လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက်
သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။
အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး
ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့
လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို
အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့
ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ
အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့်
ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊
အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ
ဇာတ်လမ်းက စလာပါပြီ။
ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို
အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။
မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊
ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင်
ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို
ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့
မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ
သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ
ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ
အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊
အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။
ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။
အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက
တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊
အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ
ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့်
သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင်
အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း
သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို
ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ
မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။
နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့
ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ
ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို
လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊
ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။
စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း
များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့်
တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။
စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ
အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က
ခေါ်ယူစစ်ဆေးရပါတယ်။
အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့
ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က
ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက်
ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ်
ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။
ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော
သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့
သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။
သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့
စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။
မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို
ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။
မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ
သိထားဖို့ လိုပါတယ်။
ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့
သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့
နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ
ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ
ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို
မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့
ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့
ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊
အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။
နောက်ပြီး
သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင်
(chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို
ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။
ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ
အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ်
ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ
အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ
တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု
ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့်
ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့်
မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။
ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ
ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့
ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ
မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။
တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ
မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။
ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက်
မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊
ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ
အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။
ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ
ရှင်းပြပေးထားကြပါတယ်။
တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး
ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့
နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက်
အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး
အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက်
ထားကြဖို့ တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese
No comments:
Post a Comment