ရန်ကုန်၊ သြဂုတ်-၂၁ပြည်တွင်းအခပေး
ရုပ်သံလိုင်းတစ်ခုဖြစ်သော စကိုင်းနက် (SkyNet)က ယခုနှစ်အတွက်
ပရီးမီး ယားလိဂ် ဘောလုံး ပွဲစဉ်များကို ပြသနိုင်တော့မည် မဟုတ်ကြောင်းယင်းရုပ်သံလိုင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယမန်နှစ်က
စကိုင်းနက် ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ်
ပွဲစဉ်များကို ယခုနှစ်ရာသီတွင် ပြသနိုင်ခြင်း မရှိခြင်းမှာ ၎င်းတို့၏
လုပ်ငန်းတူ ရုပ်သံလိုင်းတစ်ခုဖြစ်သော Forever Group က
ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့်
ရရှိသွားခြင်းကြောင့်ဖြစ်သည်။
“ကျွန်တော်တို့
ပရီးမီးယားလိဂ်ပွဲတွေကို အိမ်အရောက် ၀န်ဆောင်မှုစနစ်နဲ့ ပြသဖို့အတွက်
သွားပြီးဝယ်ယူခဲ့တဲ့အခါ နိုင်ငံခြားကုမ္ပဏီက ကျွန်တော်တို့ကို မရောင်းပါဘူး။
ပြန်ကြားရေးဝန်ကြီးဌာနက ဟိုဘက်ကကုမ္ပဏီ (Right Owner) ကို ကျွန်တော်တို့ဟာ
ဒီတီအိတ်(ချ)စနစ်နဲ့ ပြသနေတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တယ်လို့
ထောက်ခံပေးတာတောင် ၀ယ်လို့မရတာပါ”ဟု အထက်ပါရုပ်သံလိုင်းမှ တာဝန်ရှိသူက
ပြောသည်။
ကြည့်ရှုသူများအတွက် အရှုံးခံ
ထုတ်လွှင့်ပြသနေရသည်ဟုဆိုသည့် စကိုင်းနက် ရုပ်သံလိုင်းအနေဖြင့် ယခုနှစ်၏
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှ ဖိုင်နယ်ပွဲစဉ်များနှင့်
ယူရိုပါလိဂ်ပွဲစဉ် အစဆုံး၊ စပိန်လာလီဂါပွဲစဉ်များ၊ အီတလီစီးရီးအေ၊
ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အက်(ဖ)အေကပ်၊ ကားလင်းကပ်၊ မေဂျာလိဂ် အစရှိသည့်
လူကြိုက်များသည့် ဘောလုံးပွဲစဉ်များအပြင် အခြားသော အားကစားပြိုင်ပွဲများကို
ဆက်လက်ထုတ်လွှင့် ပြသပေးသွားမည်ဟု ဆိုသည်။
သို့သော်
စကိုင်းနက် ၀ယ်ယူထားသူများကမူ ယခင်နှစ်ကကဲ့သို့ ပရီးမီးယားလိဂ် ပွဲစဉ်များ
ကြည့်လိုပြီး၊ အခြားရုပ်သံဖမ်းစက် ထပ်မံဝယ်ယူရပါက ကုန်ကျစရိတ် ပိုလာမည်ကို
ပူပန်နေကြသည်။ ယူရို-၂၀၁၂ ဘောလုံးပွဲစဉ်များတွင်မူ စကိုင်းနက်ကသာ
ပြသခွင့်ရရှိပြီး၊ Forever Group ၏ ပရိသတ်များ အခက်တွေ့ခဲ့သည်။
စကိုင်းနက်မှ
တာဝန်ရှိသူက “ကျွန်တော်တို့က အစကတည်းကတော့ ပရီးမီးယားလိဂ် ရမယ်ဆိုပြီး
အာမခံချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကြေညာတဲ့လိုင်းတွေမှာ မပါတဲ့လိုင်းတွေကို
ထုတ်လွှင့်ပေးတာလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်မရလို့ မကြည့်တော့ဘူးဆို
ကျန်တဲ့လိုင်းတွေကို မကြည့်ပဲ အလွတ်ခံမှာလား ဆိုတာတော့ ရှိပါတယ်”ဟု
ပြန်လည်ပြောကြားသည်။
သို့သော် လာမည့်နှစ်များတွင်မူ
စကိုင်းနက်ဘက်မှ ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်ပြသနိုင်ရန်
အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပရီးမီးယားလိဂ်
ဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသခွင့်ရရှိပြီး
နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်လည်း ထုတ်ပြန်ထားသော Forever Group
နှင့် MRTV-4 ရုပ်သံလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးမျိုးမြတ်သူက
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး “မူပိုင်ခွင့် ယူထားရင် ပြသလို့ရပါတယ်။
မူပိုင်ခွင့် မယူထားရင်တော့ ပြသလို့ မရဘူးပေါ့။ ကျွန်တော်တို့က
နိုင်ငံခြားကုမ္ပဏီနဲ့ တစ်ခါစာချုပ်ချုပ်ရင် သုံးနှစ်စာအတွက်
ကြိုတင်ချုပ်ပြီး အလုပ်လုပ်ကြပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုကတော့ လွတ်လပ်စွာ
ယှဉ်ပြိုင်ခွင့်ရှိတယ်။ နောင်ဆိုယှဉ်ပြိုင်မှုတွေ ဒီထက်ပိုများလာမယ်။
လိုင်းတစ်လိုင်းထဲ ၀ယ်ထားပြီး အားလုံးကြည့်ချင်လို့တော့ မရဘူးပေါ့”ဟု
ဆိုသည်။
ပြည်တွင်း အခပေးရုပ်သံလိုင်းများ တစ်ခုနှင့်တစ်ခု
ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ၀ယ်ယူသုံးစွဲသူများအတွက်
အခွင့်ပိုသာလာမည်ဟု ထင်ထားကြသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်အခြေအနေ
တချို့နှင့် ရင်ဆိုင်နေရကြောင်း ရုပ်သံလိုင်း ၀ယ်ယူတပ်ဆင်ထားသူ
တချို့ကပြောသည်။
From -7DayNewsJournal
မင်းတို့  စကိုင်းနက်က အရှုံးခံပြီးပြနေတယ်ပေါ့  ရီစရာတော်တော်ပြောတဲ့  သူတောင်းစားပဲ။ထိပ်ဗူးလဲပါဆိုလို့ လဲလိုက်ရတယ်။အဲဒီတုံးကလဲ ပရီးမီးယားလိဂ် မလွှင့် နိုင်ဘူးလို့ မပြောဘူး။မြန်မာနိုင်ငံမှာ တစ်လကိုဈေးအများဆုံး ပေးရတဲ့ လိုင်းက ပရီးမီးယားလိဂ်မလွှင်နိုင်ဘူးဆိုတာ တော်တော့် ကိုယုတ်တိမရှိတဲ့ ကိစ္စပါပဲ။မင်းတို့  ကုမ္မဏီချင်း လက်ဝါးချင်းရိုက်ပြီး ပြည်သူ့ ငွေကိုလိမ်ယူနေတာ ပြည်သူကမသိဘူးထင်မနေနဲ့ ။
ReplyDeleteသြ ဒီလိုလား အချင်းချင်း လိုင်းအပေးအယူနဲ့  လူတွေကို စက်မျိုးစုံဝယ်ရအောင်လုပ်နေတာလား။ ဒီအကျင့်တွေမပျောက်ကြသေးဘူးလား
ReplyDelete