ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးအစိုးရအဖွဲ့
(၀န်ကြီးချုပ်)နှင့် ၀န်ကြီး တစ်ဦးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန်
လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံလက်မှတ်ရေးထိုးပြီး အဆိုတင်ထားခဲ့ကြောင်း
ယင်းကိစ္စကို ပြန်လည်ရုပ်သိမ်းဖို့ လက်ရှိအာဏာရ (ကိုယ်စားလှယ်အများစု
အစိုးရဖွဲ့ခွင့်ရ) ပါတီကြီး၏ ဗဟိုကော်မတီက အထူးအစည်းအဝေး ပြုလုပ်ပြီး
ပါတီအကြီးအကဲ လည်းဖြစ်၊
လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သော
ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ကွင်းဆင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊
သတင်းစာရှင်းလင်းပွဲ သတင်းထူးတစ်ရပ်အပေါ် စိတ်ဝင်
စားမိအတွေးချဲ့မိသည်။သတင်းအရ ပို၍ထူးခြားနေသည်မှာ
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ယင်းပုဂ္ဂိုလ်၏ ပြည်သူက
ယုံကြည်လွှဲအပ်ရွေးချယ်ခြင်းခံရသူ ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ပီသမှု၊ မိမိ
အားတာဝန်ပေးအပ်ခြင်းခံရသော ဥပဒေပြုအာဏာ ကိုင်တွယ်ကျင့်သုံးဆောင်ရွက်နေသည့်
လွှတ်တော်၏ အခန်းကဏ္ဍတွင် အချုပ်အခြာ အာဏာပိုင်ဖြစ်သူ ပြည်သူများ၏
မျက်နှာနှင့် ပြည်သူ့အရေးကို မိမိပါတီအရေးထက်ပိုမို တန်ဖိုးထားကြောင်း
ထုတ်ဖော်ဝေဖန်မှုပင် ဖြစ်ပါသည်။ အဆိုပါလွှတ်တော်ဥက္ကဋ္ဌသည် တစ်ချိန်က
တပ်မတော်အရာရှိကြီး ဖြစ်ခဲ့ပါလျက်လည်းကောင်း၊ (ယခင်) တိုင်းဒေသအဆင့်
အစိုးရအာဏာပိုင် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူဖူးသူတစ်ဦးဖြစ်ပါ
လျက်လည်းကောင်း၊ ယခုပြည်သူက ရွေးချယ်တင်မြှောက်သူကိုယ်စားလှယ်များက
အချုပ်အခြာ အာဏာကိုင်တွယ်လျက် နိုင်ငံအား အုပ်ချုပ်သော
ဒီမိုကရေစီအုပ်ချုပ်မှုစနစ်တွင် ပြည်သူ့ ကိုယ်စားလှယ်တစ်ဦးအဖြစ်
ဒီမိုကရေစီကျင့်စဉ် အနှစ်သာရပြည့်ဝစေမှုကို ထိရောက်ရဲဝံ့စွာ ဖော်ထုတ်ဝေ
ဖန်မှုအပေါ် စာရေးသူအပါအ၀င် ဒီမိုကရေစီ မြတ်နိုးစိတ်ရှိသူများအားလုံး
ဝမ်းမြောက်ဝမ်းသာ အားပေးကြိုဆိုကြမည်သာ ဖြစ်ပါသည်။
ပြည်သူများအားလုံး၏ ရင်ဘတ်များကို ထိခတ်သွားစေသော
အဆိုပါပုဂ္ဂိုလ်၏ ပြောင်မြောက်သည့် ပြောဆိုမှုများအနက်မှ
““ဘောင်ခတ်သိမ်းဆည်း””ထားသင့်သည့် စကားအချို့ကို ထုတ်နှုတ်
ခံစားကြည့်ပါလျှင်
xxx ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပါတီဝင်တွေမို့လို့
ပါတီလုပ်ငန်းနှင့်ပတ်သက် လာလျှင် ပါတီဦးဆောင်မှုကို ခံရပါတယ်။ ဒါပေမဲ့
လွှတ်တော်နှင့်ပတ်သက်လာရင် လွှတ်တော်ကို သစ္စာ ရှိရပါမယ်။ xxxx ဒါမှ
နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို မဖောက်ဖျက်ရာကျမှာဖြစ်ပါတယ်။
xxx ပါတီဟာ ယခင်လမ်းစဉ်ပါတီလို တစ်ပါတီမဟုတ်ပါဘူး။ ပါတီစုံ၊ ပါတီတွေမှာ
သူ့ပါတီဝင် သူ့ပရိသတ်သူရှိပါတယ်။ လွှတ်တော်အငြင်းပွားမှုကို
ပါတီအဆင့်ဆင့်တင်ပြပြီး ဖြေရှင်းတာဟာ ပါတီ အကျိုးကို ပြည်သူ့အကျိုးထက်
ဦးစားပေးရာရောက်ပါလိမ့်မယ်။
xxxx ပြည်သူရဲ့ဆန္ဒ၊ ပြည်သူ့အသံကို နားထောင်ရင်း လိုအပ်တဲ့မေးခွန်းတွေ
မေးတဲ့အခါ ပါတီကို တင်ပြရမယ်။ ပါတီက လက်မခံရင် မမေးရဘူးဆိုတာ စလုပ်ပါတယ်။
xxx မေးခွန်းကို ပါတီက ဒီလိုလုပ်မယ်ဆိုရင် ဒါလွှတ်တော်ဆောင်ရွက်ချက်ကို
စွက်ဖက်ကာ လူထုကိုစော်ကားတာပဲဖြစ်မယ်။ ကျွန်တော်တို့
ပြည်ခိုင်ဖြိုးပါတီဝင်များက ပြည်သူ့အကျိုးကိုဆောင်ရွက်နေတဲ့ ပြည်သူ့ဆန္ဒကို
ဖော်ဆောင်နေတဲ့လွှတ်တော်တွေကိုရော လွှတ်တော်ကိုယ်စားလှယ်တွေကိုရော
ဖိအားမပေးပါနဲ့။ လွှတ်တော်ကိုယ်စားလှယ်များကို လွှမ်းမိုးချုပ်ကိုင်မှုများ
မလုပ်ကြပါနဲ့။
အဆိုပါ စကားလုံးများသည် အချုပ်အခြာ အာဏာပိုင်ရှင်အစစ်သည် ပြည်သူဖြစ်၍
အာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီကျင့်သုံးမှု
အနှစ်သာရစစ်စစ်ကို ဗဟို ချုပ်ကိုင်မှု စနစ်ကို ဖော်ဆောင်သော ပါတီအာဏာ
ကျင့်သုံးမှုအနှစ်သာရနှင့်ခွဲခြား ရှုမြင်စေသော ပြည်သူ့ရင်မှ ပေါက်ဖွားလာသည့်
စကားလုံးများဟု တင်စားပြောဆိုရမည်ဖြစ်ပါသည်။
ဤတွင် တစ်ချိန်က (မ.ဆ.လ) တစ်ပါတီအာဏာရှင်
စနစ်လွှမ်းမိုးကြီးစိုးသော လွှတ်တော် ခေတ်တစ်ခေတ်၏ သရုပ်မှန်ဖြစ်စဉ်တစ်ရပ်ကို
စာဖတ်သူများ သတိရမိစေချင်သည်။ ၁၉၇၄ ခုနှစ်နောက် ပိုင်းကာလများက
စာရေးသူတို့နိုင်ငံတွင် လွှတ်တော်တစ်ရပ်ပေါ်ပေါက်ခဲ့ဘူးသည်။ယင်း လွှတ်တော်သည်
၁၉၆၂ ခုနှစ် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော တပ်မတော်တော်လှန်ရေး
ကောင်စီတစ်ဖြစ်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးက
တစ်ပါတီစနစ်ကျင့်သုံး ထူထောင်ခဲ့ သော ပြည်သူ့လွှတ်တော်ဖြစ်ပါသည်။
ပုံသဏ္ဍန်အားဖြင့် ပြည်သူက ရွေးချယ်တင်မြောက်သည်ဆို သော်ငြား
ယင်းလွှတ်တော်ကြီး၏ ကိုယ်စားလှယ်များသည် (မ.ဆ.လ) ပါတီဝင်ချည်းသာဖြစ်ပါသည်။
ယခု ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လွှတ်တော်မှာမူ ပါတီစုံလွှတ်တော်ဖြစ်ပြီး
ပြည်ခိုင်ဖြိုး၏ ကိုယ်စားလှယ်ဦးရေအများစှုရှိသော လွှတ်တော်ဖြစ်ပါသည်။
ထူးခြားသောအချက်မှာ တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၃ ပုံ ၁ ပုံသည်
ရွေးချယ်မှုစနစ်မဟုတ်ဘဲ လွှတ်တော်၌ ပါဝင်လာမှုဖြစ်သည်။ အဆိုပါ ၁၉၇၄ ခုနှစ်
(မ.ဆ.လ) တစ်ပါတီအာဏာရ လွှတ်တော်ကြီးသည် ထိုကာလက ပြဋ္ဌာန်းခဲ့သော ၁၉၇၄ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များဖြင့် အချုပ်
အခြာအာဏာ (၃) ရပ်ကို ယခုကဲ့သို့ပင် ကိုင်တွယ်ကျင့်သုံးဆောင်ရွက်သည်ဟု
ဆိုပါသည်။ သို့သော် (ပုံသဏ္ဍာန်အားဖြင့်) သာထိုသို့
ယူဆနိုင်ခြင်းဖြစ်ပါသည်။
ထိုခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ““နိုင်ငံတော်၏ ဥပဒေပြုမှုအာဏာသည်
ပြည်သူ့လွှတ်တော်၌သာ တည်သည်””ဟု အတိအကျပြဋ္ဌာန်း ချက်လည်း ရှိခဲ့ပါသည်။
လက်တွေ့အခြေအနေမှာမူကာ ဥပဒေပြုခွင့်အာဏာအပါအ၀င် လွှတ်တော်၏
လုပ်ပိုင်ခွင့်များမှာ လွှတ်တော်ကိုယ်စားလှယ်များလက်ဝယ် အမှန်တကယ်
မရှိခဲ့ကြောင်း ဆန်းစစ် တွေ့ရှိရမည်ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်၏ အထက်တွင်
အာဏာရှင်လူပုဂ္ဂိုလ်တစ်စု၊ တစ်ဖွဲ့က ဗဟိုဦးစီးစနစ်ဖြင့်
ချုပ်ကိုင်လွှမ်းမိုးထားကြောင်းနှင့် အဆိုပါ ဗဟိုအာဏာချုပ်ကိုင်မှုကို
““နိုင်ငံတော် ကောင်စီ””ဟူသော အဖွဲ့အစည်းတစ်ရပ်အား ဥပဒေပြဋ္ဌာန်းချက်ဖြင့်
ဗြောင်ကျကျ ထူထောင်ဖွဲ့စည်း ကာ လွှတ်တော်အား လွှမ်းမိုးချုပ်ကိုင်ထားခဲ့ခြင်း
ဖြစ်သည်ဟုလည်း တွေ့ရှိရပေသည်။ နိုင်ငံတော် ကောင်စီ ဥပဒေ (၁၉၇၄-ခုနှစ်၊
ဥပဒေအမှတ် - ၁၀)တွင် နိုင်ငံတော်ကောင်စီသည် နိုင်ငံ၏ အရေးကိစ္စ အ၀၀နှင့်
ပတ်သက်၍မူဝါဒများ လမ်းညွှန်မှုများကို ချမှတ်လုပ်ဆောင်ခွင့် ဗဟိုနှင့် ဒေသ
ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များကို
ပယ်ဖျက်ပိုင်ခွင့်များ ဆောင်ရွက်ရန် ရည် ရွယ်ဖွဲ့စည်းသည်ဟု အတိအကျ
ထုတ်ဖော်ပြဋ္ဌာန်းခဲ့သည်။ ထိုမျှမက နိုင်ငံတော်ကောင်စီဥပဒေအရ ဖွဲ့စည်းသော
နိုင်ငံတော်ကောင်စီဝင် ၂၈ ဦးဆိုသည်မှာ ထိုကာလ၏ တစ်ခုတည်းသော (မ.ဆ.လ)
ပါတီကြီး၏ ဗဟိုဦးစီး အလုပ်အမှုဆောင်များ ဖြစ်ရုံမျှမက ထိုသူအများစုမှာ
၁၉၆၂ ခုနှစ်တော်လှန်ရေး ကောင်စီအစိုးရလက်ထက် စစ်ဘက်အကြီးအကဲ
အဆက်ဆက်ပင်ဖြစ်ပြီး အဆိုပါနိုင်ငံတော် ကောင်စီ၏ ဥက္ကဋ္ဌသည် တစ်ချိန်တည်းမှာပင်
နိုင်ငံတော်သမ္မတအဖြစ် နိုင်ငံတော်၏ အထွတ်အထိပ် အာဏာရာထူးကို
ကိုင်တွယ်သူဖြစ်ပေသည်။ သို့ဖြစ်ရာ ထိုခေတ်ကာလ ပေါ်ပေါက်ခဲ့သော
ပြည်သူ့လွှတ်တော် ကြီးသည် ဥပဒေပြုအာဏာကို
ကိုင်တွယ်ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်ဟု မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်
ကောင်စီသည် လွှတ်တော်၏ သဘောဆန္ဒရယူခြင်းမရှိိဘဲ
ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (Ordinanc e)ကို တစ်ချက်လွတ်ထုတ်ပြန်နိုင်မှု
အာဏာရှိနေပေသည်။ ယင်းအချက်မှာ နိုင်ငံတော်ကောင်စီသည် ပါတီဗဟို
ဦးစီးစနစ်ဝါဒကိုအခြေခံ၍လွှတ်တော်ကို လွှမ်းမိုးချယ်လှယ်ခွင့်ရှိကြောင်း
ထင်းရှားစေသည့်ပြယုတ်တစ်ခုပင်ဖြစ် သည်။
ထိုသို့ဖြင့် ၁၉၄၇ ခုနှစ်၊
ပထမကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းတွင် “နိုင်ငံတော်ကောင်စီဥပဒေ” ဟူ သော
ဥပဒေတစ်ရပ်အား လွှတ်တော်ကပြဌာန်းပေးလိုက်ခြင်းဖြင့်
ပြည်သူကရွေးချယ်တင်မြှောက်ခြင်းခံရသူများ ပါဝင်သည်ဟု အဆိုရှိသော
ထိုခေတ်လွှတ်တော်သည် နိုင်ငံတော်ကောင်စီတည်းဟူသော (မ.ဆ.လ)ပါတီဗဟို ဦးစီး
ပုဂ္ဂိုလ်အာဏာရှင်များ၏ လက်အောက်သို့မိမိအလိုအလျောက်
သက်ဆင်းကျရောက်ခဲ့ရပေသည်။ ဤသို့ သက်ဆင်းကျရောက်မှု၊ တစ်နည်းအားဖြင့်
ဥပဒေပြုပိုင်ခွင့် အာဏာအစစ်အမှန်ကို ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်များရှိသော လွှတ်တော်ကမှန်ကန်စွာ ကျင့်သုံးခွင့်မရခဲ့ခြင်း၏
နောက်ဆုံးအကျိုးသက်ရောက်မှုရလဒ်ကား အဘယ်နည်း။ စာဖတ်သူများအားလုံး
သိပြီးဖြစ်ပါသည်။ လွှတ်တော်ကပြဌာန်းသော ဥပဒေမဟုတ်သည့် နိုင်ငံ တော်ကောင်စီက
ထုတ်ပြန်ကြေညာသော တစ်ချက်လွတ်အမိန့်(ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်) တစ်
ရပ်ကြောင့် (မ.ဆ.လ)ပါတီကြီး ပျက်စီးခဲ့ယုံသာမက တစ်နိုင်ငံလုံးပြည်သူများက
ပါဝင်ဆင်နွဲခဲ့သော လူထုဒီမို ကရေစီတိုက်ပွဲကြီးပေါ်ထွက်လာရသည် အထိပင်။
ယင်းတစ်ချက်လွတ်အမိန့်ကား အခြားမဟုတ် နိုင်ငံတော် ကော်စီဥက္ကဋ္ဌက
လက်မှတ်ထိုးထုတ်ပြန်ခဲ့သော (နစကအမိန့်အမှတ်-၄/၁၉၈၇)ဖြစ်သည့်
ပြည်သူများလက်ဝယ် ရှိကိုင်ဆောင်သုံးနေသော ရာတန်၊ ငါးဆယ်တန်အပါအ၀င် ငွေစက္ကူ ၃
မျိုးကို တရားမ၀င်ကြောင်း ကြေညာ ဖျက်သိမ်းသည့် အမိန့်ပင်ဖြစ်ပါသည်။
ဤသင်ခန်းစာယူစရာ သမိုင်းဝင်အဖြစ်အပျက်ကား
ပြည်သူများကိုယ်စားပြု၍ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခံကြရသော
ပြည်သူ့ကိုယ်စားလှယ်ကြီးများသည် တစ်ခုတည်းသော အာဏာရပါတီကြီး၏
ပါတီဝင်များဘ၀နှင့် ပါတီဝင်များအဖြစ်ကို ရှေ့တန်းတင်လျှက်
အချုပ်အခြာအာဏာပိုင်ရှင်အစစ်သည် ပြည်သူဖြစ်ပြီး၊ အချုပ်အခြာအာဏာ
(Sovereign Power) သည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော ပကတိအမှန်တရားကို
ဆန့်ကျင်၍ ပါတီ ဗဟိုကော်မတီအကြီးအကဲများ၏ လွှမ်းမိုးချုပ်ကိုင်မှုကိုခံလျှက်
ပြည်သူ့အကျိုးနှင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြ ခဲ့ကြသည့်
သမိုင်းဝင်ဖြစ်တစ်ရပ်တစ်ခုဖြစ်ပေသည်။
ဥပဒေဟူသော ဝေါဟာရ၏တရားကိုယ်သဘောတစ်ရပ်မှာ
ဥပဒေ၏ခိုင်မာရှင်သန်မှု၊ ခေတ်စနစ်နှင့်အ ညီပြောင်းလဲမှုပင်ဖြစ်သည်။ ဥပဒေ၏
ခိုင်မာရှင်သန်မှုဆိုသည်မှာလည်း ဥပဒေ၏အာဏာစက်အောက်တွင် ပြည် သူအားလုံး
တပြေးညီရှိနေခြင်းပင်ဖြစ်သည်။ သို့မှသာ လူတစ်ဦးချင်း၏ပုဂ္ဂိုလ်ရေး
လုံခြုံမှု၊ သာနာညီမျှမှုမှသည် လူ့အဖွဲ့အစည်း၊ လူ့ဘောင်လောက
တစ်ရပ်လုံး၏တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေးပြည့်ဝမှုကို အာမခံသော
အုပ်ချုပ်မှုစနစ်တစ်ရပ် ဖြစ်ထွန်းလာစေမည်ဖြစ်ပေသည်။ သို့ဖြစ်ရာ
ဥပေဒမျက်နှာကို ထောက်ရှု ဦးစားပေးခြင်းသည် ပြည်သူ့မျက်နှာကို
ထောက်ရှုဦးစားပေးခြင်းပင်ဖြစ်သည်။ ဥပဒေကို လေးစားချစ်ခင်ခြင်း သည်
ပြည်သူကို လေးစားချစ်ခင်ခြင်းပင်ဖြစ်သည်။ ဥပဒေစိုးမိုးမှုကို
ကာကွယ်စောင့်ရှောက် ခြင်းသည် ပြည်သူ့အကျိုးကို
ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ပါတီတစ်ရပ်၊ ပုဂ္ဂိုလ်တစ်ဦး၊
အဖွဲ့အစည်း တစ်ခု၏ လွှမ်းမိုးချယ်လှယ်မှုကို လက်သင့်မခံ၊ ပြည်သူ့အကျိုး
ပြည်သူ့ဆန္ဒနှင့်ညီသော ဥပဒေစိုးမိုးမှုကို လက် ခံရမည့် တာဝန်သည်
စာရေးသူအပါအ၀င် ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ပေမည်။
သို့ဖြစ်ပါမူကား ယနေ့ဒီမိုကရေစီစံနှုန်း
ပြည့်ဝစွာပေါ်ပေါက်ဖြစ်ထွန်းလာနေသော ပြည်သူ့ဒီမိုကရေစီ ကျင့်စဉ်စနစ်တွင်
ဧရာဝတီတိုင်းဒေသကြီး၏ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးခေါင်းဆောင်သော လွှတ်တော်ကိုယ်စား
လှယ်အများစုအနေဖြင့် ပြည်သူကအပ်နှင်းသော အချုပ်အခြာအာဏာကို
ကိုင်တွယ်ကျင့်သုံးရာတွင် ပြည်သူ့အ ကျိုး၊ ပြည်သူ့ဆန္ဒအတွက်သာ
ဦးစားပေးရမည်။ မိမိတို့ပါတီ အကျိုးထက် ပြည်သူ့အကျိုးကိုသာရှေ့တန်းတင်
ရမည်၊ မိမိတို့သည် ပြည်သူကရွေးချယ်တင်မြှောက်ခံရသူများပီပီ
မိမိတို့အပေါ်တွင်ဖြစ်စေ၊ လွှတ်တော်အပေါ် တွင်ဖြစ်စေ၊ ပြည်သူမှတစ်ပါး
အခြားဖိအားပေးမှု၊ လွှမ်းမိုးမှုများမရှိစေရဟူသော ရဲဝံ့ပြောင်မြောက်သည့် လုပ်
ဆောင်ချက်သည် တစ်ချိန်ကပေါ်ပေါက်ခဲ့ဘူးသော ဖြစ်ရပ်တစ်ခုနှင့်
လားရာအကျိုးသက်ရောက်မှုမတူသည့် စံ ယူဖွယ်ဖြစ်ရပ်တစ်ခုသဖွယ်
သမိုင်းတွင်ရစ်ဦးမည်ဟုဆိုချင်သည်။ လားရာမတူသော အကျိုးသက်ရောက်မှုဆို
သည်မှာ အဘယ်ဖြစ်ချေသနည်း။ ပါတီစွဲ၊ ဂိုဏ်းကဏပုဂ္ဂိုလ်စွဲမရှိ၊ ပြည်သူသာအဓိက၊
ပါတီသည် သာမညဟူ သော တွေးခေါ်ယူဆချက်များနှင့် ယင်းအတွေးအခေါ်ရှိသူများသာ
နိုင်ငံ၏အရေးပါသော နေရာကဏ္ဍများ၌ ပိုမို ပါဝင်ကာ ယင်းအတွေးအခေါ်အယူအဆများ
တစ်နေ့ထက်တစ်နေ့ပိုမိုရှင်သန်ပေါက်ဖွားလာနေမည်ဆိုလျှင် ပြည်သူများ၏
အလိုလားအတောင့်တဆုံး ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အသေအချာနှင့်
အလျင်အမြန်ရောက် လာတော့မည့် အကျိုးသက်ရောက်မှုဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။
မည်သည့်ပါတီဝင်ဖြစ်ပါစေ ပြည်သူကို သစ္စာရှိသော၊ လွှတ်တော်ကိုသစ္စာရှိသော၊
တစ်နည်းအားဖြင့် ဥပဒေကိုသစ္စာရှိသော ပြည်သူ့ကိုယ်စားလှယ် များအဖြစ်သာ
ပြည်သူ့အချုပ်အခြာအာဏာ ၃ ရပ်ကို
ထိန်းကျောင်းခွဲဝေကိုင်တွယ်ကျင့်သုံးဆောင်ရွက်သွားနိုင် မည်ဆိုလျှင်
ဒီမိုကရေစီရောင်နီဦးကာလ လွန်မြောက်တော့။ ဤခရီးကားမဝေးတော့ဟူ၍သာ။
ဦးသန်းစိုး (တရားလွှတ်တော်ရှေ့နေ)
From-သံတော်ဆင့်
No comments:
Post a Comment