
ရန်ကုန်မြို့တော်အတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန် ရှိကြောင်းသိရသည်။
လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန် အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောက်လုပ်ရန်ရှိသည့် အိမ်ရာစီမံကိန်းနှစ်ခုကို လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် တင်ဒါအဆိုပြုမှု အများ ဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။
မြို့ပြအိမ်ရာစီမံကိန်းများနှင့် အဆင့်မြင့်ယာဉ်ရပ်နားစခန်းသစ်များကို အကောင်အထည်ဖော် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းကာဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား တင်ဒါများခေါ်ယူထားပြီး လက်ရှိတွင် လုပ်ငန်းရှင် ၆၆ ဦးခန့် လာရောက်တင်ဒါတင်သွင်းထားပြီးဖြစ်ပြီး ထပ်မံတင်သွင်းသူများကိုလည်း လက်ခံ ပေးသွားမည်ဖြစ်ကာမကြာမီပွင့်လင်းမြင်သာစွာ ရွေးချယ်ပေး သွားမည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ ကမာရွတ်၊ ကြည့်မြင်တိုင်နှင့် ဒဂုံမြို့သစ်(မြောက် ပိုင်း)နှင့်(အရှေ့ပိုင်း)တို့တွင် တန်ဖိုးနည်းအိမ်ရာများအား ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းဆုံရာထောင့်တွင် မြေဧက ၃ ဒသမ ဝ၆၈ ဧကနှင့် ၄၅ လမ်းထိပ် တွင် မြေဧက ၂ ဒသမ ၆၅၁ ဧကများ ပေါ်တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို တည်ဆောက်သွားရန် စီစဉ်ထားသည်။
ထို့အပြင် မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက္ကံမြို့သစ် ပုလဲလမ်း ပေါ်ရှိ မြေဧက ၁ဝ ဒသမ ၉၃ ဧကပေါ်တွင် မြို့ပြအိမ်ရာ စီမံကိန်းတစ်ခုကို တည်ဆောက်ရန် လျာထားပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရာဇဓိရာဇ်လမ်းမကြီးပေါ်တွင်မြေ ဧက ၄ဝ ဒသမ ၄၉၃ ကျယ်ဝန်းသည့် နေရာ၌လည်း မြို့ပြအိမ်ရာတစ်ခုကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မင်းရဲကျော်စွာလမ်း၌လည်းမြေ ၁၁ ဧကပေါ်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတစ်ခုကို လည်းကောင်း ဖော်ထုတ်တည်ဆောက်ပေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
ကမာရွတ်မြို့နယ် လှည်းတန်း လမ်းမပေါ်တွင်လည်း မြေဧက ဝ ဒသမ ၁ဝ၃ ပေါ်တွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ကာ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းမကြီးပေါ် တွင်လည်း ဝ ဒသမ ၃၆၄ ဧကပေါ် တွင် မြို့ပြအိမ်ရာ စီမံကိန်းတစ်ခုကို ဖော်ထုတ်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ဒါရွေးချယ်မှုများကို မကြာမီကာလအတွင်း အကောင်အထည် ဖော်သွားရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရှိရပြီးတင်ဒါတင်သွင်းမှုများတွင် အာမခံအဖြစ် စပေါ်ငွေ အမေရိကန် ဒေါ်လာ ငါးသောင်းနှင့် တစ်သိန်းအကြား သတ်မှတ်ကာ ဘဏ်များတွင် အာမခံများ တင်သွင်းထားရကြောင်း သိရသည်။
(မြန်မာ့အလင်း)
No comments:
Post a Comment