Wednesday, February 18, 2015

အက်ဖ်အေဖလား ကွာတားတွင် လက်ရှိချန်ပီယံ အာဆင်နယ်တို့ မန်ယူနှင့် ထိပ်တိုက်တွေ့ဆုံ


(လန်ဒန်)။ ။ မတ်လ ၇ ရက်နှင့် ၈ ရက်တွင်ကစားမည့် အက်ဖ်အေဖလား ကွာတားအဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ရာ လက်ရှိချန်ပီယံအာဆင်နယ် အသင်းသည် မန်ယူနှင့် အဝေးကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်သည်။ လီဗာပူးလ်အသင်းက ဘလက်ဘန်းကို အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး လိဂ်-၁ ကလပ်ဘရက်ဖို့ဒ်အသင်းက ရီးဒင်းနှင့်လည်း ကောင်း၊ အက်စတွန်ဗီလာအသင်းက ၀က်စ်ဘရွန်းအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။ အက်ဖ်အေဖလားကွာတားအဆင့်သို့ မန် ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့ သုံးသင်းလုံးတစ်ပြိုင်နက် တက်ရောက်နိုင်ခြင်းမှာ ၁၉၇၉ နောက်ပိုင်းပထမဆုံးအကြိမ်လည်းဖြစ်သည်။ ကွာတားဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံနေသည့် မန်ယူနှင့်အာဆင်နယ်တို့သည် ကာဒစ်ဖ်ကွင်းတွင် ၂၀၀၄-၀၅ ဗိုလ်လုပွဲအဖြစ် ရင်ဆိုင် ခဲ့ကြဖူးပြီး ပွဲချိန်တွင်းဂိုးမရှိ သရေကျကာ ပင်နယ်တီတွင် အာဆင်နယ်က ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့သည်။



ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် ဆွမ်ဆီး၊ စတုခ်စီးတီးတို့ကို ကျော်ဖြတ်လာသည့် ဘလက်ဘန်းနှင့် ဆုံတွေ့နေသော်လည်း လီဗာပူးလ်အတွက် နောက်ဆုံး ရာသီတွင် ၀င်ဘာလေကွင်း၌ ကစားမည့်ဖိုင်နယ်ပွဲသို့ တက်ရောက်လိုသည့် အသင်းခေါင်းဆောင် ဂျရတ်အတွက် မျှော်လင့်ချင်စရာဖြစ်လာခဲ့သည်။ ဖိုင်နယ်ပွဲကစားမည့် မေ ၃၀ တွင်အသက် ၃၅ နှစ်ပြည့်မည့် ဂျရတ်သည် အက်ဖ်အေ ဖလားကို ရယူရန် ဆန္ဒ ပြင်းပြနေသည်။

လိဂ်-၁ ကလပ်ဘရက်ဖို့ဒ် အသင်းမှာ ကွာတားသို့ ၁၉၇၆ နောက်ပိုင်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်များ ဖြစ်သည့် ချယ်လ်ဆီးနှင့် ဆန်းဒါးလန်းတို့ကို ကျော်ဖြတ်လာနိုင်သဖြင့် ရီးဒင်းကိုလည်း ဆက်လက်ကျော်ဖြတ်နိုင် မည်ဟု ယုံကြည်မှုအပြည့် ရှိနေနိုင်သည်။ ကွာတားဖိုင်နယ် ပွဲစဉ်များအတွက် မဲခွဲပွဲကို ပရက်စတန်နှင့် မန်ယူတို့ ကစားသည့် ပဉ္စမအဆင့် မတိုင်မီ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်၊ ပရက်စတန်ဂန္တဝင် တွမ်ဖင်နေး၏သား ဘရိုင်ယန်ဖင်နေးတို့က ပြုလုပ်ပေးခဲ့ကြသည်။

မတ် ၇၊ ၈ တွင်ကစားမည့် အက်ဖ်အေဖလားကွာတားပွဲများ

အက်စတွန်ဗီလာ - ဝက်စ်ဘရွန်း
ဘရက်ဖို့စ်စီးတီး  - ရီးဒင်း
လီဗာပူးလ် - ဘလက်ဘန်း
မန်ယူ - အာဆင်နယ်

Mizzima

No comments:

Post a Comment