၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်း ခံထားရသူ ဒေါက်တာထွန်းအောင်(ခ)နူရာဟောက်အား ဇန်နဝါရီ ၁၉ ရက်က နိုင်ငံတော်သမ္မတ၏ အထူးလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါက်တာထွန်းအောင်အား လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် အမေရိကန် အောက်လွှတ်တော်အမတ် Aaron Schock နှင့် ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation အဖွဲ့တို့က ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါက်တာထွန်းအောင်အား မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖမ်းဆီးချိန်မှ လွတ်မြောက်လာချိန်အထိ နှစ်နှစ်ခွဲခန့်သာ အကျဉ်းကျ ခံခဲ့ရကြောင်းလည်း သိရသည်။
“ဘယ်လို အချက်အလက်နဲ့ လွှတ်ပေးတာလဲ။ နိုင်ငံတကာ အဖွဲ့တွေရဲ့ ဖိအားနဲ့ လွှတ်တယ်လို့ ကြားရ တယ်။ ရာဇဝတ်သား တစ်ယောက်ကို လက်လွတ်စပယ် လွှတ်လို့ ရသလား။ တိုင်းပြည်မှာ မင်းမဲ့စရိုက် လုပ်ချင်သလိုလုပ်၊ ဥပဒေနဲ့အညီ တရားစွဲထောင်ချ၊ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ နိုင်ငံတကာ ဖိအားပေးလို့ ပြန်လွှတ်၊ ဒါဟာ တကယ်နစ်နာတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ အရေးအရာတွေနဲ့ ပတ်သက်လို့ မသုံးသပ်ဘဲ အများနဲ့ တစ်ယောက်မှာ တစ်ယောက်ကိုသာ အခွင့်အရေးပေးတယ်ဆိုတာ အများကို မျက်နှာလွှဲခဲပစ် လုပ်တာမျိုး မဟုတ်ဘူးလား။ တရားမျှတမှု ရှိသလားလို့ မေးခွန်းထုတ်ချင်တယ်။ အမှန်တကယ်မှာ တရားလိုဘက်မှာ နိုင်ငံတော်ဆိုတာ ပါတယ်။
မောင်တောမြို့မှာ ပြည်သူပေါင်းများစွာ၊ လူပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ ထိခိုက်ပျက်စီး သေဆုံးခဲ့ရတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ အမှုမျိုးကို ကျူးလွန်သူကို လွှတ်လိုက်တာဟာ အစကတည်းက အတင်းအဓမ္မ လုပ်ကြံထားတဲ့ အမှုမျိုးလား၊ အခု လွှတ်ပေးလိုက် တာဟာ မတရားမှုလို ဖြစ်သွားပြီ။ နစ်နာတဲ့ ပြည်သူတွေရဲ့ စွပ်စွဲချက်ဟာ အလကား ဖြစ်သွားပြီ။ တရားဥပဒေ စိုးမိုးရေးက ဘာကိုပြောတာလဲ။ လူသားချင်းစာနာသော လူ့အခွင့်အရေးလို့ ပြောရင် အများနဲ့ တစ်ယောက်မှာ တစ်ယောက်ကိုသာ လွှတ်တာဟာ လူသားချင်းစာနာမှုနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တယ်။ လွှတ်ချင်ရင် အားလုံးကို လွှတ်လိုက်” ဟု မောင်တောမြို့ခံရှေ့နေ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးထွန်းအောင်သိန်းက “ဒေါက်တာထွန်းအောင် လွတ်လာတဲ့ အခါမှာ ဒေသခံ တိုင်းရင်းသားတို့အတွက် စိုးရိမ်ရမယ့် အခြေအနေတစ်ခု ဖြစ်လာတယ်။ ၁၉၈၈ ခုနှစ်ကလည်း ဒီမိုကရေစီဆိုပြီး မောင်တော အထကမှာ သူဟောပြောခဲ့တာဟာ အကြမ်းဖက် လုပ်ရပ်လုပ်ဖို့ စည်းရုံးတာဘဲ ဖြစ်တယ်လို့ နောက်မှသိရတယ်။ ဘာကြောင့်လဲဆိုတော့ သူဟောပြောပြီးတဲ့ အခါမှာ မောင်တောကို ဘင်္ဂါလီငါးသောင်းလောက်က သိမ်းပိုက်ဖို့ ၀ိုင်းခဲ့တာတွေ ကျွန်တော်တို့ အသိဆုံးဖြစ်တယ်။ ၂၀၁၂ ဇွန်လ ၈ ရက် အကြမ်းဖက်မှုမှာလည်း နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့သူ တစ်ဦး ဖြစ်တဲ့အတွက် တရားဥပဒေအရ အရေးယူခံခဲ့ရတာ ဖြစ်တယ်။ အခု သူလွတ်လာတာဟာ တရားဥပဒေအတိုင်း လွတ်လာတာမဟုတ်ဘဲ ဖိအားပေးမှုတွေနဲ့ လွတ်လာတာဟာ သူနဲ့ နောက်ကွယ်က ကွင်းဆက်တွေက အကြမ်းဖက်မှုတစ်ရပ်ရပ်ကို ပြန်ဖန်တီးလာနိုင်တယ်လို့ တိုင်းရင်းသားတွေက စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်လာပါတယ်။” ဟု ပြောသည်။
Eleven Media Group
No comments:
Post a Comment