အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“အလုပ်ရှင်ကအလုပ်သမားတစ်ဦးကို လျော်ကြေးငွေ ဒေါ်လာလေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက်စုကြေး အတွက် စုစုပေါင်းဒေါ်လာ ၄၀၀ ပေးတယ်၊၊
အဲဒီထဲကသူတို့ကို လျော်ကြေးငွေအဖြစ် ဒေါ်လာသုံးရာ ပေးခဲ့ရတယ်။ ကျွန်မတို့လက်ထဲမှာရှိတဲ့ ဒေါ်လာ တစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ရတာပါ။ တချို့ကလည်း အိမ်ပြန်ဖို့ လုံးဝအဆင်မပြေတဲ့အတွက် နေခဲ့ရတယ်။
တချို့ကတော့ လုပ်သက်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေကြရတာရှိတယ်။ အားလုံး ကတော့ ပြန်လာချင်ပြီ” ဟု အလုပ်သမား တစ်ဦးဖြစ်သူ မသက်နွယ်စိုးကျော်က ပြောပါသည်။
မြန်မာအလုပ်သမား ၁၃၀၀ ကျော်နီးပါး အလုပ်လုပ်ကိုင်နေသည့် ဂျော်ဒန်နိုင်ငံရှိ စီအမ်ဂျေ အထည်ချုပ် စက်ရုံတွင် အေဂျင်စီမှပြောသော လစာငွေနှင့်မကိုက်ညီမှု၊ အစားအသောက် ဖိနှိပ်မှု၊ လူမျိုးရေး ဖိနှိပ်ခံရမှုတို့နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ မတ်လ ၂၅ ရက်နေ့အထိ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဂျော်ဒန်အထည်ချုပ်စက်ရုံ အလုပ်ရှင်မှာ တရုတ်လူမျိုးဖြစ်ပြီး မတ်လ ၂ ရက်နေ့တွင် အလုပ်ရှင်၏ လူယုံများဖြစ်သော ဂျော်ဒန်လူမျိုး အလုပ်သမားများကို ငွေပေးကာ မြန်မာအလုပ်သမားများအား ဆွဲလား ရမ်းလား လုပ်မှုကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီမှာ အေဂျင်စီက ကျွန်မတို့ကိုလွှတ်တော့ တစ်လကို လစာ ဒေါ်လာ ၅၀၀ ရမယ်လို့ ပြောတယ်။ တကယ်တမ်း ငွေရှင်းတော့ တစ်လကို ၁၅၈ ဒေါ်လာပဲရတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်လကို တစ်သိန်းနှစ်သောင်းပဲ ရတယ်။ ခြောက်လအထိ လစာတိုးပေးမလားဆိုပြီး စောင့်ပါသေးတယ်။ ဒါပေမဲ့ သူတို့က လုံးဝ မတိုးပေးဘူး၊၊
လစာမကောင်းလို့ အစားအသောက်များ ကောင်းမလားဆိုတော့ အစားအသောက်လည်း မကောင်းဘူး။ အဲဒီအတွက် အလုပ်သမားတွေက ကိုယ့်ရဲ့ လစာကြေးထဲကနေပဲ ချက်ပြုတ်ပြီး စားခဲ့ရတယ်။ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အလုပ်သမား အရာရှိနှစ်ဦး စေလွှတ်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ ရောက်မလာ ခဲ့ပါဘူး” ဟု ၎င်းက ပြောပြခဲ့သည်။
မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာတိုးပေးရေးအပါအ၀င် လူမျိုးဖိနှိပ်မှုမရှိရေး၊ အစားအသောက် အဆင်ပြေအောင်ကျွေးရေး စသည့်အချက်သုံးချက်အား ဆန္ဒပြတောင်းဆို ခဲ့သော်လည်း အလုပ်ရှင် အနေဖြင့် လိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် သံရုံးဖွင့်လှစ်ထားခြင်း မရှိသည့် ဂျော်ဒန်နိုင်ငံတွင် ပြဿနာဖြစ်ပွားခဲ့မှုကို ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံး အစ္စရေးသံရုံး မှတစ်ဆင့် ဖြေရှင်းလျက်ရှိပြီး ယင်းနေရာသို့ အတွေ့အကြုံရှိသည့် မြန်မာအလုပ်သမား အရာရှိနှစ်ဦး ကို စေလွှတ်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
ဂျော်ဒန်မှ ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် တွင် တွေ့ရစဉ်
http://www.first-11.com/local/18796
Eleven Media Group
No comments:
Post a Comment