သင်္ဘောပေါ်တွင် အိပ်ပျော်နေသော ကိုမျိုးမင်းဦးတစ်ယောက် တစ်ခန်းတည်းအတူနေ ကိုညီထွဋ်၏ အော်ဟစ်လန့်နိုးမှုကြောင့် ထိတ်လန့်သွားသည်။ အိပ်ရာမှနိုးနိုးချင်း အခြားအခန်းငါးခန်းတွင် အိပ်ပျော်နေသော မြန်မာသင်္ဘောသားများကို ကိုမျိုးမင်းဦးနှင့် ကိုညီထွဋ်တို့ အမြန်လိုက်နှိုးသည်။ ရုရှားနိုင်ငံအခြေစိုက် Dalniy Vostok ငါးဖမ်းသင်္ဘောပေါ်တွင် လိုက်ပါလာသော သင်္ဘောသား ၁၃၂ ဦးစလုံးမှာ သင်္ဘောကြီးတိမ်းစောင်းကာ နစ်မြုပ်တော့မည်ကို မြင်တွေ့သည့်အခါ ကမ္ဘာပျက်သည့်အလား ဆူညံသွားသည်။
သင်္ဘောတစ်ခြမ်းစောင်းသွားပြီး မကြာမီတိမ်းမှောက်တော့မည်ဖြစ်၍ ကိုမျိုးမင်းဦးအပါအဝင် မြန်မာသင်္ဘောသား ၄၂ ဦးသည် အအေးခံဝတ်စုံနှင့် အသက်ကယ်ခါးပတ်များ ဝတ်ဆင်လိုက်ကြသည်။ သို့သော် မြန်မာသင်္ဘောသား ၄၂ ဦးတွင် အအေးခံဝတ်စုံ ဝတ်ခွင့်မရသူတစ်ဦးရှိသည်။ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲ ကိုကိုမောင်သည် အအေးခံဝတ်စုံမကျန်တော့၍ မဝတ်ခဲ့ရပေ။
ကိုမျိုးမင်းဦး အပါအဝင် မြန်မာသင်္ဘောသားအချို့သည် သင်္ဘောထိပ်ပိုင်းတွင်ထိုင်ကာ သင်္ဘောမမြုပ်အောင် ရသမျှ ဘုရားတရားစာများ ရွတ်ဆိုရင်း ဆုတောင်းခဲ့သည်။ သို့သော် သိပ်မကြာမီ သင်္ဘောနောက်ပိုင်းသည် အပေါ်ထောင်တက်သွားပြီး ‘‘ဝုန်းခနဲ’’ပြိုလဲကာ သင်္ဘောခါးပိုင်းကျိုးပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားတော့သည်။ ထိုအချိန်တွင် ကိုမျိုးမင်းဦးအပါအဝင် မြန်မာသင်္ဘောသားများသည် ရေခဲမှတ်ထိရောက်ရှိနေသည့် မုဆိုးပင်လယ်ပြင်ထဲသို့ ခုန်ဆင်းကာ အသက်ဘေးမှ လွတ်မြောက်ရန် သေမင်းနှင့်စစ်ခင်းရတော့သည်။
ချက်ချင်းဆိုသလို ရုရှားကယ်ဆယ်ရေးသင်္ဘောများသိရှိ၍ ရောက်ရှိလာပြီး အနီးကပ်ကယ်ဆယ်ရေးများ မပြုလုပ်သေးဘဲ သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ခပ်လှမ်းလှမ်းမှ ဝိုင်းလိုက်ကြသည်။ ရုရှားကယ်ဆယ်ရေး သင်္ဘောများသည် သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ အနီးကပ်လာရောက်ကယ်ဆယ်လျှင် သင်္ဘောခုတ်မောင်းလာမှုကြောင့် လှိုင်းရိုက်၍ ပင်လယ်ပြင်တွင်မျောနေသော သင်္ဘောသားများ ပျောက်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် သင်္ဘောသားများ အဝေးသို့ မျောပါမသွားရန် ခပ်လှမ်းလှမ်းမှ ဝိုင်းထားလိုက်ခြင်းဖြစ်သည်။ သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားရာ ပင်လယ်ပြင်တွင် လှိုင်းကြီးနေသောကြောင့် စက်တပ်လှေငယ် (Speed Boat)များဖြင့် ကယ်ဆယ်ရေးများပြုလုပ်၍ မရပေ။
မှောင်မည်းနေသော ပင်လယ်ပြင်ဝယ် ကယ်ဆယ်ရေးသင်္ဘောများ၏ မီးရောင်ပျပျများကို မြင်တွေ့နေရ၍ ကိုမျိုးမင်းဦး အားတက်လာသည်။ အအေးခံဝတ်စုံဝတ်ထား၍ အစပိုင်းတွင် တစ်ကိုယ်လုံးလုံခြုံနေသည်။ ထိုဝတ်စုံဝတ်ထား၍ လက်ဖြင့်ကူးခပ်မရသောကြောင့် ကိုမျိုးမင်းဦးသည် ကယ်ဆယ်ရေးသင်္ဘောများအလာကိုသာ စောင့်ဆိုင်းပြီး ပက်လက်အနေအထားဖြင့် ပင်လယ်ပြင်တွင် လိုက်ပါမျောနေသည်။ တစ်နာရီခန့်အကြာတွင် ပင်လယ်ပြင်၌ မျောပါနေသော အလုပ်လုပ်ဖော် မြန်မာသင်္ဘောသားတစ်ဦးဖြစ်သည့် အသက်(၃၀)အရွယ် ကိုခင်မောင်မြင့်နှင့်တွေ့သည်။
ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သော သင်္ဘောသားများ ပြန်ရောက်လာစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
‘‘မြန်မာတွေရှိသေးလား’’ဟု ကိုမျိုးမင်းဦးက ကိုခင်မောင်မြင့်အား အော်မေးလိုက်သည်။ သူတို့နှစ်ဦးကပ်သွားချိန်တွင် လူချင်းကွဲမသွားရန် လက်ချင်းချိတ်ထားလိုက်သည်။
‘‘အဲဒီအချိန်မှာ နှစ်ယောက်သား စကားတွေပြောဖြစ်တယ်။ အဓိကပြောဖြစ်တာကတော့ ဘုရားတရားအကြောင်းတွေပဲ။ ဘုရားစာတွေကို ယုံကြည်မှုရှိလားလို့ သူ့ကိုမေးပြီး ကျွန်တော်သမ္ဗုဒ္ဓေရွတ်နေတယ်လို့ သူ့ကိုပြောတယ်။ သူကလည်း ရွတ်နေပါတယ်လို့ ပြောတယ်။ သူလည်း ကျွန်တော်နဲ့တွေ့တော့ အားတက်သွားတယ်’’ ဟု ရုရှားသင်္ဘောတိမ်းမှောက်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဧပြီ ၁၂ ရက်က ရန်ကုန်သို့ပြန်လည်ရောက်ရှိလာသော စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ဟဲလှောင်ရွာမှ အသက်(၃၀)အရွယ် ကိုမျိုးမင်းဦးကပြောသည်။
နာရီဝက်အကြာတွင် သူတို့နှစ်ဦးမှာ မြန်မာသင်္ဘောသား ကိုဇွဲဝေယံဖြင့် ထပ်မံတွေ့ပြန်သည်။ ထိုအခါ သုံးယောက်သား လက်ချင်းချိတ်၍ ပင်လယ်ပြင်တွင် စီးမျောနေခဲ့သည်။
အေးစက်နေသော ပင်လယ်ပြင်တွင် တစ်နာရီကျော်ကြာ စီးမျောနေရသောကြောင့် ကိုခင်မောင်မြင့်သည် အအေးဒဏ်မခံနိုင်ဘဲ ဖြစ်လာသည်။
‘‘သူက ကျွန်တော်အအေးဒဏ်မခံနိုင်တော့ဘူး၊ မရတော့ဘူးလို့ပြောတယ်။ ကျွန်တော်က အားမလျှော့ပါနဲ့ကွာ။ မဟုတ်လည်း အအေးခန်းထဲမှာပဲ အလုပ်လုပ်နေရတာပဲ။ အားတင်းထားပါလို့ပြန်ပြောရတယ်။ သူ့သာ ပြောရတာ၊ ကျွန်တော်လည်း အအေးဒဏ်မခံနိုင်တော့ဘူး။ ဇွဲဝေယံက အအေးဒဏ်ခံနိုင်တယ်လို့ ပြောရမယ်။ ကယ်ဆယ်ရေးသင်္ဘောတွေနဲ့လည်း ကပ်လာလိုက်၊ ဝေးသွားလိုက်နဲ့ပဲ သင်္ဘောကြီးတွေဆိုတော့ အနားကို ကပ်လာလို့မရဘူးလေ’’ဟု ကိုမျိုးမင်းဦးက သူ၏ သေရွာပြန်အတွေ့အကြုံများကို ဖွင့်ဟသည်။
ကိုမျိုးမင်းဦး
နှစ်နာရီခန့်အကြာတွင် ကိုဇွဲဝေယံက သုံးဦးစလုံး ယခုအတိုင်းစီးမျောနေပါက အသက်ရှင်ရန် မလွယ်သောကြောင့် လူခွဲ၍ သင်္ဘောများဆီသို့ ကူးခပ်ရန်ပြောသည်။
‘‘ကိုခင်မောင်မြင့်က မသွားပါနဲ့ ရောက်ပါ့မလားလို့ပြောတယ်။ သူက အဲဒီလိုလုပ်မှရမှာလို့ပြောပြီး ခွဲထွက်သွားတယ်။ ကျွန်တော်နဲ့ ကိုခင်မောင်မြင့်နဲ့က နှစ်ယောက်ကျန်ခဲ့သေးတယ်။ လက်တွဲမဖြုတ်သေးဘူး’’ဟု ကိုမျိုးမင်းဦးကပြောသည်။
အချိန်ကြာလာသည်နှင့်အမျှ ကိုမျိုးမင်းဦးတို့ ဝတ်ဆင်ထားသော အအေးခံအင်္ကျီ၏ မျက်စိ၊ နှာခေါင်းပေါက်တို့မှ ပင်လယ်ရေခဲရေများ တဖြည်းဖြည်းစိမ့်ဝင်လာ၍ ခန္ဓာကိုယ်အေးခဲလာသည်။
ကယ်ဆယ်ရေးသင်္ဘောများနှင့်လည်း တဖြည်းဖြည်းဝေးကွာသွားသောကြောင့် အသက်ရှင်ရန်မလွယ်တော့ဟု သူအတွေးဝင်လာသည်။
‘‘အသက်ရှင်ဖို့ရာ ကံဇာတာမပါတော့ဘူးလို့ တွေးလိုက်တယ်။ အဲဒါနဲ့ ကိုခင်မောင်မြင့်နဲ့လည်း လမ်းခွဲလိုက်တယ်။ သူ့ကို ဘုရားစာတွေရွတ်ပြီး ရောက်အောင်သွားပါလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း ဗုဒ္ဓံသရဏံဂစ္ဆာမိလို့ တစ်ခါရွတ်လိုက်၊ လက်ကတစ်ခါကူးလိုက်။ ဓမ္မံသရဏံဂစ္ဆာမိလို့ တစ်ခါရွတ်လိုက်၊ လက်ကတစ်ခါကူးလိုက်။ သံဃံသရဏံဂစ္ဆာမိလို့ တစ်ခါရွတ်လိုက်၊ လက်ကတစ်ခါကူးလိုက် လုပ်နေတာ’’ဟု ကိုမျိုးမင်းဦးကပြောသည်။
တစ်နာရီကြာကူးခပ်နေပြီးနောက် နံနက် ၈ နာရီတွင် ကယ်ဆယ်ရေးသင်္ဘောတစ်စီးသည် ကိုမျိုးမင်းဦးဆီသို့ တည့်တည့်ရောက်ရှိလာသည်။
‘‘သင်္ဘောတစ်စီးက ကျွန်တော့်ဆီကို တည့်တည့်ကြီးလာခဲ့တယ်။ အဲဒီသင်္ဘောပေါ်ကိုတက်ဖို့ ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်။ တက်ဖို့ကြိုးစားနေတုန်းမှာ ရေအောက်ရောက်သွားပြီး အအေးခံထဲကို ရေဝင်သွားခဲ့တယ်။ ဆယ်မိနစ်အတွင်းမှ အဲဒီသင်္ဘောပေါ်မတက်နိုင်ခဲ့ရင် ကျွန်တော်သေပြီ။ သင်္ဘောပေါ်ကို ရောက်သွားတဲ့အချိန်မှာ ကျွန်တော်သတိလစ်သွားတယ်’’ဟု ကိုမျိုးမင်းဦးက အသက်ရှင်လွတ်မြောက်ခဲ့ပုံကို ဖွင့်ဟသည်။
ပင်လယ်ပြင်တွင် အတူလက်တွဲနေခဲ့သော သုံးဦးအနက် ရန်ကုန်မြို့ သာကေတမြို့နယ်နေ ကိုဇွဲဝေယံသည် ဧပြီ ၁၂ ရက် ညက ကိုမျိုးမင်းဦးနှင့်အတူ ရန်ကုန်မြို့သို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သော အသက်(၃၀)အရွယ် ကိုခင်မောင်မြင့်မှာမူ သေဆုံးခဲ့သည်။ ကိုခင်မောင်မြင့်၏ ရုပ်အလောင်းမှာ ဧပြီ ၁၆ ရက် နေ့လယ်က မြန်မာနိုင်ငံသို့ပြန်ရောက်လာခဲ့သည်။
ကိုခင်မောင်မြင့်သည် ဟိန္ဒူလူမျိုး၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ အစ်ကိုဝမ်းကွဲတော်စပ်သူ အသက်(၃၄)နှစ်အရွယ် ကိုရာဂျေးနှင့်အတူ ရုရှားငါးဖမ်းသင်္ဘောပေါ်တွင် အလုပ်လုပ်ရန် သွားရောက်ခဲ့ကြကာ ညီအစ်ကိုနှစ်ဦး အတူသေဆုံးလျက် ပြန်ရောက်ရှိလာခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့မှာ ညီအစ်ကိုနှစ်ယောက်စလုံး ဆုံးရှုံးရတာဗျာ။ လုပ်ခလစာကလည်း ဘာမှမရကြသေးပါဘူး။ အခုပြန်ရလာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေပါပဲ’’ဟု ကိုခင်မောင်မြင့်နှင့် ကိုရာဂျေးတို့၏အစ်ကို ကိုဇော်သူက ပြောသည်။
ကိုခင်မောင်မြင့်နှင့် ကိုရာဂျေးသည် ဘာသာရေးကိုင်းရှိုင်းသူများဖြစ်ပြီး လူချစ်လူခင်ပေါများကြောင်း ကိုဇော်သူကပြောသည်။
သင်္ဘောသား ၁၃၂ ဦး လိုက်ပါလာသော ရုရှားငါးဖမ်းသင်္ဘောသည် ဧပြီ ၁ ရက် နံနက် ၄ နာရီတွင် ရုရှားမုဆိုးပင်လယ်ပြင်၌ သင်္ဘောတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောတွင် မြန်မာသင်္ဘောသား ၄၂ ဦး လိုက်ပါလာကာ ၂၂ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး ၁၆ ဦးသေဆုံးခဲ့ကာ လေးဦးပျောက်ဆုံးနေဆဲဖြစ်သည်။
အသက်ရှင်ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးသည် ရန်ကုန်လေဆိပ်သို့ ဧပြီ ၁၂ ရက် ညက ပြန်ရောက်ရှိခဲ့ပြီး သေဆုံးသွားသည့် မြန်မာသင်္ဘောသား ၁၆ ဦး၏ ရုပ်အလောင်းများသည် ဧပြီ ၁၆ ရက်က စင်းလုံးငှားလေယာဉ်ဖြင့် ပြန်ရောက်ရှိလာခဲ့သည်။
မြန်မာသင်္ဘောသား ၄၂ ဦးသည် စေလွှတ်ခဲ့သည့် ကုမ္ပဏီများအား ဝန်ဆောင်ခအနည်းဆုံး ကျပ် ၁၆ သိန်းမှ အများဆုံးကျပ် ၂၈ သိန်းအထိ ပေးဆောင်ခဲ့ကြရသည်။
၎င်းတို့သည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၀၀ (ကျပ်ငွေလေးသိန်းကျော်) လုပ်အားခရရှိကြပြီး သုံးလလျှင်တစ်ကြိမ် ငွေလွှဲပို့ပေးမည်ဟု စေလွှတ်သည့် ကုမ္ပဏီများနှင့် သဘောတူခဲ့သူများဖြစ်သည်။
သင်္ဘောသားအများစုသည် ၂၀၁၄ နိုဝင်ဘာအတွင်းက ထွက်ခွာသွားကြသူများဖြစ်ပြီး တိမ်းမှောက်မှုဖြစ်ပွားသည့် ငါးဖမ်းသင်္ဘောတွင် ငါးလသာ အလုပ်လုပ်ကိုင်ရသေးသည်။ အချို့မှာ အိမ်ရှိပစ္စည်းများအား ပေါင်နှံရောင်းချခြင်း၊ ငွေတိုးဖြင့် ချေးယူခြင်း စသည်တို့ဖြင့် သင်္ဘောထွက်သွားကြသူများဖြစ်သည်။
ငါးလစာလုပ်အားခအတွက် တစ်ဦးလျှင် ကျပ်သိန်း ၂၀ ကျော် ရရှိကြမည်ဖြစ်သော်လည်း သုံးလလျှင်တစ်ကြိမ် ငွေလွှဲပို့သောကြောင့် သင်္ဘောသားများ၏ အိမ်များသို့ သုံးလစာလုပ်အားခအတွက် တစ်ကြိမ်သာ ငွေလွှဲရရှိကြသေးသည်။
‘‘သင်္ဘောထွက်ဖို့အတွက် ကုမ္ပဏီကို ၁၆ သိန်းပေးရတယ်။ အခုမှ ကုန်ကျစရိတ် အရင်းလောက်ပဲရသေးတယ်။ ရုရှားသင်္ဘောမှောက်တယ်ဆိုတော့လည်း ကျွန်တော့်သားနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေတာ။ သူတို့ကုမ္ပဏီပြောတော့ ကိုရီးယားသင်္ဘောလိုင်းလို့ ပြောတာကိုး။ သေပြီးလို့ လေးရက်လောက်နေမှ ကျွန်တော့်သား ရုရှားသင်္ဘောလိုင်းမှာပါတယ်ဆိုတာ သိရတာ’’ဟု သင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် မြင်းခြံခရိုင်၊ ညောင်ပင်ရိုးကျေးရွာနေ သင်္ဘောသား ကိုမြင့်ဇော်ဝင်း၏ဖခင် ဦးငွေသန်းကပြောသည်။
သင်္ဘောသား ၄၂ ဦးအား စေလွှတ်လိုက်သော ကုမ္ပဏီငါးခုသည် ကိုရီးယားဆီသွတ်ဘူးသင်္ဘောတွင် လိုက်ပါရမည်ဟု ပြောဆိုတင်ပို့ပေးလိုက်ခြင်းဖြစ်ပြီး ငါးဖမ်းရမည်ဆိုသောအချက် မပါဝင်ကြောင်း အသက်ရှင်၍ ပြန်ရောက်လာသော သင်္ဘောသားများကပြောသည်။
၎င်းတို့အား တင်ပို့ပေးလိုက်သော Sea Rider ၊ Top Chance၊ Asia Wave၊ Light Oasis နှင့် Star Global စသည့် ကုမ္ပဏီငါးခုကို ခွင့်ပြုသည့် သင်္ဘောပေါ်သို့ တင်ဆောင်ခြင်းမရှိဘဲ တိမ်းမှောက်သွားသည့် ရုရှားသင်္ဘောပေါ်သို့ တင်ပို့ခြင်း၊ အရေးကြီးဖြစ်စဉ်အား အချိန်မီသတင်းမပေးပို့ခြင်းတို့ကြောင့် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေးဦးစီးဌာနက ဧပြီ ၃ ရက်က လုပ်ကိုင်ခွင့်ရပ်ဆိုင်းခဲ့သည်။
‘‘ဒါအေးဂျင့်မှာ တာဝန်ရှိတယ်။ ခေါ်တော့တစ်မျိုး။ လုပ်တော့တစ်မျိုး။ ဒါဟာရောင်းစားတာပဲ။ ဒါဟာ လူကုန်ကူးခြင်းပဲ’’ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား၊ အလုပ်သမားများအဖွဲ့ချုပ် နိုင်ငံတကာဆက်ဆံရေးဆပ်ကော်မတီမှ ဦးသီဟက ၎င်း၏အမြင်ကိုပြောသည်။
တိမ်းမှောက်သွားသည့် ငါးဖမ်းသင်္ဘောကို ပိုင်ဆိုင်သော Magellan ကုမ္ပဏီက အသက်ရှင်သည့် မြန်မာသင်္ဘောသား ၂၂ ဦးအား အမေရိကန်ဒေါ်လာ ၃,၀၀၀ နှင့်ညီမျှသော ရူဘယ်လ်ငွေများ၊ သေဆုံးသွားသည့် မြန်မာသင်္ဘောသား ၁၆ ဦးအား အမေရိကန်ဒေါ်လာ ၁၅,၀၀၀ နှင့်ညီမျှသော ရုရှားရူဘယ်လ်ငွေများကို ဧပြီနောက်ဆုံးပတ်တွင် ပေးအပ်မည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
‘‘ကျွန်တော်တို့ တတ်နိုင်သလောက် အဆင်ပြေအောင်လုပ်ပေးမှာပါ။ လျော်ကြေးပေးဖို့လည်း အစီအစဉ်ရှိပါတယ်’’ဟု သင်္ဘောသား ၂၇ ဦးတင်ပို့ရာမှ ၁၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည့် Sea Rider ကုမ္ပဏီမှ ကိုသီဟနိုင်ကပြောသည်။
သေဆုံးသွားသည့် သင်္ဘောသားရုပ်အလောင်း ၁၁ လောင်းကို ဧပြီ ၁၆ ရက်က ရန်ကုန်မြို့တွင် သင်္ဂြိုဟ်လိုက်ကြပြီး မအူပင်၊ မြင်းခြံ၊ ဒလနှင့် သန်လျင်မြို့တို့မှ သင်္ဘောသားရုပ်အလောင်းလေးလောင်းကို ၎င်းတို့၏မိသားစုများက သယ်ဆောင်သွားကြပြီဖြစ်သည်။
ကိုမျိုးမင်းဦးသည် သူ၏ဇာတိကျေးရွာသို့ မပြန်နိုင်သေးပါ။ သင်္ဘောတက်စဉ်က အိမ်မှရှိသည်များ ထုခွဲရှာဖွေပေးခဲ့ရသော ကျပ်သိန်း ၅၀ ပြန်ရရန် ရှာဖွေရဦးမည်ဖြစ်သည်။ ငယ်စဉ်ကတည်းက သင်္ဘောသားဘဝကို အားကျဝါသနာပါခဲ့သူဖြစ်၍ သင်္ဘောသားအလုပ် ဆက်လုပ်လိုနေဆဲ။
‘‘လိုင်းကောင်းမယ့် သင်္ဘောတွေ့ရင်တော့ သင်္ဘောပြန်တက်ချင်ပါသေးတယ်’’ဟု သေရွာပြန် ကိုမျိုးမင်းဦးက ပြုံး၍ပြောလေသည်။
7Day Daily
No comments:
Post a Comment