Thursday, February 14, 2013

ကရုဏာ ကော်ဖီ တစ်ခွက်

coffee-13-feb(၁)
၁၉၉၃ ခုနှစ် နိုဝင်ဘာလမှာ ယူကေနိုင်ငံ ပီတာဗရာမြို့ကနေပြီး မြောက်ဘက် စကော့တလန်ရွှေ့ရ တယ်။ ကျွန်တော့်ရင်ထဲ အိပ်မက်မက်ခဲ့တဲ့ အက်ဒင်ဗရာ မြို့တော်ဆီ။ သူငယ်ချင်းဆန်းလွင်က ခေါ်ပေးလို့။ ကျွန်တော်တို့တုန်းက ယူကေသွား။ ဟိုက ဆေးရုံကြီးတစ်ခုခုက သမားတော်ကြီး တစ်ယောက်ယောက်ဆီမှာ attachment ယူပြီး လက်တွေ့သင်တန်းဆင်းကြရတယ်။ သူတို့
အလုပ်လုပ်ရာ နောက်တကောက်ကောက် လိုက်ကြည့်။ လေ့လာ။ လိုရင်ဝင်လုပ်အားပေး။ တာဝန်မယူရ။ ကိုယ်တိုင်ဆုံးဖြတ် ၀င်လုပ်ခွင့်မရှိ။ လေ့လာသူ အဆင့်ပါပဲ။ ဘာဆေးမှ ပေးခွင့်မရှိ။ ဘာလက်မှတ်မှ ထိုးခွင့်မရှိ။ တာဝန်မယူရတော့ ကောင်းသလိုလို ရှိပေမယ့် လူနာအခြေအနေ သုံးသပ်တာ ဆုံးဖြတ်တာကိုယ်တိုင်ကိုယ်ကျ မလုပ်ရလေတော့ တတ်ကျွမ်းမှုက စီးစီးပိုင်ပိုင်မရှိဘူး။ ဒါထက် ပိုအရေးကြီးတာက ပိုက်ဆံမရဘူး။ အဲဒီတုန်းက ကျွန်တော်တို့ ပညာသင်တွေကို နိုင်ငံတော်က တစ်ယောက် စတာလင်ပေါင် ငါးထောင်ပေးပြီး လွှတ်လိုက်တာလေ။ ပိုက်ဆံမကုန်ခင် အချိန်မီအလုပ်ရရင်တော့ အိုကေပေါ့။ နို့မို့လို့ကတော့ ဟိုအဝေးမှာ လိပ်ကလေး ပက်လက်ကယ်လန်ပေါ့။ ဒါကြောင့် ပိုက်ဆံအကြောင်း ပြောရတာ။
ကျွန်တော် ယူကေကို သြဂုတ်လ ရောက်သွားတယ်။ စစချင်းပီတာဗရာ ဆေးရုံက ဆရာဒေါက်တာ ဦးခင်မောင်မြင့်အောက်မှာ လက်တွေ့ဆင်းရတယ်။ သူက မြန်မာနိုင်ငံက ထွက်သွားပြီး ဟိုမှာ အလုပ်လုပ်။ စာမေးပွဲတွေ အဆင့်ဆင့်အောင်ပြီး အဲဒီဆေးရုံကြီးမှာ သမားတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ မန္တလေး ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ဖူးပြီး မန္တလေးကို တော်တော် သံယောဇဉ်ရှိတယ်။ မန္တလေး ဆေးကျောင်းထွက်တွေ ယူကေပညာသင်လာနိုင်ဖို့ သူနိုင်သလောက်ကူတယ်။ သူ attachment ပေးထားတာ အဲဒီအချိန်က တော်တော်များတယ်။ သူကလည်းတပည့်တွေ တရုန်းရုန်းနဲ့ ပျော်လို့။ ဒါပေမယ့် သူ့ဆေးရုံမှာ သူ့တပည့် ကျွန်တော်တို့တစ်တွေ အနေအစားမတတ်တာ အနေအထိုင်မတတ်တာတွေကြောင့် သူ ကြားကကသိကအောက် ဖြစ်ရတာတွေလည်း မနည်းလှဘူး။ ကျွန်တော်က ဒီတပည့်ကျော်စာရင်းမှာ ထိပ်ဆုံးကပါတယ်။ ရောက်ရောက်ချင်း မကြာခင်တစ်ရက်မှာ ဆေးကုမ္ပဏီတစ်ခုက ကျင်းပတဲ့ ဟောပြောပွဲတစ်ခု ဆေးရုံနေ့လယ်စာစားချိန်မှာ လုပ်တယ်။ ကျွန်တော်တို့အတွက်က ပွဲတော်ကြီးပေါ့။ နေ့လယ်စာဖိုး လွတ်တဲ့နေ့ပေါ့။ ကျွန်တော်က တွေးရင်း ငေးရင်း အနားကပ်ထိုင်နေတဲ့ အဖြူဆရာဝန်မလေးလှမ်းပေးတဲ့ မုန့်ပန်းကန်ကို မမြင်မိဘူး။ ဒါနဲ့ ကောင်မလေးက ပန်းကန်ပြန်ချလိုက်သတဲ့။ ဒါက ဆရာပြန်ပြောလို့ သိရတာ။ ဆရာက ကြားထဲက ကျွန်တော့်ကို နားရင်းအုပ်ချင်လှပေါ့။ ဒါမျိုးတွေက အများကြီး။ ဆရာ့ခမျာ သူခေါ်ထားတဲ့ မြန်မာဆရာဝန်တွေ လူရေးမညံ့စေချင်ရှာတာ။
ဆရာက လူတစ်မျိုး။ သူက အရာရာကို စနစ်တကျ အကွက်ကျကျ စဉ်းစားတတ်သလို လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်သူလည်း ဖြစ်တယ်။ သူ့မှာ စိတ်ကူးယဉ်တာမရှိဘူး။ စိတ်လှုပ်ရှားတာ သိပ်မတွေ့ရဘူး။ စိတ်ခံစားမှု ရှိတယ်ဆိုရင်လည်း အဲဒါသူ့ဆုံးဖြတ်ချက်ကို မနှောင့်ယှက်စေရဘူး။ ကျွန်တော်တို့ ရောက်စက အိမ်လွမ်းလို့ ပြန်ချင်ကြောင်း သူ့ရှေ့မှာ ညည်းညူမိရင် သူက ချက်ချင်းဆိုသလိုပဲ ''ဟေ.၊ ပြန်ချင်ရင် အခုပြန်ကွ။ မင်းတို့ ဒီလာဖို့ ငါခေါ်တာမဟုတ်ဘူး။ မင်းတို့ လာချင်တယ်ဆိုလို့ ငါခေါ်ပေးရတာလို့ ပြောတတ်လေတော့ နောက် ပိုင်း ဆရာ့ရှေ့ အသံထွက် မညည်းညူတော့ဘူး။ ကျွန်တော်တို့က သူချော့လေမလားလို့ သွားချွဲတာ။ ကျွန်တော်တို့ စကားစချီကတည်းက သူဆီးပြီး နှင်လွတ်လိုက်လို့ အားလုံးကျွတ်ကုန်တာ။ သူက ဒီလိုလူ။ သူ ဂျာမနီနိုင်ငံ ဘာလင်မှာ အစည်းအဝေးသွားတက်ပြီး ပြန်အလာ ကျွန်တော်က ဘာလင်တံတိုင်းကြီး သွားကြည့်ခဲ့သေးလား မေးတော့ ဟေ့ကောင်ရ။ အုတ်ပုံ ကျောက်ပုံကြီး ဘာသွားကြည့်စရာ ရှိသလဲကွတဲ့။ သေရော။ ဒါဖြင့် ဆရာ အားတဲ့အချိန် ဘာလုပ်သလဲ ဆက်မေးတော့ သူက အေးအေးသက်သာပဲ ''ငါတော့ဟိုတယ်မှာ အိပ်နေလိုက်တာပဲ''တဲ့။ မေးမိတဲ့ ကျွန်တော် လွန်သနော် ဖြစ်သွားခဲ့ရ။
ဆရာက စက်တွေ အင်မတန် စိတ်ဝင်စားတယ်။ သူ့ကား သူကိုယ်တိုင် ပြင်တယ်။ အပျော်တမ်း ရေဒီယို ချစ်သူများအဖွဲ့ဝင်။ တစ်ကမ္ဘာလုံးက အဖွဲ့ဝင်တွေနဲ့ လှည့်ပတ် စကားစမြည်ပြောတယ်။ တစ်ညနေ''ငါ ခုနကပဲ ဂျော်ဒန်ဘုရင်ဟူစိန်နဲ့ စကားပြောလာတာကွ''လို့ ပြောတာကြားရတယ်။ သူ့ဆေးရုံ ကွန်ပျူတာ ကော်မတီမှာ သူက ဥက္ကဋ္ဌ။ သူ့အိမ်မှာ ကွန်ပျူတာ တစ်ပတ်ရစ်တွေ ပေါမှပေါ။ ဒီကွန်ပျူတာ တစ်လုံးတစ်လုံး ဘယ်လောက်ပေးရမယ် မင်းတို့ ထင်သတုန်းလို့ သူတစ်ခါမေးတာ ကျွန်တော်တို့ မဖြေနိုင်ဘူး။ သူပြောတဲ့ဈေး ကျွန်တော်တို့ မယုံနိုင်ဘူး။ တစ်လုံးမှ တစ်ပေါင်ပဲ တန်သတဲ့။ ငါက ဆေးရုံ ကွန်ပျူတာ ဥက္ကဋ္ဌလေကွာ။ ဆေးရုံက ဒိတ်အောက်တဲ့ ကွန်ပျူတာတွေ ထုတ်ရောင်းဖို့ လေလံပစ်ရတာ ငါက တစ်ပေါင်နဲ့ လေလံဆွဲထားတာ''တဲ့။ ဒီဒိတ်အောက် ကွန်ပျူတာတွေကို ဟိုက လူတွေ ဘယ်သူမှ အလုပ်ရှုပ်ခံပြီး အိမ်သယ်သွားဖို့ မကြိုးစားလေ ကျွန်တော်တို့တစ်တွေအတွက်တော့ စာရိုက်ဖို့ လေ့ကျင့်ဖို့ အသုံးတည့်လှလေပေါ့။
တစ်ခါက ဆေးရုံဆရာ့ အခန်းမှာ လျောက်ကြည့်ရင်း Mensa နဲ့ ဆိုင်တဲ့ စာအုပ်တစ်အုပ် သွားတွေ့တယ်။ အဲဒါနဲ့ ဟိုဟိုဒီဒီ ကောက်လှန်ကြည့်မိ။ ဒီအဖွဲ့က ဉာဏ်ရည် ပြကိန်း (IQ) သိပ်မြင့်တဲ့ သူတွေရဲ့ အဖွဲ့အစည်း။ အိုင်ကျူ ၁၃၀-၁၄၀ ကျော်တဲ့ သူတွေသာ ၀င်ခွင့်ရတာ။ စာအုပ်အကြောင်း ဆရာ့ကို စကားစကြည့်တော့ သူက အဲဒီအဖွဲ့ဝင် ဖြစ်နေတာ အံ့သြဖွယ်ရာ သိရှိလိုက်ရပါတော့တယ်။ သူကပေါ့ပေါ့ပါးပါးပဲ'' ဘာလဲ. . . မင်း IQ test ဖြေချင်သလား။ ငါစီစဉ်ပေးမယ်''တဲ့။ကျွန်တော့်မှာ ကဗျာကသီ ငြင်းလိုက်ရတာ။ ဒီလို စာမေးပွဲက တွေးတာနဲ့တင် ချွေးပြန်ရတဲ့ စာမေးပွဲတွေ။
(၂)
ဆရာ့ဆီနေရတာ မြန်မာတွေ ကြားနေရတာဆိုတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် တခြားနေရာတွေမှာ clinical attachment ရရင် ကျွန်တော် အတွေ့အကြုံသစ် ရအောင်သွား စမ်းကြည့်ချင်သေးတယ်။ ဆရာ့ဆီမှာ မြန်မာတွေများလာတော့ ဆရာ့အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်လာမှာလည်း တစ်ဖက်က စိုးရပြန်ရော။ ဆရာ့ဆီမှာ ယူကေဆေးကုသခွင့် လိုင်စင်စာမေးပွဲ လာဖြေတဲ့လူတွေလည်း ရှိသေးတာ။ မြန်မာဒုက္ခသည် စခန်းကျလို့။ ဒီလိုအချိန် အက်ဒင်ဗရာရောက်နေတဲ့ ဒေါက်တာဆန်းလွင်က သူ attachment ရတဲ့ Royal Infirmary of Edinburgh (RIE) မှာ လေ့ကျင့်သင်ယူရင်း အမ်အာစီပီ စာမေးပွဲ အောင်မြင်သွားပြီဖြစ်ကြောင်း၊ ယခုသူ့ attachment နေရာလစ်လပ်သွားကြောင်း၊ ကျွန်တော်စိတ်ဝင်စားရင် အဲဒီနေရာအတွက် သူ့ဆရာကို ပြောပေးလို့ ရနိုင်ကြောင်း၊ စသဖြင့် ဖုန်းဆက်လာပါတယ်။ ကျွန်တော်ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။

ဆေးရုံမှာ ကိုယ်တစ်နိုင် လုပ်နိုင်တာလေးလုပ်ပြီး မွေးစားနိုင်ငံကို ကျေးဇူးတုံ့ပြန်မိတယ်။ လူနာတွေနဲ့ အချိန်ယူ စကားပြောတာ။ ကိုယ်နိုင်သလောက် ၀င်ကူတာ။ ဆေးရုံလျှောက်လမ်းတွေမှာ မလိုလဲလိုလဲ ထွန်းထားတဲ့ မီးတွေ သွားရင်းလာရင်း ပိတ်ပေးသွားတာ  . . .
ဒီလိုနဲ့ဆောင်းအစမှာ ကျွန်တော် အက်ဒင်ဗရာ မြေခြေချဖြစ်တယ်။ အက်ဒင်ဗရာဆောင်းက ကျွန်တော့်ကို ခပ်ကြမ်းကြမ်း ပွေ့ဖက်မွှေ့ရမ်းလိုက်တယ်။ ရထားဝေဗာလီဘူတာ ၀င်ကတည်းက ပြဿနာစပြီ။ ပစ္စည်းတွေ ကူချမယ့်သူ တစ်ဦးမှ မတွေ့ရ။ ဒါနဲ့ ဇနက္ကထုံး နှလုံးမူပြီး ပစ္စည်းတွေ တစ်ဦးတည်း ကိုယ့်ဘာသာ သယ်ချ၊ တွန်းလှည်းရှာ၊ အငှားကားရှိရာ တွန်း။ တွန်းလှည်းတွန်းရင်း လာရာက ကျော်ရမယ့် ပလက်ဖောင်းတွေ့တယ်။ ကျွန်တော့်အားနဲ့ လှည်းဦးကိုပင့်တင်တာ မရဘူး။ အကြိမ်ကြိမ် ပင့်တင်ပေမယ့် လှည်းဦးက တောင့်ခံနေ။ ဒါနဲ့ ယာဉ်ထိန်းရဲ ပြေးအကူအညီတောင်းဖို့ စိတ်ကူးရပြီး အနီးအနား လိုက်ရှာတယ်။ အင်္ဂလိပ်ရဲတွေ သိပ်ကူညီတယ် ကြားဖူးနားဝက ရှိနေသကိုး။ တွေ့ပါပြီ။ ယာဉ်ထိန်းရဲကြီး။ ထောင်ထောင်မောင်းမောင်း ပခုံးကောင်းပါဘိသနဲ့။ သူ့ကို အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်းတော့ သူကနေရာက မရွေ့ဘဲ ပြန်ပြောတယ်။ ဒီဘက်မှာ ခပ်ပြေပြေဖြစ်တဲ့နေရာ ရှိတယ်။ အဲဒီယူလာပြီး မင့်လှည်း တွန်းတင်လိုက်ပေါ့တဲ့။ ဟုတ်ပ။ သူက သူ့ဂျူတီကျရာက ရွေ့လို့ဘယ်ရမတုန်း။ ဒါနဲ့ တွန်းလှည်းချန်ထားခဲ့ရာ အပြေးကလေးပြန်လာခဲ့။ လူကတော့ ဇောချွေးနဲ့ မောလှပေါ့။ ပိုမောစရာက ကျန်သေး။ လှည်းနားမှာ ရဲတစ်ယောက်ရောက်နေပြီး ကျွန်တော့် ၀န်ထုပ်ဝန်ပိုးတွေကို 'ရဲကြည့်' ကြည့်နေလေရဲ့။ လှည်းကူတွန်းပေးမယ့်ပုံတော့ မပေါ်ဘူး။ သူက 'ဒါမင်းပစ္စည်းတွေလား' တဲ့။ ဟုတ်တယ်ပြောတော့ ဘာလို့ဒီလောက်ကြာကြာကြီး လမ်းပေါ်ထားရစ်ခဲ့ရသတုန်းလို့ စပ်စုလာပါတယ်။ ကျွန်တော်က ခြေနှစ်ပေါင်ကျိုး အင်္ဂလိပ်စကားနဲ့ အကျိုးအကြောင်း ရှင်းပြလိုက်တော့ နားရှုပ်သွားတာလား၊ နားလည်သွားတာလား၊ သနားသွားတာလား မပြောတတ်ပေါင်။ သွား၊ သွား၊ လက်ပြတာနဲ့ လှည်းကိုသုတ်ခြေတင် တွန်းရပါတော့တယ်။ အဲဒီတုန်းက IRA ခေါ်တဲ့ အိုင်းရစ်မျိုးချစ်တွေက အင်္ဂလန်မှာ တစ်အုန်းအုန်း ဗုံးခွဲနေချိန်။
ဘူတာမှာ အငှားကား လွယ်လွယ်ရလို့ ၀မ်းသာအားရ တက်စီး။ မောင်းသူက အဖိုးကြီး။ ကျွန်တော်နေရမယ့် နေရာက တော်ဝင်ခွဲစိပ်ကု ဆရာဝန်များ အသင်းတိုက်က အဆောင်မှာ။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ ရုံးခန်းပျောက်လို့ ရှာရသေးတယ်။ ရုံးခန်းလိုက်ရှာတုန်း ပိုင်ဆိုင်သရွေ့ ပစ္စည်းတွေ ကားပေါ်ချန်ထားခဲ့။ မောင်းပြေးရင် ဒုက္ခ။ ကားနံပါတ် မှတ်ထားတာလည်း မရှိ။ နောက်ဆုံး ရုံးခန်းတွေ့၊ သော့ရတော့ ကားဆီပြန်ပြေး။ ကားဆရာကြီးက "မင်းတော်တော်နဲ့ ပြန်မလာတော့ ငါတောင်စိတ်ပူပြီး မင်းလိုက်ရှာသေးတယ်" လို့ ပြောဖော်ရတယ်။ ဒါနဲ့ ကားခရှင်း၊ ပစ္စည်းတွေ မနိုင်မနင်းကို သုံးထပ်မှာရှိတဲ့ မိမိနေရာ တိုက်ခန်းဆီ ဆွဲတင်ရပါတော့တယ်။ လူက အပေါ်လှေကားထစ်ကနေ နေပြီး ပစ္စည်းတွေကို တစ်ထစ်ချင်း ဆွဲဆွဲတင်ရတာ။ ဓာတ်လှေကားမရှိ။ နတ္ထိပါ အရှင်။
(၃)
နေရတဲ့အခန်းက ကျယ်ပါ့။ အပူပေးစက်ကလည်း ကောင်းပါ့။ အိပ်ရာဘေး ကပ်လျက်ရော၊ အိမ်သာထဲမှာရော။ နွေးနွေးထွေးထွေး။ မီးဖိုချောင်က တွဲလျက်။ တစ်ဖက်ခန်းနဲ့ မျသုံးရတာ။ တစ်ဖက်ခန်းက လူမရှိတာလား၊ မီးဖိုချောင် မသုံးတာလား မပြောတတ်ဘူး။ တစ်ခါမှ သုံးတာမတွေ့ရဘူး။ အဲဒီတော့ ကျွန်တော်တစ်ယောက်တည်း စိတ်တိုင်းကျ ချက်ပြုတ်စားသုံးပေရော့။ မီးဖိုချောင် အပိုင်စားရပြီ။ မီးဖိုက ဓာတ်ငွေ့သုံး။ ဒီတော့ ချက်ပြုတ်ပြင်ဆင်ရတာ လွယ်တယ်။ ကော်ဖီသောက်မလား၊ ကြက်ဥကြော်မလား။ တကယ်ကလည်း ဒါပဲလုပ်တတ်တာ။ အားတိုင်း အိမ်သတိရတိုင်း တစ်ခုခု လုပ်စားနေမိတော့တယ်။ နောင်ဆေးကျမ်းတွေမှာ အ၀လွန်ခြင်းအကြောင်းရင်း တစ်ခုက စိတ်ညစ်ခြင်းဆိုတာ ဖတ်ရတယ်။ ဟ၊ စိတ်ညစ်ရင် ပိန်ရမှာ။ ဘယ်လိုက ဘယ်လို ၀လာရတာပါလိမ့်။ သူရှင်းထားတာက စိတ်ညစ်သူ တချို့ဟာ စိတ်ညစ်တိုင်း အစားစားပြီး ဖြေဆည်ရာ ရှာလေ့ရှိသတဲ့။ ဒီလိုဆိုတော့လည်း ဟုတ်ပေသား။
ဟိုမှာ ကော်ဖီ လက်ဖက်ရည်ထုပ်တွေက ပေါမှပေါ။ ပေါင်မုန့် အဖြူကလည်း ဈေးချိုပါ့။ ပေါင်မုန်ကြမ်းလို့ ကျွန်တော်တို့သိတဲ့ ပေါင်မုန့်ညိုက ဈေးကြီးတာ။ ဖျော်ရည်ချိုဘူးကြီးတွေကလည်း တကယ့်ပေါမှပေါပဲ။ မြန်မာပြည်က ငတ်ပြတ်လာတဲ့ ကျွန်တော်တို့လို ကောင်တွေ ဒီလိုပေါချောင်ကောင်း အစာတွေ လွှတ်တွယ်ကြတာ။ အက်ဒင်ဗရာမှာ ဆေးရုံကြီးသွား၊ လူနာကြည့်၊ စာဖတ်၊ သူငယ်ချင်းနဲ့ စာငြင်း၊ အားရင် အပြင်ထွက်လမ်းလျောက်၊ အားရင် အိမ်သတိရရင် တစ်ခုခုလုပ်စား အနည်းဆုံး ကော်ဖီဖျော်သောက်။ မနက်ပိုင်း ဆေးရုံသွားပြီး ညနေခင်း ပြန်လာရင် အခန်းထဲ သန့်ရှင်းသပ်ရပ်နေတာ တွေ့ရတယ်။ အစက အမှုမဲ့ပဲ။ ဘယ်သူလာရှင်းပါလိမ့်။ ပုံပြင်ထဲကလို လူယောင်ဆောင်ထားတဲ့ နတ်သမီးတော့ မဟုတ်လောက်ဘူး။ နောင်ဖြတ်သွားဖြတ်လာ ဆုံမိတော့မှ စကော့အမျိုးသမီး အိမ်စိုးမကြီးတွေကို မြင်ဖူးသွားတယ်။ ဒါပေမယ့် ကျွန်တော့်အခန်း သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးကိုတော့ တည့်တည့် မတွေ့ဖူးသေး။ အမျိုးသမီးကြီး ပြောရတာက သူတို့က ၀၀ဖိုင့်ဖိုင့် လုံးလုံးကြီးတွေ။ လမ်းလျောက်ရင် အိပဲ့အိပဲ့။
ကျွန်တော့်အခန်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဖြူဖြူစင်စင်ဖြစ်အောင် နေ့စဉ်လုပ်ပေးနေသူကို ဘယ်လိုတုံ့ပြန်ရမလဲ။ ကိုယ့်ကို ခေတ္တမွေးစားထားပြီး ပညာသင်ပေးတဲ့ နိုင်ငံရဲ့ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ။ ဒါနဲ့ ကျွန်တော်ဆေးရုံသွားခါနီးတိုင်း စာရွက်လေးပေါ်မှာ ကော်ဖီတစ်ခွက် ဖျော်သောက်ပါ။ အအေးဒဏ်ကို ကော်ဖီတစ်ခွက်နဲ့ ရင်ဆိုင်ပါ။ (Brave the cold with a cup of coffee!) လို့ ရေးပြီး မီးဖိုချောင်နံရံမှာ ကပ်ခဲ့တယ်။ (စာရွက်က ကော်ပါပြီးသား)။ သန့်ရှင်းရေးလာလုပ်တဲ့ မိန်းမကြီးကို ရည်စူးတာ။ ညနေ ဆေးရုံက ပြန်လာရင် စာရွက်ပေါ်မှာ သူက "ကျေးဇူး" လို့ရေးထားတာ တွေ့ရတယ်။ ဒီလိုနဲ့ ကျွန်တော်က အကြောင်းအရာ တစ်ခုခု ရှာရှာရေးပြီး ထားထားခဲ့တယ်။ သူက တစ်ခါတစ်လေ ပြန်ရေးတယ်။ ဆေးကုမ္ပဏီပြခန်းက ရလာတတ်တဲ့ ဘောလ်ပင်လေးတွေ တိုလီမုတ်စတွေကိုလည်း မီးဖိုချောင်မှာ သူ့အတွက် လက်ဆောင်အဖြစ် ထားခဲ့လေ့ရှိတယ်။ ဒီလိုနဲ့ စာမေးပွဲဖြေချိန် ရောက်လာပါတယ်။ ရေးဖြေအောင်ပြီးလို့ လက်တွေ့ဖြေရတဲ့ ပွဲပါ။ ကျရှုံးသူ များလှတဲ့ နာမည်ကြီး စာမေးပွဲပါ။ အင်္ဂလန်နဲ့ စကော့တလန်နယ်စပ် Melrose မြို့အနီးBorder's General Hospital မှာ ဖြေရမှာ။ စာမေးပွဲဖြေဖို့ မသွားခင် မနက်သူ့ကို ကျွန်တော့်အတွက် ဆုတောင်းပေးဖို့အကြောင်း စာရေးပြီး မှာခဲ့ဖို့ရာ ကျွန်တော်မမေ့ခဲ့တာကလည်း ခုထိမှတ်မှတ်ရရ။ ကျွန်တော်ညပြန်ရောက်တော့ မီးဖိုချောင် ပြေးကြည့်လိုက်မိ။ ဟုတ်တယ်။ သူ့ဘက်ကလည်း မပျက်မကွက် တာဝန်ကျေရှာတယ်။ ကျွန်တော် စာမေးပွဲအောင်ဖို့ ဘုရားသခင်ကို ဆုတောင်းကြောင်း။ သူတို့ ည၀တ်ပြုရာမှာလည်း သတိရမယ့်အကြောင်း။ ကျွန်တော်အမောပြေသွားခဲ့။
ဆေးရုံမှာ ကိုယ်တစ်နိုင် လုပ်နိုင်တာလေး လုပ်ပြီး မွေးစားနိုင်ငံကို ကျေးဇူးတုံ့ပြန်မိတယ်။ လူနာတွေနဲ့ အချိန်ယူ စကားပြောတာ။ ကိုယ်နိုင်သလောက် ၀င်ကူတာ။ ဆေးရုံလျှောက်လမ်းတွေမှာ မလိုလဲလိုလဲ ထွန်းထားတဲ့ မီးတွေ သွားရင်းလာရင်း ပိတ်ပေးသွားတာ။
(၄)
အက်ဒင်ဗရာမှာ နေတုန်း တစ်ညနေ တက္ကသိုလ်စာကြည့်တိုက်ဖက် လျှောက်သွားတယ်။ ဆေးပညာ ဂျာနယ်ဖတ်ဖို့။ ပြီးတော့ ပျင်းပျင်းနဲ့ စာကြည့်တိုက် လျှောက်မွှေချင်လို့။ အဲဒီမှာ မြန်မာပြည်က ရောက်လာတဲ့ ဆရာကြီးတစ်ဦး သွားတွေ့တယ်။ သူလာတာက တော်ဝင်သမားတော်အဖွဲ့နဲ့ တွေ့ဆုံဆွေနွေးဖို့ရော၊ ကျွန်တော်တို့ ပညာသင်တွေရဲ့ အခြေအနေ လာကြည့်တာရော၊ သူတို့ ဆေးရုံကြီးတွေမှာ မြန်မာဆရာဝန်တွေ clinical attachment ရဖို့ရာရော။ ဆရာကြီးလည်း ၀မ်းသာ ကျွန်တော်လည်းပျော်။ ဆရာကြီးက ရာသီဥတုနဲ့ ကျင့်သားမရသေးတော့ ချမ်းနေပုံရတယ်။ လက်ဖ၀ါးအချင်းချင်း မနားမနေပွတ်လို့။ သူတည်းတဲ့ အိမ်ကတပည့်က သူ့ဆေးခန်းအသွား စာကြည့်တိုက် ၀င်ချထားခဲ့တာ။ တပည့်က မြန်မာပြည်ကလာပြီး ဒီမှာကြီးပွားနေတာ။ ဆရာက ဒီအနီးအနား ကော်ဖီဆိုင် ရှိသလားတဲ့။ ကျွန်တော် ဘယ်သိပါ့မလဲ။ ကျွန်တော်တို့ အခြေအနေက အက်ဒင်ဗရာ ကော်ဖီဆိုင် ၀င်ထိုင်နိုင်လောက်အောင် ဘဏ္ဍာရေး အခြေအနေ ခွင့်မပြုသေးချိန်။ ဒါနဲ့ ကျွန်တော့်တိုက်ခန်းက လမ်းလျှောက်သွားဖို့ လွယ်ကူကြောင်း၊ ကော်ဖီအလွယ်တကူ ဖျော်သောက်နိုင်ပါကြောင်း ဆရာ့ကို ဖျောင်းဖျပြီး ခေါ်လာခဲ့တယ်။
ဆရာရောက်တော့ မီးဖိုချောင်ဝင်ထိုင်။ ကျွန်တော် ရေနွေးအိုးတည်တာကြည့်။ ကော်ဖီဖျော်မယ်လုပ်တုန်း ထလာခဲ့ပြီး သူပေါင်မုန့် မီးကင်မတဲ့။ ဒါနဲ့ အကုန်ပြီးစီးသွားတော့ ထွေရာလေးပါးပြောရင်း ကော်ဖီသောက် ပေါင်မုန့်စား။ ဆရာက ခပ်သုပ်သုပ်စားသောက်ပြီး ပြန်မှဖြစ်မတဲ့။ တော်တော်ကြာ ဆေးခန်းအပြန် ၀င်ကြိုမဲ့ တပည့် သူ့မတွေ့လို့ အိမ်ပြန်သွားခဲ့ရင် သူဒုက္ခရောက်လိမ့်မတဲ့။ ဟုတ်တာပေါ့။ တစ်ပြည်တစ်ရွာမှာ ညကြီးမင်းကြီး ပြန်ရမဲ့ အိမ်ရှာရတာ မနည်းမနော ဒုက္ခပေပေါ့။ ကျွန်တော့်တိုက်ခန်းကနေ ခုနလာလမ်းအတိုင်း စာကြည့်တိုက် ပြန်တတ်သလားမေးတော့ ဆရာက အစက ရပါတယ်တဲ့။ ကျွန်တော်က ဘယ်ကဘယ်လိုသွား ဘယ်ကဘယ်လိုချိုး ပြောပြလိုက်ခါမှ မျက်စိရှုပ်နားရှုပ် သွားလေသလားမသိ။ ဆရာ့ကြည့်တော့ ခပ်အိအိ။ ဒါနဲ့ ကျွန်တော်ကိုယ်တိုင် အက်ဒင်ဗရာ မိုးဖွဲဖွဲတစ်ည ဆရာ့ကို စာကြည့်တိုက် အပေါက်ဝ ဒုတ်ဒုတ်ထိ ပြန်ပို့လိုက်ရပါတယ်။
မြန်မာပြည် ပြန်ရောက်လို့ ဆယ်နှစ်ကျော်ကျော်အကြာ ဆရာနဲ့ အစည်းအဝေးတစ်ခုမှာ ဆုံတော့ ဒီအကြောင်း ပြန်ပြောင်းပြောမိ။ အံ့သြစရာ။ ဆရာ ဒီအကြောင်း လုံးဝမမှတ်မိတော့ပါတဲ့။ ဆရာ တမင် မမှတ်မိချင်ယောင် ဆောင်စရာ ဘာအကြောင်းမှ မရှိဘူး။ သူတကယ် မမှတ်မိရှာတာပါ။ ဒါကို ကျွန်တော်ယုံတယ်။
ကျွန်တော်လည်း ကိုယ့်ဆရာသမား ကိုယ့်အကြီးအကဲ တိုက်ခဲ့တဲ့ ကော်ဖီခွက်တွေကို တခုတ်တရ မှတ်မိနေခဲ့ပြီး ကိုယ့်တပည့် ချစ်ချစ်ခင်ခင် တိုက်ခဲ့တဲ့ ကော်ဖီဘယ်နှခွက်ကို မေ့လျော့နေခဲ့ပါလိမ့်။
EMG

No comments:

Post a Comment