
တော့တင်ဟမ် ဟော့စပါးနှင့် သတင်းထွက်နေမှုအပေါ် PSVအင်ဒိုဗန် တောင်ပံတိုက်စစ်မှူးလေး မမ်းဖစ်ဒီပေးက တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုပေးရန် နှုတ်ဆိတ်နေကြောင်း သိရသည်။
PSV၏ ဝီလျံ(၂) အသင်းကို (၃-၁)ဖြင့် အနိုင်ရခဲ့ရာတွင် အသက်(၂၀)အရွယ် ကစားသမားလေးက ပေါ်ပေါ်လွင်လွင် ခြေစွမ်းပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နယ်သာလန် အသင်းကို ၎င်းကိုင်တွယ်စဉ်က လက်ရုံးတစ်ဦးသဖွယ် အားထားခဲ့ရသည့် ဒီပေးကို လာမည့်နွေရာသီတွင် ကမ်းလှမ်းခေါ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ စပါးကမူ ယခုနွေရာသီတွင် ဒီပေးကို လက်ဦးမှုယူ ချဉ်းကပ်ရန် ကြိုးစားလာမည့် အလားအလာ ရှိနေသည်။
စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုသည် ဒီပေးအတွက် ပေါင်စတာလင် (၁၅)သန်းမျှဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ ဒီပေးက “လူတွေက ကျွန်တော့်အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းနေကြတာ အကြိမ်ပေါင်း ရာနဲ့ချီ ရှိနေပြီ။ ဒါကြောင့် ကျွန်တော် ဒါကို ထပ်မဖြေချင်တော့ဘူး။ ကျွန်တော်တို့ စောင့်ကြည့်တာပေါ့။ လောလောဆယ်တော့ ကျွန်တော်ဟာ PSVအသင်းရဲ့ ကစားသမား တစ်ဦးသာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဒီပေးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဗန်ဂါးလ်၏ နေရာပေးမှုကြောင့် (၄)ပွဲကစားခွင့်ရပြီး (၂)ဂိုး သွင်းယူနိုင်ခဲ့သည်။
Ref: Goal
Soccer Myanmar
No comments:
Post a Comment