မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အောင်နိုင်ရေးအတွက် ကွယ်လွန်သူတေးသံရှင် ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည်ဆိုသည့် သားရေဂျာကင်ကို အောက်တိုဘာလ ၂၈ရက်နေ့ ညတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း တေးသံရှင်ခင်မောင်တိုး၏မိတ် ဆွေရင်း တစ်ဦးဖြစ်သူ စာရေးဆရာရွှေနောင်ရိုးက ပြောကြားသည်။
တေးသံရှင် ခင်မောင်တိုးဝတ်ဆင်ခဲ့သော အဆိုပါ သားရေဂျာကင်သည် ၂၀၀၇ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုသို့ ရောက်စဉ် မိတ်ဆွေတစ်ဦးက မေတ္တာဖြင့် ဝယ်ပေးသည်ဖြစ်၍ တန်ဖိုးဖြတ်မရသည့်အပြင် တေးသံရှင်ခင်မောင်တိုး၏ အမြတ်တနိုးပစ္စည်းများထဲမှ ပထမဆုံးလေလံတင်ရောင်းချခြင်းဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ မန္တလေးမြို့ခံ ဦးမြင့်ချိုက ဆိုသည်။
အဆိုပါ လေလံတင်မည့် သားရေဂျာကင်ကို မန္တလေးမြို့တော်မှ မြန်မာစိုးမိုးကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းရှင်က ကနဦး ကျပ်၁၀သိန်းဈေးဖွင့်ပေးထားပြီး အောက်တိုဘာလ ၂၈ရက်နေ့ ည ၇နာရီ မှ ၉နာရီအထိ ဈေးပြိုင်ရောင်းချမည်ဖြစ်ကာ လေလံအောင်သူကို မန္တလေးတိုင်းဒေသကြီး NLDအောင်နိုင်ရေး ခွပ်ဒေါင်းကြယ်ဖြူဖျော်ဖြေရေးယာဉ်နှင့် နိုင်ငံကျော်အဆိုတော်များက အိမ်တိုင်ရာရောက် လိုက်ပါပို့ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLDအောင်နိုင်ရေးအဖွဲ့ထံမှ သိရှိရသည်။
“ကိုခင်မောင်တိုးက NLD ဝန်းရံသူဖြစ်တဲ့အတွက် သူ့မိသားစုတွေဆန္ဒကို ပါရမီဖြည့်တဲ့အနေနဲ့ သားရေဂျာကင်ကို ၁၀သိန်းနဲ့ ကနဦးဈေးပေးခဲ့တာပါ” ဟု လတ်တလောလေလံပေးထားသည့် မြန်မာစိုးမိုးကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးစိုးလွင် က ဆိုသည်။
တေးသံရှင် ခင်မောင်တိုးသည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ကွယ်လွန်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment