
ဒါတွေကိုပြုပြင်ပြောင်းလဲဖို့ အစိုးရအဖွဲ့တွေရော၊ လွှတ်တော်တွေမှာရော အဖြေထုတ်ရှာကြံနေကြတာကို အခါအားလျော်စွာ ကျွန်တော်မြင်မိ၊ကြားမိ၊ တွေးမိနေပါတယ်။
ဒါပေမဲ့ ဒီနေ့(၇-၁၁-၂၀၁၂)ရက်နေ့ မြ၀တီသတင်းစာမှာ ဆောင်းပါးရှင် `မင်းခန့်` ရဲ့ `နောက်ကြောင်းပြန်မလှည့်လိုသူများ၏ နိုင်ငံရေးနှီးနှောဖလှယ်ပွဲ` ဆိုတဲ့ ဆောင်းပါးကိုဖတ်လိုက်ရပါတယ်။ မြဝတီသတင်းစာဆိုတာကတပ်မတော်ပိုင်တဲ့သတင်းစာဖြစ်လို့ဒီဆောင်းပါးရဲ့အာဘော်ကလည်းတပ်မတောရဲ့အာဘော်ပဲ ဖြစ်လိမ့်မယ်ဆိုတာကိုသတိထားမိပြီး ဖတ်ကြည့်ဖြစ်လိုက်ပါတယ်။ ဆောင်းပါးရဲ့ဇစ်မြစ်ကတော့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ `ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း(Administrative Reform for Good Governmance)` ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တက်ရောက်နေတဲ့ သင်တန်းသားအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်များ စတဲ့ ပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့တဲ့ `နိုင်ငံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး` ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မဖြစ်မနေလိုအပ်နေတဲ့ Good Governance စနစ် ပေါ်ပေါက်ဖို့နဲ့ နိုင်ငံတော်ကချမှတ်ဆောင်ရွက်မည့်မူဝါဒများကို အထောက်အကူပြုနိုင်ဖို့ (တနည်း အားဖြင့်ပြောရရင်) Good Governance စနစ် ဖြစ်ပေါ်လာစေရေး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ `အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Administrative Reform) လုပ်ငန်းစဉ်` အတွက် အစိုးရကို ဘာတွေလုပ်ဆောင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုသင့်တယ်ဆိုတာကို တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေရဲ့`ကောင်းမွန်သောအုပ်ချုပ်ရေးဆိုင်ရာစနစ်ကျင့်သုံးမှုနှင့်အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲခြင်း` ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေရဲ့ အားနည်းချက်၊ အားသာချက် တွေကို ဖော်ထုတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပါလီမန်ခေတ်ကနေပြီး ယနေ့ထိတိုင်အောင် အစိုးရအဆက်ဆက် အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသည့် အကြောင်းအရင်းများကို ရိုးရှင်းပွင့်လင်းစွာ ဝေဖန်ထောက်ပြခြင်း၊ သီအိုရီနှင့် လက်တွေ့ဖြစ်ရပ်များ နှိုင်းယှဉ်သုံးသပ်ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးထံမှ အတုယူရမည့်အချက်များ လေ့လာဖော်ထုတ်ခြင်း၊ လက်ရှိအစိုးရအဖွဲ့သစ်၏ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို မူတည်ပြီး Administrative Reform for Good Governance အတွက် မဟာဗျူဟာများနဲ့ မဟာဗျူဟာများကို အကောင်အထည်ဖော်မည့် နည်းဗျူဟာများကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းသားကြီး များက ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်အကြံပြုခဲ့ကြောင်း သိရှိရပါတယ်။
ကျင်းပပြုလုပ်သွားခဲ့တဲ့ နိုင်ငံရေးနှီးနှောဖလှယ်ပွဲ ဆွေးနွေးတင်ပြချက်တွေဟာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် တပ်မတော်က အပြည့်အ၀ထောက်ခံမှု ရှိနေ ကြောင်း ပေါ်လွင်နေပြီး မျိုးဆက်သစ် တပ်မတော်အရာရှိကြီးများ၏ ပြုပြင်ပြောင်းလဲရေးအတွေးအခေါ်၊ အယူအဆ(Reform Concept) များဟာ နိုင်ငံတော်အစိုးရရဲ့ ချမှတ်ဆောင်ရွက်မည့် မူဝါဒများကို အထောက်အကူရရှိစေပြီး သင်တန်းသားအရာရှိကြီးများ၏ ပါတီစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းစွာနဲ့ ဆွေးနွေးချက်များသည်လည်း တပ်မတော်က နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်သူများအတွက် `တပ်မတော်သည် ဘယ်တော့မှအာဏာသိမ်းမှာမဟုတ်ကြောင်း` နိုင်ငံတော်သမ္မတကြီးရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းပေါ်ကနေ `ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်တော့မှာ မဟုတ်ကြောင်း` သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
[မြဝတီသတင်းစာပါ ဆောင်းပါးရှင် မင်းခန့်၏ `နောက်ကြောင်းပြန်မလှည့်လိုသူများ၏ နိုင်ငံရေးနှီးနှော ဖလှယ်ပွဲ` ဆောင်းပါး အား ကောက်နှုတ်သုံးသပ်တင်ပြခြင်းဖြစ်ပါသည်။
From -ဦးဘခက် Facebook
No comments:
Post a Comment