ဧပြီ ၂၂ရက် ည ၁ဝနာရီ ၁၅မိနစ်က မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် တောပု ကျေးရွာနေ ဦးဟန်ညွန့်၏ နေအိမ်တွင် ရှင်ပြုအလှူပွဲ ပြုလုပ်နေစဉ် အလှူမဏ္ဍပ်တွင် အသုံးပြုနေသော ဓာတ်ဆီသုံး မီးစက်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အလှူမဏ္ဍပ်မှ တစ်ဆင့် အနီးဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက် လောင် ကျွမ်းခဲ့မှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ မီးလောင်မှုအား မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များ နှင့် ကျေးရွာနေ ပြည်သူများ၏ ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ည ၁၁နာရီခွဲတွင် မီးညွန့်ကျိုးပြီး ဧပြီ ၂၃ရက် နံနက် ၄နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ၎င်းရွာနေ မောင်ဖိုးသား ၆နှစ်တွင် ခန္ဓာကိုယ် တစ်ခုလုံး မီးဟပ် ခံရသည့် ဒဏ်ရာ ရရှိခဲ့သဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် ၁၉လုံး၊ မြေစိုက်၊ ထရံကာ၊ သွပ်မိုး နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၂၂လုံး တန်ဖိုးငွေကျပ်သိန်း ၁၁ဝခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၂၃စုမှ လူဦးရေ ကျား ၅၂ဦး၊ မ ၄၇ဦး စုစုပေါင်း ၉၉ဦးအား ကျေးရွာ ဘုန်းကြီးကျောင်း များနှင့် အခြေခံပညာ မူလတန်း ကျောင်းတို့တွင် ယာယီနေရာချ ထားပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဦးဟန်ညွန့်အား ဆီမီးခုံ နယ်မြေ ရဲစခန်း(ပ)၆၇/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
No comments:
Post a Comment