Tuesday, August 5, 2014

Samsung ကို ကျော်ဖြတ်ပြီး တရုတ် စမတ်ဖုန်းဈေးကွက်ကို Xiaomi ဦးဆောင်


ယခုနှစ် ဒုတိယ သုံးလပတ်တွင် Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြိုင်ဘက် Samsung Electronic ကုမ္ပဏီထက် သာလွန်ခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့ Canalys မှ ဖော်ပြခဲ့သည်။ ၎င်းသည် အလျင်အမြန် တိုးတက်လာသည့် တရုတ် စမတ်ဖုန်းဈေးကွက်တွင် Samsung ကို ပထမဦးဆုံးအကြိမ် နောက်ကောက်ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
လွန်ခဲ့သည့်တစ်လခန့်က Samsung သည် ဒုတိယ သုံးလပတ် အမြတ်ငွေ ၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၎င်းသည် ကုမ္ပဏီအတွက် သုံးကြိမ်ဆက် အမြတ်ငွေ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းသည် ကုမ္ပဏီ၏ အမြတ်ငွေ ကျဆင်းလာခြင်း၏ အကြောင်းအရင်းဖြစ်ကြောင်း Samsung က ဆိုခဲ့သည်။Canalys ၏ အစီရင်ခံစာအရ Xiaomi ၏ ဒုတိယသုံးလပတ် စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ရှယ်ယာ ၁၄ ရာခိုင်နှုန်းဖြင့် ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Samsung သည် Lenovo Group Limited နှင့်အတူ ဈေးကွက်ရှယ်ယာ ၁၂ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဒုတိယ သုံးလပတ်က ၅ ရာခိုင်းနှုန်းသာ ရှိခဲ့သည့် Xiaomi ၏ ဈေးကွက်ရှယ်ယာသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ယခုနှစ် ပထမ သုံးလပတ်တွင် Samsung သည် ဈေးကွက်ရှယ်ယာ ၁၈ ရာခိုင်နှုန်းဖြင့် စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်ခဲ့ပြီး Xiaomi က ၁၀.၇ ရာခိုင်နှုန်းနှင့် Lenovo က ၁၁ ရာခိုင်နှုန်းသာရှိခဲ့သည်။Xiaomi သည် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းများကိုသက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချခဲ့သောကြောင့် ဈေးကွက်အတွင်း အကျိုးကျေးဇူးများ ရရှိလာခဲ့ခြင်းဖြစ်သည်။ Samsung ၏ စွမ်းဆောင်ရည်မြင့် Galaxy ဖုန်းများကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချနေချိန်တွင် Xiaomi က နောက်ဆုံးပေါ် Mi4 စမတ်ဖုန်းကို ဒေါ်လာ ၃၂၀ ဖြင့်သာ ရောင်းချခဲ့သည်။
Ref: SlashGear

No comments:

Post a Comment