| |
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန်
ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း
ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ်
ရဲစခန်းက ပြောသည်။
ယမန်နေ့မနက်ပိုင်းက ဘန်းကန် ရဲဘက်စခန်းက စိုက်ပျိုးရေးခြံတခုတွင်
မြက်ရှင်းနေရာမှ အဆိုပါ ရဲဘက် ၈ ဦး ထွက်ပြေး သွားခြင်း ဖြစ်ရာ ၃ ဦးကို
ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ဦးလွတ်မြောက်သွားကြောင်း ရပ်စောက်မြို့နယ်
ရဲစခန်းမှ စခန်းမှူး ဦးမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။
“သူတို့ကို ပေါင်းရှင်းလုပ်အားပေး ခိုင်းနေရာကနေ
ထွက်ပြေးသွားတာလို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေက
တော့ရှာလို့မရဘူး၊ ကျနော်တို့လည်း မနေ့က ဝိုင်းလိုက်ပေးသေးတယ်၊
မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ”ဟု ဦးမြင့်ကျော် က ပြောသည်။
ထွက်ပြေးကြသူများမှာ မူးယစ်မှုဖြင့် တောင်ကြီးခရိုင်နှင့် လွိုင်လင်
ခရိုင်များမှ တောင်လေးလုံး ထောင်တွင် ပြစ်ဒဏ်ကျခံ နေသူများ ဖြစ်ပြီး
၎င်းတို့ကို ဘန်းကန် ရဲဘက်စခန်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေး
ခြံလုပ်ငန်းများတွင် တာဝန်ပေး ခိုင်းထားရာမှ အုပ်စုလိုက် ထွက်ပြေး
သွားခြင်းဖြစ်ကြောင်း သိရသည်။
ထို ရဲဘက်များသည် ပင်းတယမြို့နယ်ဘက်သို့ ထွက်ပြေးသွားကြောင်း ၎င်းတို့
အနေဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ဒေ သ ခံများနှင့်
ဆက်သွယ်ဆောင်ရွက်ထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ရပ်စောက် ရဲ စခန်းမှူး
က ပြောသည်။
“အရင်တုန်းက ဒီလိုရဲဘက်တွေပြေးတာ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ
ရှိဖူးတာဗျ၊ အခုဟာကတော့ အုပ်လိုက်ကြီး ပြေး တာဆိုတော့ နည်းနည်းလေး
ဟော့သွားတာပေါ့ဗျာ၊ အထက်က လူကြီးတွေကလည်း လိုက်ရှာ ဆိုတော့ ကျနော်တို့လည်း
ရှာပေးရ တာပေါ့”ဟု ဦးမြင့်ကျော် က ပြောဆိုသည်။
ရပ်စောက် ရဲစခန်းအနေဖြင့် ထွက်ပြေးသူများ၏ အချက်အလက်များကို
ဘန်းကန်ရဲဘက် စခန်းမှတောင်းယူကာ အထက်ကို တင်ပြ မည် ဖြစ်ကြောင်းလည်း
ပြောသည်။
ပြန်လည်ဖမ်းဆီးရမိသူ ၃ ဦးကိုတော့ ရပ်စောက် ရဲစခန်းတွင်
ရဲဘက်ပြေးမှုဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်
ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းတွင် အကျဉ်းထောင်ပေါင်း (၄၃) ခုရှိပြီး ရဲဘက်စခန်းပေါင်း (၅၀) အထက် ရှိမည်ဟု နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ခန့်မှန်းပြောဆိုထားသည်။
ဧရာဝတီ
No comments:
Post a Comment