ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီး တစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်း ပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။
ဇွန်လ ၁၂ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ကားလမ်းမပေါ် မြောင်းရေများ လျှံတက်ခဲ့ပြီး ရန်ကုန်မြို့ အဓိက လမ်းများတွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပွားခဲ့သည်။ ပြည်လမ်း မပေါ်တွင် ရေများ လျှံတက်မှု ကြောင့် အင်းလျားမီးပွိုင့်၊ လှည်း တန်းခုံးတံတားများတွင် ယာဉ် ကြော ကျပ်တည်းမှုဖြစ်ပေါ်ခဲ့သည်။
‘‘ဘယ်လိုမှ မတတ်နိုင်ဘူး။ မနက်က လမ်းတွေပေါ်ရေကျော် တော့ ပွိုင့်ကို ဖြတ်ချလိုက်ရ တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှင်းတယ်။ ပြည်လမ်းက ကားတွေက လှည်းတန်းကနေ အေဒီအထိ ပိတ်နေတော့ အဲဒီ ဘက်ခြမ်းကို ခေတ္တရပ်ထားပြီး ပါရမီလမ်းကို လွှတ်ထားလိုက် တာ။ ပြည်လမ်း လွှတ်လိုက်ရင် လည်း သွားလို့မှမရတာ။ အဲဒါ ကြောင့် ပိတ်ထားလိုက်ရတာပါ’’ဟု အေဒီမီးပွိုင့်မှ တာဝန်ကျ ယာဉ်ထိန်းရဲက ပြောသည်။
ပြည်လမ်းဘက်ခြမ်း အေဒီ မီးပွိုင့်ကို ကြာရှည်စွာပိတ်ထား ခြင်းကြောင့် ကွေ့ကြောယူထား သော ဆန္ဒပြသူအမျိုးသမီးသည် လမ်းလယ်တည့်တည့်တွင် ကား ရပ်ထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
လမ်းလယ်တွင်ကားကိုရပ်ထားပြီး အနီးရှိ ပွိုင့်မိနေသော တခြားသူတစ်ဦး၏ အနက်ရောင်ကားပေါ် တပ်ကာ ဆန္ဒပြခဲ့သည်။ မိနစ်အနည်းငယ်ကြာတွင် ဝတ် ဆင်ထားသည့် အပေါ်ယံအင်္ကျီ အဝတ်စားများကိုချွတ်ကာ ကား ခေါင်မိုးပေါ်တက်၍ ထပ်မံဆန္ဒပြ ခဲ့သည်ဟု မြင်တွေ့ ရသူ များက ပြောသည်။
‘‘ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတာ။ အပေါ်ယံအင်္ကျီတွေမရှိတော့ သူ့ အနားကို မော်တော်ပီကယ်တွေ ကလည်း မကပ်ရဲဘူး။ အောက် ကနေ အဲဒီလိုမလုပ်ပါနဲ့ ကားတွေ ကျပ်နေတယ်လို့ အော်အော်ပြော ပြီး တောင်းပန်နေတာတော့တွေ့ တယ်’’ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။
‘‘ပွိုင့်မိနေတဲ့ လူတစ်ယောက်ရဲ့ ကားအနက်ပေါ် တက်ထိုင်တော့ ကားပေါ်က လူက ဆင်းသွားပြီး၊ မော်တော်ပီကယ်ကိုသွားပြောတယ်။ မော်တော်ပီကယ်ကလည်း အမျိုးသမီးရဲမေဖမ်းမှ ရမယ်ပြောလို့ စောင့်နေတုန်း သူက အပေါ်အကျီတွေချွတ်လိုက်တယ်။ ခဏကြာတော့ ကားခေါင်မိုးပေါ် တက်သွားပြီး၊ ပုံထဲမှာမြင်တဲ့အတိုင်းပဲ’’ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော တက်သစ်စအဆိုတော် ဟန်နီမောင်မောင်က ပြောသည်။
ဆန္ဒပြမှု နှစ်နာရီခန့် ကြာ မြင့်ပြီးနောက် လုံထိန်းရဲတပ်ဖွဲ့ ဝင်ကားတစ်စီးရောက်ရှိလာကာ အဆိုပါအမျိုးသမီးကို မရမ်းကုန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဆန္ဒပြသူ အမျိုးသမီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း၏လုပ်ရပ်ကို ထူးဆန်းသည်ဟုမှတ်ယူကာ မှတ်ချက်အမျိုးမျိုးပေး၍ ရှုတ်ချဝေဖန်မှုများရှိခဲ့သလို ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ခံစားရသူ များကလည်း ယာဉ်ကြောကျပ်တည်းမှုကို ပထမဆုံး ဆန္ဒပြခဲ့၍ မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု အားပေးခဲ့ကြသည်။
No comments:
Post a Comment