ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုသည် အစာအဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါတို့ကြောင့် သေဆုံးခြင်း မဟုတ်၍ ဒေသခံများအတွက် အန္တရာယ် မရှိကြောင်း ရန်ကုန်မြို့တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ ကြွက်ဂေဟ ပညာရှင် ဒေါက်တာညိုမီထွေးက ပြောကြားသည်။
“သေဆုံးတဲ့ ကြွက်တွေမှာ အသည်း ရှိနေတဲ့အတွက် ဓာတုပစ္စည်းတွေကြောင့် အစာအဆိပ်သင့်တာ မဟုတ်ဘူး၊ သူတို့ အစာအိမ်ထဲမှာ မီးသွေးမှုန့်၊ အုန်းဆံမှုန့်၊ ကြွက်အမြီး ပြတ်ငယ်တွေ၊ အမွေးစုတွေ ရှိနေတာ ဖြစ်တဲ့အတွက် အစာပြတ်တဲ့ အချိန်မှာ အချင်းချင်း ကိုက်ဖြတ် စားသောက်လို့ သေဆုံးတယ်လို့ ယူဆလို့ ရတယ်။ ပလိပ်ရောဂါကြောင့် ဆိုရင် အသက်နုတဲ့ ကြွက်ဝမ်းပူ (အိမ်ကြွက်) တွေက အရင်သေဆုံးရမယ်” ဟု ဒေါက်တာညိုမီထွေးက ရှင်းပြသည်။
ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုနှင့် ပတ်သက်၍ အောက်မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ရေးဌာနက ဒေါက်တာဖြိုးဖြိုးကျော်နှင့် တိုင်းကျန်းမာရေး ဦးစီးဌာနတို့မှ အရာထမ်းများ သွားရောက် စစ်ဆေးခဲ့သည့် အပြင် ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲ ဌာနသို့ ကြွက်သေ နမူနာများကို ပေးပို့ စစ်ဆေးခဲ့ရာ ရောဂါကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ရာသီဥတု ပူပြင်းမှုနှင့် အစာပြတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနမှူးရုံး အထူးရောဂါ နှိမ်နင်းရေးဌာန တာဝန်ခံအရာရှိက ပြောကြားသည်။
“ပုသိမ်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ဓနုဖြူမြို့နယ်တွေမှာ ကြွက်တွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ အတွက် အမျိုးသားဓာတ်ခွဲ ဌာနကို ပေးပို့စစ်ဆေးခဲ့တာ ပုလိပ်ရောဂါ မတွေ့ဘူးလို့ အဖြေ ပြန်ပို့ပါတယ်။ ဒါပေမဲ့ ပိုးမွေးပြီး သုတေသန ပြုလုပ်ဦးမယ်” ဟု ၎င်းက ပြောဆိုသည်။
ကြွက်ဖားလောင်းနှင့် ကြွက်ဝမ်းပူများသည် အုပ်စုလိုက် နေတတ်ပြီး မြေကြွက်များမှာမူ တစ်ကောင်ချင်း နေလေ့ရှိကာ အစာကို သိုလှောင် စားသုံးတတ်ကြောင်း၊ ကြွက်ဝမ်းပူများမှာ မည်သည့်အစာကို စားသည်ဖြစ်စေ အသက်ရှင် ရပ်တည်နေနိုင်ကြောင်း၊ ကြွက်ဖားလောင်းများမှာ စပါး၊ ဆန်၊ မြက်သီးတို့ကိုသာ စားသုံးလေ့ ရှိပြီး အစာကို သိုလှောင်ထားလေ့ မရှိကြောင်း၊ ၎င်းတို့မှာ အစာရေစာ ပြတ်လပ်မှု ရှိလာပါက အခြားအစာကို စားသုံးတတ်ခြင်း မရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကြွက်ရောဂါ ကာကွယ်ရေး ဌာနခွဲမှ ကြွက်ဂေဟဗေဒ ပညာရှင်က ရှင်းပြသည်။
The Voice Weekly
No comments:
Post a Comment