(တစ်)
ထုံးစံအတိုင်း လူတစ်ယောက် မြေခွေးနဲ့အဖွဲ့ဝင်များရဲ့ ရှေ့မှောက်သို့ ရောက်ရှိလို့လာကြ ပြန်ချေပေါ့။ လက်ထဲမှာကလည်း ငှက်ပျောသီး သုံးလေးလုံးနဲ့။ ငှက် ပျောသီးတွေကအမျိုးအစားတော့ မတူဘူး။ တစ်လုံးကဖီးကြမ်း၊ တစ်လုံးက ရခိုင်၊ တစ်လုံးက သီး မွှေး။ ရွှေငှက်ပျောသီး ကလေး တောင်မှ တစ်လုံးပါသေး။
အဲသည့်နေ့က အဲသည့်လူ ရောက်လာတဲ့အချိန်မှာအကောင် ကြီးတွေ စုံစုံလင်လင်ကိုပဲရှိနေခဲ့ ကြလေသဗျ။ ဦးသျှောင်မြေခွေး ကို အမှူးပြုပြီးတဲ့သကာလခြင်္သေ့ ရယ်၊ ကျားရယ်၊ ကျားသစ်ရယ်၊ ဆင်ရယ်၊ မိကျောင်းရယ် မြေ ခွေးရဲ့ ဂူထဲမှာ အသီးသီးအသက နေရာ ကိုယ်စီယူကြလို့ဆိုပါတော့။ လူကပဲစကားစ,တာပါ။
‘‘အဆွေမြေခွေးမင်းရဲ့လက် ထက်မှာ....တောကို တံခါးဖွင့် လိုက်ကြောင်း ကြားသိရပါတယ် ခင်ဗျ။ အဲဒါ....စုံနံ့သာမြိုင်မှာ ရောင်းဝယ်ဖောက်ကားသမှု ပြု လုပ်ချင်ပါသောကြောင့်လေ့လာ သမှုအနေနဲ့ ယနေ့အခါအခု ရောက်ရှိ၍ လာခြင်းပါ’’တဲ့။
တိရစ္ဆာန်တစ်ကောင့် တစ် ကောင်လှမ်းကြည့်ကြလေသဗျ။ ပြီးမှ ဆင်က....
‘‘အသင်လူသားက....ဘဇာ တွေကိုများရောင်းဝယ်ဖောက် ကားချင်လို့တုံး’’တဲ့။
လူက သူ့လက်ထဲမှာ ပါလာ တဲ့ငှက်ပျောသီးသုံးလေးလုံးကို ကျွန်းစားပွဲအညိုရင့်ရင့်ကြီးပေါ်လှမ်းတင်လိုက်ကာ ဟောသည့် ကုန်ပစ္စည်းတွေကို ရောင်းချင်တာ ပါပဲ ခင်ဗျာလို့ ဆိုလိုက်လေရဲ့။
ပြုံးတယ်။ တိရစ္ဆာန်ကြီးတို့ ပြုံးတယ်။ ငှက်ပျောသီးဟာတော ရဲ့လိုအပ်ချက်တစ်ခုပေကိုး။ စုံ နံ့သာမြိုင်ရဲ့ မျောက်အင်အားစု ကြီး တစ်ရပ်လုံးငှက်ပျောသီးစား ကြတာ အားလုံးအသိ။ ၀က်ဝံကြီး တွေလည်း ငှက်ပျောသီးစား တယ်။ မျောက်ဝံကြီးတွေလည်း ငှက်ပျောသီးစားတယ်။ ရှဥ့်က လေးတွေလည်း ငှက်ပျောသီးစား တယ်။ ငှက်တွေလည်း ငှက်ပျော သီးစားတယ်။ ငှက်ပျောသီးဆို တာ စုံနံ့သာမြိုင်ရဲ့လိုအပ်ချက်။ တိရစ္ဆာန်တချို့အတွက် မရှိမဖြစ် ငှက်ပျောသီး။
သို့သော် အဘက်ဘက်က ပြုန်းလာတဲ့စုံနံ့သာမြိုင်မှာ သူ့ဘာ သာသူအလေ့ကျပေါက်နေတဲ့ ငှက်ပျောသီးတွေဟာ ငှက်ပျော သီးစားသူ တိရစ္ဆာန်များအတွက် က မလောက်မငဖြစ်နေခဲ့တာကြာ ပေါ့။ သေသေချာချာစနစ်တကျ စိုက်ပျိုးထုတ်လုပ်တဲ့လူတွေနဲ့က တော့ အကွာခြားကြီးကွာခြားလေ သပေါ့။
ဒါကိုသိလို့ တောမှာလာပြီး ငှက်ပျောသီးရောင်းလိုကြောင်း ကမ်းလှမ်းတာကို တိရစ္ဆာန်ကြီး တွေက ပြုံးကြတာပါ။
‘‘အသင်လူသားက အဘယ် ဈေးနဲ့ရောင်းဖို့ မှန်းထားပါသလဲ’’
‘‘အဲ....ငှက်ပျောသီးတစ်လုံး တစ်ရာ....တစ်ရာ့ငါးဆယ်ဝန်း ကျင်ပါပဲ.....ရွှေငှက်ပျောလိုဟာ မျိုးမှသာ တစ်လုံးနှစ်ရာကျပ်ဖြစ် မှာပါ’’
အဲဒါ ခြင်္သေ့အမေး၊ လူအ ဖြေ။
တိရစ္ဆာန်ကြီးတွေအကုန်လုံး တစ်ကောင့် တစ်ကောင်လှမ်း ကြည့်ကြပြီးတဲ့နောက် သူတို့ရဲ့ ဦးခေါင်းတွေကို ယမ်းခါလိုက်ကြ ပုံဟာဖြင့် ပြိုင်တူပါပဲလေ။
‘‘နိုးပါ....အသင်လူသား’’
No တဲ့ခင်ဗျ။ မြေခွေးဦး သျှောင်ဆုံးဖြတ်ချက်ချလိုက်ပုံပါ။
လူသားကတော့ ဂူနံရံမှာ ကပ်ထားတဲ့စာရွက်ကြီးကို လှမ်း ကြည့်နေလေရဲ့။ တော၏ စီးပွား ရေးသည် တောတွင်းတိရစ္ဆာန်များ ၏ လက်တွင်း၌သာ ရှိရပေလိမ့် မည်တဲ့။
သြော်....လူတွေကို အ၀င်မ ခံဘူးထင်ပါရဲ့။
(နှစ်)
အနို့နဲ့ လူတစ်ယောက် တောတွင်းသို့ဝင်ရောက်လာကာ ငှက်ပျောသီးရောင်းဖို့လာရောက် ကမ်းလှမ်းသမှုပြုခြင်းကို ဟင့် အင်း အလုပ်ခံရရှာပြီးတဲ့နောက် မှာ စုံနံ့သာမြိုင်တောထဲကို တစ် ယောက်ပြီးတစ်ယောက်ဆိုသလို ရောက်ပြီးရောက်လာကြတဲ့လူ တွေရှိပါသေးတယ်ဆိုရင် ယုံကြ ပါ့မလားမသိဘူး။ ဆက်တိုက်နီး နီးချည်းပါလေ။
မှတ်မိသမျှကလေးတော့ ပြောစမ်းပါရစေ။လူတစ်ယောက် က မွေးမြူရေးသမားထင်ပါရဲ့။ အသားနဲ့ငါးကို စုံနံ့သာမြိုင်အ တွက် သွင်းချင်လို့ရောက်လာ တာ။ တောမှာကလည်း အသား ရောငါးပါရှားသွားခဲ့ပြီမဟုတ် လား။
အဲသည့်လူက သားဈေးငါး ဈေးပြောတဲ့အခါ တကယ့်ကို အံ့ သြစရာကြီးပါ။ တစ်ပိဿာကိုငါး ထောင်ဝန်းကျင်တဲ့။ ကြက်သား လိုဟာမျိုး၊ မြစ်ငါးကြင်းလိုဟာ မျိုး တစ်ပိဿာ ရှစ်ထောင်တစ် သောင်းဖြစ်နေချိန်မှာ ငါးထောင် နဲ့ တောကိုသွင်းချင်တယ်ဆိုတာ အံ့တစ်ပါးပဲပေါ့။
အဲသည့်လူလည်း အငြင်းခံ လိုက်ရတာပါပဲခင်ဗျ။ ဂူနံရံမှာ ကပ်ထားတဲ့တော၏ စီးပွားရေး သည် တောတွင်းတိရစ္ဆာန်များ၏ လက်တွင်း၌သာရှိရပေလိမ့်မည် ဆိုတဲ့ စာတန်းကြီးကိုဖတ်ရင်းနဲ့ ပေါ့။
နောက်ထပ်လူသားတစ် ယောက်ကကျတော့ တိရစ္ဆာန် တွေ တစ်ခါမှမမြင်ဖူးတဲ့ကိရိယာ ပေါက်စကလေးနှစ်ခုကိုင်လာ တာ။ လက်ထဲမှာကိုင်ထားလို့ရ တဲ့ ကိရိယာကလေးတွေ။ ရုပ်မြင် သံကြားလိုမျက်နှာပြင်သေးသေး ကလေးတစ်ခုလည်းပါရဲ့ နံပါတ် ကို နှိပ်လို့ရတဲ့ ခလုတ်ကလေးတွေ လည်းပါရဲ့။
လူသားကတစ်ခုကို ဆင် ကြီးဆီသွားပေးထားလိုက်ပါတယ်။ အဲ....နောက်တစ်ခုကိုကျတော့ မြေခွေးကိုပေးလိုက်ပြီးတဲ့ သကာ လ မြေခွေးလက်ထဲက ဥစ္စာက လေးရဲ့ ခလုတ်တွေကို ကိုယ်တိုင် ၀င်နှိပ်ပေးလိုက်ပါတယ်။
ကြည့်စမ်း၊ ဆင်ကြီးဆီက အလုံးမှာစုံတောမြိုင်သီချင်းနဲ့အ တူ ဖုန်းခေါ်သံကလေးတွေ ပေါ် လာတဲ့အခါ တိရစ္ဆာန်တွေအံ့သြ ကုန်ကြတာပေါ့။ ဟဲလို လုပ်လိုက် တော့ ဟဲလိုလုပ်လိုက်တော့ စ ကားပြောလို့ရပြီဆိုပြီး လူကဖုန်း ပြောဟန်ကို သဏ္ဌာန်လုပ်ပြလိုက် တဲ့အခါ လိုက်ပြီးလုပ်ကြသဗျ။ ဆင်ကခါးထောက်လို့။ မြေခွေးက ဒူးနှန့်လို့။
‘‘ဟဲလို....ဆင်ကြီးပါ၊သြော် ....မြေခွေးလား။ ဒီနေ့ဥပုသ် စောင့်မယ် ဟတ်လား’’
လူက အဲသည့်လက်ကိုင်ဖုန်း ကလေးတွေကို တိရစ္ဆာန်ကလေး တွေ တစ်ကောင့်တစ်ကောင်ဆက် သွယ်လို့ရအောင် တောမှာလာ ရောင်းပေးချင်ပါတယ်လို့လည်း ဆိုလိုက်ရော မေးပြီပေါ့ဈေးနှုန်း။
‘‘ငှက်ပျောသီး တစ်ဖီးဖိုး ၀န်းကျင်ပေါ့ဗျာ....hand set က တော့ ကိုယ်တတ်နိုင်တာသုံးပေါ့’’။
လူကအဲသလိုပြောတဲ့အခါ အယ်ဆိုပြီး အသံတွေထွက်လာပါ တယ်။ မဖြစ်ဘူးဗျတဲ့။ ဟိုဟာရှိ တယ်တဲ့။ နံရံပေါ်က စာတန်းမေး ငေါ့ပြီးပြကြတာပါ။ တော၏စီး ပွားရေးသည် တောတွင်းတိရစ္ဆာန် များ၏ လက်တွင်းသာရှိရပေလိမ့် မည်တဲ့။
လူတစ်ယောက် နောက် ဆုတ်ခဲ့ရပြန်ပေါ့။
(သုံး)
လူတွေကို အ၀င်မခံဘဲနဲ့ တောထဲမှာ အရပ်တစ်ပါးက သူ တွေဖျံလာမကျရေလေအောင် ဟန့်တားထားတဲ့ စုံနံ့သာမြိုင် တောကြီးအတွင်းမှာ တိရစ္ဆာန်ထု ကြီးဟာ သူ့ဘာသာသူပဲရအောင် လည်ပတ်နေလေသဗျ။
ငှက်ပျောသီးတစ်လုံးတစ်ရာ၊ တစ်ရာ့ငါးဆယ်နဲ့ ရောင်းမယ်ဆို တဲ့လူကို ငြင်းခဲ့တယ်။ ဟော ခြ င်္သေ့ရဲ့သားက တစ်တောလုံးငှက် ပျောသီးရောင်းဝယ်ဖောက်ကား ခွင့်လိုင်စင်ကို တစ်ကောင်တည်း ရအောင်ယူပြီး ငှက်ပျောသီးတစ် လုံးငါးရာနဲ့ရောင်းနေလေရဲ့။
သည်လိုပါပဲ။ သားငါးတစ် ပိဿာငါးထောင်လောက်နဲ့ ရောင်းမယ့်လူကို ဟင့်အင်းခဲ့ တယ်။ ဟော....ကျားရဲ့ သမက် က သားငါးလိုင်စင်တစ်ကောင် တည်းရယူကာ တစ်ပိဿာ တစ် သောင်းနဲ့ ရောင်းနေလေရဲ့။
ဟဲလိုလုပ်တဲ့စက်ကလေး တွေလည်း သည်အတိုင်းပါပဲ။ ငှက်ပျောသီးတစ်ဖီးဖိုးသာသာ ထောင့်ငါးရာဆိုလား။ အဲသည့်လူ ကိုလည်းငြင်းပစ်ခဲ့တာပဲပေါ့။ ဟော....မြေခွေးနဲ့ခမည်းခမက်က ဟဲလိုတစ်ကတ် ဆယ်သိန်းဆို လား ရောင်းနေ၊ ၀ယ်နေခဲ့ကြတာ ပါပဲ။
‘‘လူတွေကို ဘာလို့တားသ လဲဗျာ....လူတွေဝင်လာတာ တိရ စ္ဆာန်တွေ မသက်သာဘူးလားလို့’’ ဂျက်က မချင့်မရဲဖြစ်လွန်းလာတာ ကြောင့် မြေခွေးကို ပြောမိတာပါ။
‘‘သက်သာသာ မသာသာ ဗျာ။ မဆိုင်သူ ၀င်စားတာလက်မခံ နိုင်ပါဘူး။ ကိုယ့်တိရစ္ဆာန် အချင်း ချင်းစားတာက ကြည့်ကောင်း သေးတယ်’’တဲ့။
ဟုတ်တော့လည်း ဟုတ်ပါ တယ်။ တိရစ္ဆာန်စီးပွားရေး တိရ စ္ဆာန်လက်ထဲမှာပဲရှိရပေမှာပေါ့။ ကျားလက်ထဲမှာ။ ခြင်္သေ့လက်ထဲ မှာ။ ဆင်လက်ထဲမှာ။ မြေခွေး လက်ထဲမှာ။ မိကျောင်းလက်ထဲ မှာ။ ကြည့်လို့ဖြင့်ကောင်းမှ ကောင်း။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
ဂျက်ကွမ်းခြံကုန်း
7 day
No comments:
Post a Comment