Friday, June 7, 2013

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၂)

ကျွန်တော်တို့တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် စစ်သည်တစ်ဦးတည်းကိုသာ မဟုတ်ဘဲ စစ်သည်၏ဇနီး၊ မှီခိုသူမိသားစုဝင်တွေ၊ စစ်သည်ရဲ့မိဘတွေကိုပါမကျန် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခမဲ့ ဆေးကုသမှုတွေကို လုပ်ဆောင်ပေးပါတယ်။ တပ်မတော်မှ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ၊ အခမဲ့ဆေးကုသမှုတွေပေးသလိုတပ်ရင်းများအလိုက်လည်း ငွေကြေးထောက်ပံ့မှုတွေလည်းဆောင်ရွက်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိသားစုများကို တပ်ရင်းအနေဖြင့် ထောက်ပံ့သလို တပ်ရင်းမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှလည်း ထောက်ပံ့မှုတွေပေးပါတယ်။ ဒါ့အပြင် ကျွန်တော်တို့စစ်သားများဟာ နေ့ညမပြတ် တာဝန် ထမ်းဆောင်ရတာဖြစ်တဲ့အတွက် ကျန်းမာရေးထိခိုက်မှုများလည်း ဖြစ်တတ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ အနေနဲ့ ကြံ့ကြံ့ခိုင် ကျော်လွှားခဲ့ကြရပါတယ်။ အဲ့ဒီအပြင် ကျွန်တော်တို့စစ်ဆင်ရေးမှာရှိတဲ့ ကျေးရွာများက ပြည်သူလူထုရဲ့ ကျန်းမာရေး အခက်အခဲ များကိုလည်း ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရပါတယ်။ ကူးစက်ရောဂါ ဖြစ်ပွားတာတွေ ၊ မီးမဖွားနိုင်တာတွေအားလုံးကို  ကျွန်တော်တို့မှတစ်ပါး မည်သူမျှ ကူညီစောင့်ရှောက်ပေးမည့်သူ မရှိဘူးဆိုတာ ဒေသခံတိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ပဲ အသိဆုံးဖြစ်ပါတယ်။
   ဒါတင်မဟုတ်သေးဘဲ ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် တပ်မတော်သားများရဲ့ လူသား စွမ်းရည်မြင့်မာရေးဟာ အရေးကြီးပါတယ်။ ဒါကြောင့်လဲ ခေတ်မီလက်နက်ပစ္စည်းကိရိယာတွေ ကိုင်တွယ် ပစ်ခတ် ထိန်းသိမ်းနိုင်ဖို့ စာမတတ်ရင်မရတဲ့ အခြေအနေမှာ စစ်သည်များရဲ့ ပညာရည်မြင့်မာရေး၊ အရာရှိများ စွမ်း ဆောင်ရည် မြင့်မားရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်သလို တဖက်မှလည်း ကျွန်တော်တို့ရဲ့ သားသားမီးမီးတွေ ပညာတတ်မြောက်ပြီး တိုင်းပြည် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် တပ်ရင်း/တပ်ဖွဲ့အလိုက် ၀ိုင်းဝန်း ဆောင်ရွက်ကြ ရတာပဲဖြစ်ပါတယ်။ အခုဆိုရင် ဇွန်လထဲကို ရောက်နေပါပြီ။ ဒီအချိန်မှာ တပ်ထဲမှာရှိတဲ့ ကျောင်းသား/ကျောင်းသူလေး တွေအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနဲ့ ကျောင်းဝတ်စုံတွေကို တပ်ရင်း အစီအစဉ်နဲ့ ထောက်ပံ့ပေးနေမယ်ဆိုတာ ကျွန်တော်မြင်ယောင်နေမိသလိုဘဲ ထူးချွန်စွာအောင်မြင်တဲ့ ကလေးများ ကိုလည်း ထိုက်ထိုက်တန်တန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အရာရှိကြီးများကိုယ်တိုင် ဂုဏ်ပြုဆုများ ချီးမြှင့်မှာကိုလည်း ကြိုတင်ဝမ်းသာ စိတ်လှုပ်ရှားနေရပြီဖြစ်ပါတယ်။
   ကျွန်တော်တို့တပ်တွေမှာ စားဝတ်နေရေးကိစ္စကို စစ်သည်များအတွက်သာမဟုတ်ဘဲ ရဲမေ၊ မှီခို၊ မိသားစုဝင် များအတွက်ပါ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့စစ်သားတွေဟာ မိမိတို့နေထိုင်ရာအရပ်ဒေသမှ ဝေးကွာတဲ့ နေရာဒေသသို့ စစ်ဆင်ရေးအရ သွားရောက်တာဝန်ထမ်းဆောင်ရပါတယ်။ အူမတောင့်မှ သီလစောင့်နိုင် ဖို့ မှီခိုသူ မိသားစုဝင်တွေရဲ့ စား၊ ၀တ်၊ နေရေးကို စိတ်အေးရအောင် တပ်ရင်း၊ တပ်ဖွဲ့များရှိ ဌာနချုပ်တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီးတွေက တာဝန်ယူစီမံဆောင်ရွက်ပေးရပါတယ်။ ကျွန်တော်တို့လို တပ်ရင်း အရာခံဗိုလ်များအနေဖြင့် မှီခို၊ ရဲမေမိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေး၊ သာရေးနာရေးကိစ္စများအပြင် စည်းကမ်းတကျ နေထိုင်ရေးအတွက်ပါ တာဝန်ယူဆောင်ရွက် ပေးရပါတယ်။
    ဧရာဝတီတပ်သားများဆိုတဲ့သူတွေကို ပြောလိုက်ချင်ပါတယ်။ ခင်ဗျားတို့ပြောတာတွေကို ကျွန်တော်တို့လို အငြိမ်းစားတပ်မတော်သား မည်သူကိုမဆိုမေးကြည့်လိုက်စမ်းပါ။ တပ်မတော်အကြီးအကဲတွေအနေနှင့် တပ်ရင်းကို လာရောက်စစ်ဆေးတဲ့အခါမှာ တပ်ရင်းရှိ စစ်သည်၊ ရဲမေ၊ မိသားစုများနှင့် စုံစုံလင်လင် ရင်းရင်းနှီးနှီး ခန်းမမှာ တစ်မျိုး၊ အိမ်ထောင်သည်လိုင်းထဲမှာတစ်ဖုံ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ စစ်သည်နဲ့မိသားစုများရဲ့ ပကတိအခြေအနေကို တွေ့ဆုံပြီး လိုအပ်ချက်များ၊ အခက်အခဲများကို ဖြေရှင်းပေးနေကြတာရော ဧရာဝတီတပ်သားများ မသိကြလေရော့ သလားလို့ ပြောချင်ပါတယ်။ ယနေ့ထုတ်လွှင့်ပြသနေတဲ့ မြ၀တီရုပ်သံနဲ့ မြ၀တီ သတင်းစာတို့ဟာလည်း တပ်မတော်သားများဘ၀နဲ့ မှီခိုသူမိသားစုများရဲ့ဘ၀များကို အတိုင်းအတာတစ်ခုအထိ ပေါ်လွင်ထင်ဟပ်စေတာ တွေ့မြင် ရမှာဖြစ်ပါတယ်။
   ကျွန်တော်ဟာ တပ်မတော်သားဘ၀မရောက်ခင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရွာတစ်ရွာမှာ မွေးဖွားခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ကျွန်တော်တပ်ထဲကိုဝင်ရောက်လာတာကလည်း ချမ်းသာ ကြွယ်ဝချင်လို့မဟုတ်ပါဘူး၊ စစ်သားဖြစ်ချင်လို့၊ စစ်တိုက်ချင်လို့ ၀င်လာတာပဲဖြစ်ပါတယ်။ ယခုအချိန်ထိ နိုင်ငံတော်နှင့် တပ်မတော်မှ ကျွေးသော အစားအစာ၊ ပေးသောအ၀တ်၊ ထားသောနေရာတို့ဖြင့် ကြီးပြင်းလာခဲ့သူပါ။ တပ်မတော်က သင်ကြားပေးတဲ့ပညာ၊ ချမှတ်ထားတဲ့စည်းကမ်းအတိုင်း နေထိုင်လာခဲ့တဲ့အတွက် စစ်သက် ၂၀ အတွင်း စစ်မှုထမ်းကောင်းတံဆိပ်၊ စစ်သက် ၃၅ နှစ်မှာ သင်္ဂဟဘွဲ့တံဆိပ်တို့ကို နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရပြီး စည်းကမ်းကောင်းသော၊ တာဝန်ကျေပွန်သော တပ်မတော်သားကောင်းတစ်ယောက် အဖြစ် ကျွန်တော့်ကို ကျွန်တော် အမြဲဂုဏ်ယူကျေနပ်နေမိပါတယ်။
   အညာသားဖြစ်တဲ့ကျွန်တော်ဟာ ပင်စင်ယူတဲ့အချိန်မှာ  စစ်သက် ၄၁ နှစ်ရှိခဲ့ပြီး အငြိမ်းစားလစာဆုကြေး ၃၇၂၅၈၇၅ိ/ကျပ် တစ်လုံးတစ်ခဲတည်း ရရှိခဲ့ပါတယ်။ ပင်စင်လစာအနေဖြင့် လစဉ် ၉၀၉၁၇ိ/ကျပ်၊ သင်္ဂဟဘွဲ့ တံဆိပ်အတွက် လစဉ်ချီးမြှင့်ငွေ ၅၀၀၀ိ/ကျပ်၊ စုစုပေါင်း ၉၅၉၁၇ိ/ကျပ် ရရှိထုတ်ယူ ခံစားလျက်ရှိပြီး  မွန်ပြည်နယ်အတွင်းရှိ သထုံမြို့၊ သုဓမ္မ၀တီမြို့သစ်၊ စစ်မှုထမ်းဟောင်းအိမ်ရာမှာ အိမ်လေးတစ်လုံးနဲ့ အေးချမ်း သာယာတဲ့ဘ၀လေးတစ်ခုအဖြစ် ကျန်နေတဲ့ဘ၀ကို လျှောက်လှမ်းလျက်ရှိပါတယ်။ ကျွန်တော်ဒီလိုနေနိုင်တာ ဟာလည်း လူချမ်းသာတစ်ယောက်အနေအထားမျိုးနဲ့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ ကျွန်တော့်ဘ၀ကို ကျွန်တော် ကျေနပ်ပါတယ်။ ယခုအခါမှာ ကျွန်တော်အသက်ကြီးရင့်နေတဲ့အတွက် ငယ်စဉ်ကလို  တိုင်းပြည်ကို မကာကွယ်နိုင် တော့သော်လည်းပဲ တိုင်းပြည်အတွက် လိုအပ်လာလျှင် အသက်ရှင်နေသရွေ့ ရှိသမျှစွမ်းအားနဲ့ ကာကွယ်နေဦးမှာ ပါ။ နောင်ဘ၀မှာ လူဖြစ်ခဲ့ရင်လည်း စစ်သားတစ်ယောက်အဖြစ် မြန်မာပြည်ကို ကာကွယ်ချင် ပါသေးတယ်။
   ကျွန်တော် ယခုဖတ်လိုက်ရတဲ့  အယ်ဒီတာထံပေးစာမှာ ဧရာဝတီတပ်သားများ အမည်ခံပြီးတော့ တပ်မတော်အကြောင်းကို နည်းနည်းပါးပါးလေးသိရုံမျှနဲ့ တပ်မတော်ကို မျက်မှန်စိမ်းတပ်ပြီး စွပ်စွဲပုတ်ခတ်တဲ့ အရေးအသားတွေကို တွေ့ရှိနေရပါတယ်။ တပ်မတော်ဟာ “မ” တစ်ရာသားနဲ့ ဖွဲ့စည်းထားတဲ့အတွက် အားလုံးကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ မပြောလိုပါဘူး။ သို့သော်လည်းပဲ တပ်ရင်းမှူးမကောင်းလျှင် တပ်ရင်းမှူး၊ အရာရှိမကောင်းလျှင် အရာရှိ၊ အုပ်ချုပ်သူဆရာကြီးများ မကောင်းလျှင် ဆရာကြီး စသည့်ဖြင့် တိတိကျကျ ဖော်ထုတ်အရေးယူခဲ့တယ်ဆိုတဲ့ သာဓက တွေလည်းရှိပါတယ်။ နောင်လည်း မကောင်းတဲ့သူရှိရင် တပ်မတော်က တိတိကျကျ အရေးယူသွားမှာပဲဖြစ်ပါတယ်။ UNITY ဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)၊ အယ်ဒီတာထံပေးစာမှာ ဧရာဝတီတပ်သားများအမည်နဲ့ ရေးတဲ့စာကို ဖတ်ရတာ ရေးတဲ့သူဟာ တကယ့်စစ်သားမှ ဟုတ်ရဲ့လား၊ တပ်မတော်ပြိုကွဲဖို့အတွက် လုပ်ကြံရေးသားထားတာလားဆိုတာ ကျွန်တော့်အနေနဲ့  များစွာသံသယရှိမိကြောင်းနဲ့ တပ်မတော်အကြောင်း မသိနားမလည်၍ ဖတ်မိတဲ့သူများအနေနဲ့လည်း ယုံမှားသံသယ ဖြစ်ပေါ်နိုင်စရာရှိတဲ့အတွက် ကျွန်တော့်တပ်မတော်သားဘ၀နဲ့ယှဉ်၍ ဒီစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
          တပ်မတော်သားစစ်သည်တော်ဟောင်းတစ်ဦး

No comments:

Post a Comment