆိုလို့ရှိရင် အကောင်အထည်ဖော်ဖို့ ပြီးစီးနိုင်မှာ မဟုတ်ဘူး။
မေး။ ။ လွယ်တိုင်းလျန်းမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အရေးအတွက်ရော ဘာတွေ စီမံထားလဲ။
ဖြေ။ ။ ဒီဒုက္ခသည် ပြဿနာက လွယ်တိုင်းလျန်းမှာမှ မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း ဒုက္ခသည်တွေ အများကြီး ရှိတယ်။ စစ်ဖြစ်တဲ့ အတွက်ကြောင့် အများကြီး ဒုက္ခရောက် ကြတယ်။ သူတို့ရဲ့ ဒုက္ခတွေကို ကယ်ဆယ်ချင်လို့ ငြိမ်းချမ်းရေးဖြစ် အောင် ကြိုးစားနေတာ။ ငြိမ်းချမ်းရေး ရပြီ နိုင်ငံရေး ပြဿနာ ပြေလည်ပြီ ဆိုလို့ရှိရင် သူတို့လည်း သူတို့အိမ် ပြန်ရုံပဲ။
မေး။ ။ သက်တမ်း တဝက်ကျော် ကြာလာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အပေါ်မှာရော ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လို သုံးသပ်လဲ။
ဖြေ။ ။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်လို့ ယူဆရမှာပေါ့။ ပထမ အချက် အနေနဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုရင် အတော် အောင်မြင်မှု ရလာတယ်၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာက မကောင်းမြင် ထားတဲ့ဟာတွေ၊ အထင်မှားထားတဲ့ ဟာတွေလည်းပဲ အတော်လေး ဖျောက်ဖျက် ပစ်နိုင်တယ်။ အခုဆိုလို့ ရှိရင် အကောင်း မြင်လာတာ များတယ်။ ဥက္ကဋ္ဌ အနေနဲ့ ဆိုရင်တော့ ဦးသိန်းစိန်ကို တိုင်းပြည် အပေါ် စေတနာရှိတဲ့ ပုဂ္ဂိုလ် တိုင်းပြည် အပေါ်မှာ ပြောင်းလဲ တိုးတက်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင်တယ်။
မေး။ ။ လက်ရှိ အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာရော ဘယ်လို မြင်မိလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်ထဲမှာ ဒီမိုကရေစီ အယူအဆ ပြန့်ပွားအောင် ပထမဆုံး အုတ်မြစ်ချတဲ့ ပုဂ္ဂိုလ် တဦးလို့ မြင်တယ်။ နိုင်ငံကို တကယ် တိုးတက် ပြောင်းလဲ စေချင်တယ်၊ ဒီမိုကရေစီကို လက်ကိုင် ကျင့်သုံးစေချင်တဲ့ စေတနာ ရှိတယ်လို့ မြင်တယ်။ လက်ရှိ အစိုးရနဲ့ လက်တွဲပြီး လုပ်ကိုင်ခြင်းဟာ တဘက်နဲ့ တဘက် ပိုပြီးတော့ နားလည်မှု ရလာအောင် ဒီမိုကရေစီ သွားတဲ့ နေရာမှာ ပိုပြီးတော့ လက်တွဲနိုင်အောင် လုပ်နေတယ်လို့ မြင်တယ်။
မေး။ ။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး RCSS အနေနဲ့ အရင်တုန်းက ဝေဖန် ကန့်ကွက် ခဲ့ဖူးတယ်၊ အခု လက်ရှိ အချိန်မှာရော ဘယ်လို သဘောထား ရှိပါလဲ။
ဖြေ။ ။ နိုင်ငံ တနိုင်ငံရဲ့ တိုးတက် ပြောင်းလဲမှုဟာလည်း အခြေခံ ဥပဒေ အပေါ်မှာ မူတည်တယ်။ ပြည်သူ အများစုဟာ ဒီအခြေ ခံ ဥပဒေက ဒီမိုကရေစီ လမ်းစဉ်နဲ့ မညီဘူး၊ ပြောင်းလဲ စေချင်တယ် ဆိုလို့ရှိရင် ပြောင်းစေချင်တယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ လမ်းစဉ်နဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြုပြင် စေချင်တယ်။
မေး။ ။ RCSS အနေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပူးပေါင်းသွားဖို့ဆိုရင် အဲဒီမှာ ကိုယ်မကြိုက်တဲ့ ဘယ်လို အချက်တွေက အခက်အခဲတွေ ရှိမလဲ။
ဖြေ။ ။ သူတို့ရဲ့ အခြေခံမူပေါ်မှာ မူတည်တယ်။ ရှမ်းပြည်ပဲ ဖြစ်ဖြစ်၊ ကရင်ပြည်ပဲ ဖြစ်ဖြစ်၊ ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့က တဖွဲ့တည်းပဲ ရှိရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီ ရှမ်းပြည်ထဲမှာ ရှိတဲ့ တခြား အဖွဲ့လေးတွေကို လက်ခံလိုက်တော့ အကုန်လုံး ရှုပ်ကုန်တော့ မဝင်နိုင်ဘူးပေါ့။
မေး။ ။ SSA တခုလုံးမှာ ဆိုလို့ ရှိရင် တပ်အင်အား စုစုပေါင်း ဘယ်လောက် ရှိမလဲ။
ဖြေ။ ။ အဲဒါကတော့ နိုင်ငံရေး ဆွေးနွေးြ့ပီးတဲ့အခါကြမှ အတိအကျ သိလိမ့်မယ်။
မေး။ ။ ပြီးခဲ့တဲ့နှစ် ရှမ်းပြည်နယ် အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားမှာ အင်အား ၅ ထောင်ကျော်လောက် သုံးသွားတာ တွေ့ရတယ်၊ ဒီနှစ်ကတော့ အဲဒီလောက် မများဘူးပေါ့။ ဒီလောက်ကြီးတဲ့ တပ်အင်အားတွေ၊ တပ်မိသားစုတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ထိန်းချုပ်လဲ၊ သူတို့ ဒီလို ရပ်တည် နိုင်အောင် အတွက် ဝင်ငွေတွေက ဘယ်ကနေ ရနေလဲ။
ဖြေ။ ။ ထိန်းချုပ်တာကတော့ ထုံးတမ်း အစဉ်အလာတွေ အရ ဗုဒ္ဓဘာသာကို အခြေ တည်ပြီးတော့ ထိန်းချုပ်လာခြင်းပဲ ဖြစ် တယ်။ စားဝတ်နေရေး အတွက် ကြတော့ ရှမ်းပြည်နယ်ထဲမှာ သဘာဝက ပေးတဲ့ အာဟာရတွေ အများကြီး ရှိတယ်၊ အဲဒါတွေက စားဝတ်နေရေး အတွက် ပြေလည် သွားတယ်၊ နောက်ပြီးတော့ အခွန်အကောက်တွေလည်း ရှိတယ်။
မေး။ ။ အခွန်အကောက်တွေ ဆိုတာက ဘယ်လို နေရာမျိုးတွေမှာ ကောက်တာလဲ။
ဖြေ။ ။ ကားတွေပြေးတဲ့ ကားလိုင်းတွေဆီကလည်း အခွန် ကောက်တယ်၊ ကျွဲကုန်သည်၊ နွားကုန်သည်တွေ ဆီကလည်း အခွန် ကောက်တယ်။ နောက်ပြီးတော့ သစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္ထုတူးတဲ့ ကုမ္ပဏီတွေ၊ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေဆီကလည်း သူ့အချိုးအစားနဲ့ သူ့အင်အားနဲ့ သူကောက်တယ်၊ အမျိုးမျိုးပေါ့။ ။
ဧရာဝတီ
No comments:
Post a Comment