Wednesday, April 22, 2015

စိတ်ကျန်းမာရေးအား ဆိုးရွားစေနိုင်သည့် အပြုအမူများ


စိတ်ကျရောဂါဟာ တကယ်တော့ သင့်အနေနဲ့ ထိန်းချုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ အဲ့ဒီလို စိတ်ဓာတ်ကျဆင်းမှုတွေကို ကိုယ်ချစ်ရသူတစ်ဦးဦး ဆုံးပါးသွားတာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ ငွေရေးကြေးရေး အခက်အခဲ ဖြစ်တဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ တစ်နေ့တာ ပြုလုပ်လိုက်တဲ့ သေးငယ်တဲ့ရွေးချယ်မှုတွေက သင့်မသိလိုက်ပဲ သင့်စိတ်ခံစားမှုကို အများကြီးပြောင်းလဲစေနိုင်ပါတယ်။ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာ အသုံးပြုမှုအလေ့အကျင့်၊ ကိုယ်လက်လုပ်ရှားမှု အလေ့အကျင့်နှင့် သင်လမ်းလျှောက်တဲ့ပုံစံတွေကပါ သင့်စိတ်ခံစားကို ထိခိုက်စေတတ်ပါတယ်။
ကံကောင်းထောက်မစွာပဲ အဲ့ဒီအလေ့အကျင့်တွေကို ပြုပြင်လို့ရပါတယ်။ သင့်ကို ဆိုးရွားတဲ့ စိတ်ခံစားချက်တွေ ရရှိစေနိုင်တဲ့ အလေ့အကျင့်တွေကို သိရှိပြီး ပြောင်းလဲနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ပုခုံးကျုံ့ပြီး လမ်းလျှောက်ခြင်း
သင့်စိတ်ခံစားချက်က သင့်ရဲ့လမ်းလျှေက်မှုပုံစံကို ပြောင်းလဲစေပါတယ်။ အဲ့ဒီလိုပဲ လမ်းလျှေက်ပုံကလည်း သင့်ရဲ့စိတ်အနေအထားကို သွားပြီ ထိရောက်မှုရှိနေပါတယ်။ လေ့လာတွေ့ရှိမှု တစ်ခုအရ ပုခုံးကျုံ့ပြီး လက်လှုပ်ရှားမှု မရှိပဲ လမ်းလျှောက်သူများ ထက် လမ်းလျှောက်စဉ်မှာ လက်လှုပ်ရှားမှုပိုမို များပြားသူက ပိုပြီးပျော်ရွှင်ကြတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါ့အပြင် အဲ့ဒီလို ကိုယ်ကိုကျုံ့ပြီးလမ်းလျှောက်သူတွေဟာ စိတ်ညစ်စရာကောင်းတဲ့အကြောင်းအရာတွေကို ပိုပြီးစဉ်းစားမိကြပါတယ်။
ဒါကြောင့်ပိုမိုပျော်ရွှင်စရာကောင်းတဲ့ အတွေးတွေကို ပိုင်ဆိုင်နိုင်ပြီး ပိုမိုကျန်းမာတဲ့စိတ်ခွန်အားကိုရရှိနိုင်ဖို့ ခေါင်းကိုမော့ပြီး ရင်ကော့ကာ လမ်းလျှောက်ဖို့လိုပါတယ်။
အရာအားလုံးကို ဓာတ်ပုံရိုက်ခြင်း
လူမှုကွန်ယက်စာမျက်နှာများက ဓာတ်ပုံအလွန်အကျွံ တင်တတ်သူတွေ အတွက်ပါ။ အဲ့ဒီလို ကိုယ်ဘယ်သွားသွား ဘာလုပ်လုပ်ဓာတ်ပုံရိုက်တတ်တဲ့ အလေ့အကျင့်က သင့်ရဲ့မှတ်ဥာဏ်ရဲ့ အဲ့ဒီအချိန်အခိုက်အတန့်လေးတွေကို အမှတ်ရစေမှုကို နှောင့်နှေးစေပါတယ်။
လေ့လာမှုတစ်ခုမှာဆိုရင် လူတစ်စုကို ပြတိုက်တစ်ခုထဲကိုခေါ်သွားပြီး အဲ့ဒီပြတိုက်မှာရှိတဲ့ ပစ္စည်းအချို့ကို ဒီအတိုင်း လိုက်ကြည့်စေပြီး အချို့ပစ္စည်းတွေကိုတော့ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်စေပါတယ်။ ရလဒ်ကတော့ လူအတော်များများဟာ သူတို့ဓာတ်ပုံရိုက်လိုက်တဲ့အရာဝတ္ထုတွေကို အသေးစိတ် မမှတ်မိကြပေမဲ့ မျက်စိနဲ့ လေ့လာခဲ့တဲ့ အရာဝတ္ထုတွေကိုတော့ မှတ်မိနေကြတာကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့်သင့်အနေနဲ့ နောက်တစ်ခါ အရာတစ်ခုခုကိုဓာတ်ပုံရိုက်မယ်ဆိုရင် အဲ့ဒီအရာဝတ္ထုကိုသေသေချာချာ ဂရုစိုက်ပြီးကြည့်ပါ။ အဲ့ဒါထက်ပိုပြီးကောင်းမွန်တာက ဘာမှမလုပ်ပဲ အဲ့ဒီအလှအပကို ဒီအတိုင်းလေးပဲခံစားလိုက် တာကောင်းပါတယ်။
အနိုင်ကျင့်မှုကို အရှုံးပေးခြင်း
အနိုင်ကျင့်ခံရမှုက သင်ကျောင်းပြီးတာနဲ့ ပြီးသွားတာမျိုးမဟုတ်ပါဘူး။ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ ၃၅ရာခိုင်နှုန်းဖြစ်တဲ့ ၅၄သန်းခန့်သော အလုပ်လုပ်ကိုင်နေသူတွေဟာ အလုပ်ခွင်မှာ အစဉ်အမြဲ အနိုင်ကျင့်ခံရတာကို တွေ့ခဲ့ရပါတယ်။
“မိမိရဲ့ ကိုယ်အရည်အသွေးနဲ့ ယုံကြည်မှုကို မြင့်တင်ပေးတဲ့နေရာမှာ အစဉ်အမြဲတိုက်ခိုက်ခံရတာမျိုးက လူတစ်ယောက်ရဲ့ ခံစားချက်ကို အလွန်အမင်း ထိခိုက်စေနိုင်ပြီး အလုပ်ခွင်ထဲ ပုံမှန်သွားရောက်ဖို့ အလွနှ် ခက်ခဲစေပါတယ်” လို့ စိတ်ပညာရှင် ဒေါက်တာ အီးရင်းကေလီယိုနာ့ထ်က ပြောခဲ့ပါတယ်။
သင့်အနေနဲ့ အဲ့ဒီလိုအလုပ်ခွင် အနိုင်ကျင့်ခံရမှုတွေ ခံစားနေရတယ်ဆိုရင် အရင်ဆုံးဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို စမ်းစစ်သင့်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆရာဝန်က ညွန်ပြတဲ့လမ်းစဉ်တွေ အတိုင်း လုပ်ဆောင်ဖို့ ကျွမ်းကျင်သူများက တိုက်တွန်းထားပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုမရှိခြင်း
JAMA Psychiatry ရဲ့လေ့လာမှုတစ်ခုအရ သင့်အနေနဲ့ တစ်ပတ်မှာ သုံးကြိမ်ခန့် ကိုယ်လက်လေ့ကျင့် ခန်းလုပ်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းမှု ၁၉ရာခိုင်နှုန်းအထိ လျော့ကျနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။
၁၉၅၈ခုနှစ်ကမွေးဖွားတဲ့ အသက်၅၀အရွယ်ရှိတဲ့ လူပေါင်း ၁၁၀၀၀ခန့်ကို သုတေသနပြုလုပ်ခဲ့ပြီး အဲ့ဒီလူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့ သူတို့ရဲ့နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ခဲ့တဲ့အခါမှာ စိတ်ကျရောဂါနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုက တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေတာကို တွေ့ခဲ့ရပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ နည်းပါးပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါသူတွေက စိတ်ကျရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။
ဒါကြောင့် အခန်းထဲမှာအောင်းမနေပဲ အပြင်ထွက် ကိုယ်လက်လုပ်ရှားမှုတွေလုပ်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရာမှာလည်း အချိန်ကြာပြီးရှုပ်ထွေတဲ့ လေ့ကျင့်ခန်းတွေဖြစ်နေစရာမလိုပါဘူး။ လမ်းလျှောက်သွားလို့ရတဲ့နေရာကို လမ်းလျှောက်ပြီးသွားတာမျိုး၊ ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားကနေတတ်တာမျိုးတွေကိုလည်း လုပ်ဆောင်လို့ရပါတယ်။
လုပ်စရာရှိတာကို မလုပ်ပဲ အချိန်ဆွဲခြင်း
သင်ပြီးအောင် လုပ်ရမယ့်အလုပ်ရှိပေမဲ့ မလုပ်ဖြစ်သေးတဲ့အလုပ်တစ်ခုကို စဉ်းစားကြည့်လိုက်ပါ။ အဲ့ဒီလိုအချိန် ဆွဲရတဲ့အကြောင်းအရင်က အဲ့ဒီအလုပ်ကပျင်းဖို့ကောင်းပြီး သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့အလုပ်လို့ မမြင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအကြောင်းပြချက်က သင့်ကို ကူညီနိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီလို ပြီးစီးအောင်လုပ်ရမယ့် အရာတွေကို မလုပ်ပဲအချိန်ဆွဲခြင်းက သင့်ရဲ့စိုးရိမ်ပူပန်မှုကို တိုးမြင့်စေပါတယ်။ ဒါမှမဟုတ် အချိန်နီးကပ်မှလုပ်ပြီး မအောင်မြင်မှာစိုးရိမ်တဲ့အတွက် ထိပ်လန့်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်အနေနဲ့ အဲ့ဒီလိုခက်ခဲပြီး စိတ်ညစ်စရာကောင်းတဲ့ အလုပ်ကိုလုပ်ဆောင်ရတော့မယ်ဆိုရင် မလုပ်ခင်မှာ သင်နှစ်သက်တဲ့ အရာတစ်ခုခုကို လုပ်ကိုင်ပြီး စိတ်ဖိစီးမှုကို လျော့ချသင့်ပါတယ်။ သီချင်းနားထောင်ခြင်း၊ ခဏတာအပြေးလေ့ကျင့်ခြင်းတွေကို ပြုလုပ်နိုင်ပြီး အဲ့ဒီလို ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ ပူးတွဲလုပ်ဆောင်မယ် ဆိုရင် စိတ်ဖိစီးမှုကို အတော်အတန်လျော့ချပေးနိုင်မှာဖြစ်ပါတယ်။
အဆိပ်ရှိတဲ့ အချစ်ရေးမှာ ပါဝင်နေခြင်း
ဒေါက်တာလီယိုနာ့ထ်က “ကျွန်တော့်အနေနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုခံစားနေရတဲ့ လူနာအတော်များများ ကိုတွေ့ဖူးပြီး အဲ့ဒီလူတွေထဲက အတော်များများဟာ အဆိပ်ရှိတဲ့ ဆက်ဆံရေး တစ်နည်းမဟုတ် အချစ်ရေးတွေမှာ ပါဝင်နေလို့ဖြစ်ပါတယ်။ အဲ့ဒီဆက်ဆံရေးသူ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပျောက်ဆုံးစေပါတယ်။ သူတို့ရဲ့ လက်တွဲဖော်၊ ချစ်သူတွေက သူတို့ကို အသုံးမကျသူ၊ တစ်ကိုယ်ကောင်းဆန်သူတွေအဖြစ်နဲ့ သူတို့ကိုယ်သူတို့ လက်ခံစေအောင်ပြုလုပ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သူတို့အတွက်အဲ့ဒီ အချစ်က သူတို့ကို စိတ်ဆင်းရဲအောင်လုပ် နေတယ်ဆိုတဲ့အချက်ကို နားလည်စေဖို့ နှစ်နဲ့ချီကြာပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ဒီပြဿကိုဖြေရှင်းဖို့ဆိုရင်တော့ သင့်အနေနဲ့ အကူအညီလိုအပ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ သင့်ချစ်သူရဲ့ ဘယ်လိုအပြုအမူတွေက သင့်စိတ်ခံစားချက်ကိုနာကျင်စေလဲဆိုတာ စောင့်ကြည့်ရပါမယ်။
အဲ့ဒီနောက်မှာတော့ ကျွမ်းကျင်ဆရာဝန် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး၊ သူငယ်ချင်းအရင်းအချာတစ်ဦးရဲ့ အကူအညီနဲ့ သင့်ချစ်သူ ရဲ့ အနိုင်ကျင့်မှုတွေကို သင်ကိုယ်တိုင်သိလက်ခံလာနိုင်အောင် ကြိုးစားသင့်ပါတယ်။
ဘ၀ကို အလွန်အလေးအနက်ထား တွေးတောခြင်း
သင်လမ်းလျှောက်ရင်း ချော်လဲတဲ့အခါမှာ ဒီအတိုင်းပခုံးတွန့်ပြီး ဆက်လျှောက်သွားရမယ့်အစား ရှက်ကြောက်မှု တွေနဲ့ မ၀ံ့မရဲဖြစ်နေတတ်ပါသလား။ သင့်အနေနဲ့ အဲ့ဒီလိုပြုလုပ်နေကျဆိုရင် အခုချိန်ကစပြီး ပိုမိုရယ်မောနိုင် မယ့်နည်းလမ်းတွေကို ရှာဖွေသင့်ပါပြီး။
ရယ်မောခြင်းက သင့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက သင့်စိတ်ကျန်းမာရေးကိုပါ များစွာအကျိုးရှိစေပါတယ်။ ရယ်မောခြင်းက စိုးရိမ်စိတ်လွန်ကဲမှုနဲ့ စိတ်ကျရောဂါကို ကုသနိုင်မယ့် အလျင်မြန်ဆုံးဆေးဝါးဖြစ်ပါတယ်။
ဒါကြောင့် ရုပ်ရှင်တွေကြည့်မယ်ဆိုရင် ဟာသဇာတ်လမ်းတွေကို ကြည့်တာမျိုးနဲ့ ကလေးတွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေမှာ လုပ်အားပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကလေးတွေက အလွန်ရယ်စရာ ကောင်းပြီး အဓိပ္ပါယ်မဲ့တဲ့ စကားတွေကို အလွန်ပြောတတ်ကြပါတယ်။
အိပ်ရေးမ၀ခြင်း
အိပ်စက်ခြင်းက သင့်ရဲ့လုပ်ငန်းဆောင်တာအားလုံးကို အကျိုးသက်ရောက်မှုရှိပါတယ်။သင့်ရဲ့ ခံစားချက်နဲ့ စိတ်ခံနိုင်အားအပြင် သင့်ခန္ဓာကိုယ် လုပ်ဆောင်မှုအားလုံးကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပြန်လည်ဖြည့်ဆည်းခြင်းတစ်မျိုးဖြစ်ပါတယ်။ အိပ်စက်မှုမရှိဘူးဆို ရင် ဇီဝလည်ပတ်မှုက ပုံမှန်အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။
သင့်အနေနဲ့ အိပ်မရတဲ့ပြဿနာခံစားနေရတယ်ဆိုရင် ဘာကြောင့် အိပ်မရဖြစ်နေလဲဆိုတာကို အဖြေရှာပြီး ပိုမိုအိပ်စက်လို့ရမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
တစ်ကိုယ်ရည်အချိန်မရှိခြင်း
ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်၊ အိမ်ထောင်ရေးတစ်ဖက်၊ အခြားလုပ်စရာတစ်ပုံတစ်ပင်နဲ့ တစ်ကိုယ်ရည်အချိန်ရှာမရဖြစ်နေပါသလား။ ၁၀မိနစ်ဖြစ်စေ၊ တစ်နာရီဖြစ်စေ၊ တစ်ရက်ဖြစ်စေ သင့်အနေနဲ့ တစ်ကိုယ်တည်း အေးဆေးအနားယူနိုင်မယ့်အချိန်လိုအပ်ပါတယ်။ အဲ့ဒီလိုအချိန်မရှိဘူးဆိုရင် စိတ်ဖိစီးမှုများပြီး အမှန်တကယ် စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ရက်သတ္တပတ်အတွင်း သင်တစ်ကိုယ်တည်းနေနိုင်မယ့်အချိန်သတ်မှတ်ပါ။ အဲ့ဒီအချိန်က သင့်တစ်ဦးတည်းအတွက်ဆိုတာကိုလည်း အမြဲသတိရပါစေ။
လူအများနှင့် အမှန်တကယ် စကားပြောဆိုမှုမရှိခြင်း
သင့်သူငယ်ချင်းတွေ အသိမိတ်ဆွေတွေနဲ့ ဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့စ်တွေကနေတစ်ဆင့် အမြဲတမ်း အဆက်အသွယ်လုပ်တယ်ဆိုရင် ဒါကအမှတ်တကယ် အဓိပ္ပါယ်ပြည့်ဝတဲ့ ဆက်သွယ်မှုမဟုတ်ပါဘူး။
အဲ့ဒီလူမှုကွန်ယက်စာမျက်နှာတွေက လူတွေကိုဖျော်ဖြေမှုပေးတဲ့ စာမျက်နှာတွေဖြစ်ပါတယ်။ အဲ့ဒါအပြင်ကို လူတွေရဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေကို လျော့နည်းစေပါတယ် လို့ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းတွေနဲ့ ဆက်သွယ်မှုက လူတွေရဲ့အာရုံစူးစိုက်မှုကို သွားပြီးသက်ရောက်လေ့ ရှိပြီး ဖုန်းလက်ခံစကားပြောလိုက်ပြီးဆိုတာနဲ့ တစ်ဖက်လူနဲ့ ဆက်သွယ်မှုရှိတယ် ဆိုတဲ့ အတွေးအခေါ်တွေ ရှိနေစေတတ်ပါတယ်။
ဒါ့အပြင် လူတွေဟာ တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်စကားပြောစရာမလိုတာကို သိရှိလာတဲ့အတွက် အမှန်တကယ် လူတစ်ဦးတစ်ယောက်နဲ့ အခန်းထဲမှာအတူထိုင်ပြီး မျက်နှာချင်းဆိုင်စကားပြောဆိုဖို့ ပိုပြီးခက်ခဲလာတာကိုတွေ့ရှိရပါတယ်။
နောက်ဆုံးမှာတော့ သင့်လူမှုကွန်ယက်စာမျက်နှာမှာ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိတယ် ဆိုတာထက် တကယ့်လက်တွေ့မှာ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲ ဆိုတာက ပိုပြီးအရေးကြီးပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်း၊ မိသားစုဝင် ဒါမှမဟုတ် ချစ်သူနဲ့ အနည်းဆုံး တစ်ပတ်တစ်ခါ အချိန်းအချက်လုပ်ဖို့မမေ့ပါနဲ့။
ဖုန်းမရှိလျင်မနေနိုင်ခြင်း
သင့်အနေနဲ့ လျှပ်စစ်ပစ္စည်းအသုံးမပြုပဲ နေခဲ့တဲ့နေ့ရက်တွေကို မှတ်မိပါသလား။ လုံးဝမမှတ်မိဘူး ဆိုရင်တော့ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဲ့ဒီလျှပ်စစ်ပစ္စည်းတွေက လူတွေရဲ့စိတ်ကို အလွန်အကျွံလှုံဆော်စေနိုင်ပါတယ်။
အဲ့ဒီလိုအမြဲတမ်း တတ်ကြွနေမယ်ဆိုရင် မိမိရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်နိုင်ဖို့ ကောင်းမွန်နဲ့ အနားယူမှုတွေ ရရှိမှာမဟုတ်ပါဘူး။
တစ်ပတ်မှာတစ်ရက် ဒါမှမဟုတ် နေ့တစ်ဝက်လောက် လက်ကိုင်ဖုန်းလိုမျိုး လျှပ်စ္စည်းပစ္စည်းအသုံးမပြု တဲ့အချိန် သီးသန့်သတ်မှတ်သင့်ပါတယ်။
အလုပ်နှစ်ခုသုံးခုခန့်အား တစ်ချိန်တည်းတွင်လုပ်ဆောင်ခြင်း
လူတွေဟာ ထမင်းစားချိန်မှာ ဖုန်းကိုကြည့်ပြီးဖေ့စ်ဘွတ်ခ်စာမျက်နှာကို စစ်ကြည့်နေတာ၊ တီဗီကြည့်နေပြီး တစ်ခါတစ်ရံမှာ အချိန်ပြည့် မက်ဆေ့စ်အဆက်အသွယ် လုပ်နေတတ်ကြပါတယ်။
လူတွေအနေနဲ့ အဲ့ဒီလို လုပ်ဆောင်ခြင်းက သူတို့ရဲ့အလုပ်ကို ပိုမိုပြီးမြောက်စေတယ်ဆိုတဲ့ အတွေးတွေရှိနေပေမဲ့ လေ့လာတွေ့ရှိမှု အရ အဲ့ဒီယုံကြည်မှုက မမှန်ကန်ပါဘူး။
အဲ့ဒီလို လုပ်ငန်းဆောင်တာနှစ်ခုသုံးခုကို တစ်ပြိုင်တည်းလုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုပိုများစေပြီး ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကို အမှုမဲ့အမှတ်မဲ့ဖြစ်စေတဲ့အပြင် အခြားသူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲဖြစ်စေပါတယ်။
ဒါကြောင့် သင့်အနေနဲ့ အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် ဖုန်းကိုလက်ကနေချ၊ ဖေ့စ်ဘွတ်ခ်ပိတ်၊ တီဗီပိတ်ပြီး ကိုယ်လုပ်နေတဲ့အရာမှာပဲ အာရုံစိုက်ပြီး သင့်ဦးနှောက်ကို ဘေးပတ်ဝန်းကျင်မှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်စေသင့်ပါတယ်။
အဲ့ဒီလို ကိုယ့်ရဲ့ စိတ်ခံစားမှုကို ဆိုးရွားစွာထိရောက်စေနိုင်တဲ့ အလေ့အကျင့်တွေကို ရှောင်ရှားပြီး ပိုမိုပျော်ရွှင်တဲ့ နေ့ရက်သစ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

နန်းအိ
၂၂၊၀၄၊၁၅
www.intlnewsmyanmar.com

No comments:

Post a Comment